ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့ ၌ ဟောကြားတော်မူသော တရားတော်
အမှန်မျက်လုံးလေး ပေးပါရစေ
(၂၈-၁၁-၆၀)
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဘယ်လိုမှာတော်မူသလဲဆိုရင်ဖြင့် “မိတ္တ၀တာယ သမုဒါစရ ထမာသပတ္တ၀တာယလို့”မှာတော်မူတယ်၊ ပါဠိလိုဖြစ်နေတော့ ဒကာ ဒကာမတွေ နားမလည်ဘူး၊ မြန်မာလို ရှင်းရှင်းပြောတော့ ဒကာကြွယ်ဒကာသစ်တို့ ဦးလှဘူးတို့ နားလည်သွားပါလိမ့်မယ် … (မှန်ပါ့ဘုရား)။
မိတ်ဆွေကောင်းက ပြောတာဆိုပြီးကျင့်ပါ
ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတာကို မင်းတို့ မိတ်ဆွေကောင်းတစ်ယောက်ပြောတဲ့ စကားယ်လို့ မှတ်ထားပြီးသကာလ နေမယ်ဆိုလို့ရှိရင်ဖြင့် ဒုက္ခခပ်သိမ်းငြိမ်းပါလိမ့်မယ်တဲ့ … (မှန်ပါ့)၊ သမုဒါစရထ မာ သပတ္တ၀တာယ ငါ့ကို ရန်သူကြီးထင်ပြီး အရွဲ့ တိုက်ပြီးသကာလ ကိုယ်တော်က ဒီလိုဟောတာ တပည့်တော်က ဒီလိုနေမယ်ဆိုရင် ရန်သူအဖြစ်နဲ့ဖြင့် ငါဘုရားကို မပေါင်းကြပါနဲ့တဲ့ … (မှန်ပါ့)၊ မိတ်ဆွေအဖြစ်နဲ့ ငါဘုရားကို ပေါင်းပြီးသကာလ လိုက်နာကြပါတဲ့ … (မှန်ပါ့)၊ ရန်သူအဖြစ်နဲ့ အရွဲ့တိုက်ပြီးသကာလ မနေရစ်ကြပါနဲ့ဆိုတာ ပဏ္ဏာသပါဠိတော်များမှ မှာတော်မူတယ် … (မှန်ပါ့ဘုရား)။
ကောင်းပြီ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အမြင်အင်မတန်ကျယ်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်တော့ ဒီလိုရှုပါကွာ၊ ဒီလိုမှတ်ပါကွာ၊ ဒီလိုရှု၊ ဒီလိုမှတ် လို့ရှိရင်ဖြင့် မင်းတို့ ဒုက္ခခပ်သိမ်းကင်းငြိမ်း ပါလိမ့်မယ်ဆိုတာ သြော် … တို့မိတ်ဆွေကောင်းကြီးက ဒီလိုပြောလို့ ဒီလိုလုပ်ရမယ်ဆိုလို့ရှိရင်လည်း ဘုရားက မိတ်ဆွေကောင်းအဖြစ်နဲ့ ပေါင်းသင်းလို့ ကျေနပ်ပါတယ် … (မှန်ပါ့)၊ သမုဒါစရထ မာ သပတ္တ၀တာယ ကိုယ်တော်က ဒီလိုဟောထားလို့ တပည့်တော်တို့က ဒီလိုအရွဲ့ တိုက်ပြီး ဒီလို မရှုမမှတ်ဘဲနဲ့ နေလိုက်မယ်ဆိုတော့ ဘုရားကို ရန်သူအဖြစ်နဲ့ ပေါင်းတဲ့ ပုဂ္ဂိုလ်တွေလို့ စွဲချက်တင်ရလိမ့်မယ် … (မှန်ပါ့ဘုရား)။
ကိုယ့်ဒုက္ခကိုယ်သိမ်းနိုင်လိမ့်မယ်
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားကို မိတ်ဆွေအဖြစ်နဲ့ ပေါင်းသင်းပြီး ရန်သူအဖြစ်နဲ့မထားဘဲ နေကြလို့ရှိရင်ဖြင့် ကိုယ့်ဒုက္ခ ကိုယ်သိမ်းနိုင်လိမ့်မယ်ဆိုတာ သေသေချာချာ မှတ်ပါ … (မှန်ပါ့ဘုရား)။
ဒါဖြင့် ဒကာသစ်မိတ်ဆွေအဖြစ်နဲ့သာ ပေါင်းတော့တဲ့နော် … (မှန်ပါ့)၊ ရန်သူအဖြစ်နဲ့ဖြင့် ပေါင်းသင်း ဆက်ဆံပြီး မကျင့်ကြပါနဲ့ဆိုတာ သေသေချာချာ မှာတော်မူတယ် … (မှန်ပါ့)၊ ဒီထက်လည်း လျှော့ဈေးမရှိတော့ဘူး … (မှန်ပါ့)၊ ရှိသေးရဲ့ လား … (မရှိပါဘုရား)။
မိတ်ဆွေအဖြစ်နဲ့ ပေါင်းရင်တော်ပါပြီ၊ ရန်သူအဖြစ်နဲ့ဖြင့် ကိုယ်တော်က ဒီလိုဟောလို့ တပည့်တော်တို့က အရွဲ့ တိုက်မယ်ဆိုတာဖြင့် မနေလို့ရှိရင်လည်း တော်ပါပြီဆိုတော့ ဒကာသစ်ရေ လျှော့ဈေးမကုန်သေးဘူးလား … (ကုန်ပါပြီဘုရား)။
မိတ်ဆွေအဖြစ်နဲ့ နားထောင်ရင်တော်ပါပြီး
အင်မတန် အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်ကြီးက ဒကာ ဒကာမတွေကို မိတ်ဆွေအဖြစ်နဲ့ ငါပြောတာ နားထောင်ပြီး မိတ်ဆွေကြီးတစ်ဦးကပြောဆိုတဲ့ တရားရယ်လို့ လိုက်နာကြရင်ပဲ ဒကာကြွယ်တော်ပါပြီတဲ့ … (မှန်ပါ့ဘုရား)။
ကိုယ်တော်က ဒီလိုဟောပြီး တပည့်တော်တို့ ဒီလိုနေလိုက်မယ်ဆိုတဲ့ ဟောတာကတဖုံ၊ နေတာက တခြား ဤကဲ့သို့ အမြင်မှားမှာကိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက စိုးရိမ်တော်မူရှာတယ်၊ ရန်သူအဖြစ်နဲ့ မင်းတို့ငါတို့ မပေါင်းပါနဲ့ဆိုတာ သေသေချာချာ မှာတော်မူတယ် … (မှန်ပါ့ဘုရား)။
ဒါဖြင့် ဒကာကြွယ်တို့ ဘယ်လိုအဖြစ်နဲ့ ပေါင်းသင်းရမှာပါလိမ့် … (မိတ်ဆွေအဖြစ်နဲ့ပေါင်းရမှာပါဘုရား)၊ ရန်သူအဖြစ်နဲ့ဖြင့် … (မပေါင်းပါနဲ့)။ မပေါင်းကြပါနဲ့ဆိုတာ သေသေချာချာ မှာတော်မူတယ် … (မှန်ပါ့ဘုရား)။
ကိုင်း … ဒါဖြင့် ဒီတရားတစ်ပွဲလုံး ဒကာ ဒကာမတွေက တို့သည်ကားလို့ဆိုရင်ဖြင့် ဘုရားက ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တမို့ အရှင်ဘုရား ရှိခိုးပါ၏ ဆိုယုံနဲ့မပြီးသေးဘူး … (မှန်ပါ့)၊ ဒကာ ဒကာမတွေကို မိတ်ဆွေကောင်းတစ်ယောက်က ပြောတဲ့စကားကို လိုက်နာမယ်ဆိုတဲ့ စိတ်ကိုမွေးကြပါ … (မှန်ပါ့ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ထော်လော်ကန့်လန့်အဖြစ်နဲ့ဖြင့် မနေလိုက်ကြပါနဲ့ဆိုတော့ ဒါလောက်တောင် အကျိုးစီးပွားကို အလိုရှိတဲ့ ပုဂ္ဂိုလ်ကြီးက လျှော့ဈေးသုံးပြီးသကာလ ထားတော့ဘယ့်နှယ် ကြောင့် ကိုယ်တော်မြတ်ကြီး ဒါလောက် လျှော့ဈေးသုံးပါလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား … (လိုပါတယ်ဘုရား)။
အိုဘေး၊ သေဘေး၊ မသိမ်းရစ်မှာ စိုးရိမ်လို့
ကိုယ်တော်မြတ်ကြီးမှာတော့ ထွက်ရပ်လမ်းပေါက်ပြီးသာ အိုဘေး၊ နာဘေး၊ သေဘေးတွေ အကုန်သိမ်းပြီးသား ဖြစ်ပါတယ်။ ဒကာ ဒကာမတို့ မသိမ်းရစ်မှာ စိုးရိမ်တဲ့အတွက် မိတ်ဆွေကောင်းတစ်ဦးက ပြောတယ်ဆိုပြီးသကာလ လိုက်နာ ကျင့်ကြံ ကြိုးကုတ်အားထုတ်ကြမယ်ဆိုရင် ကျေနပ်ပါပြီတဲ့ … (မှန်ပါ့ဘုရား)။
ဘုရားရှိတုန်းကလည်း မလိုက်နာ၊ ဘုရားလည်း ပရိနိဗ္ဗာန် စံသွားတဲ့အခါလည်း မလိုက်နာ လို့ရှိရင်ဖြင့် မိတ်ဆွေကောင်းပြောတာ မလိုက်နာဘူးဆိုရင်ဖြင့် အကျိုးယုတ်မှာ မြင်တာကြောင့် မိတ်ဆွေ တစ်ဦးပြောတဲ့စကားကို လိုက်နာတဲ့ အနေတဲ့ လိုက်နာကြရင်ပဲ ကျုပ်ကျေနပ်ပါပြီတဲ့ … (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ အင်မတန် အကျိုးစီးပွားလိုလားတဲ့ ကိုယ်တော်ကြီးက ဒါလောက်ပြော လို့ရှိရင် ကျုပ်တို့ အရွဲ့ မတိုက်သင့်ဘူးဆိုတာ ဆုံးဖြတ်ချက်ချပါ … (မှန်ပါ့ဘုရား)။
အရွဲ့ မတိုက်သင့်ပါဘူး။
အရွဲ့ တိုက်သင့်ပါမလား … (မသင့်ပါဘုရား)၊ မသင့်တော့ ဒကာ ဒကာမတွေ ခင်ဗျားတို့ ကိုယ့်အိမ်ကိုယ် စားသောက်၊ ကိုယ့်အရောင်းအ၀ယ်နဲ့ ကိုယ့်သားသမီးနဲ့၊ ကိုယ့်အိမ်ထောင် ကိုယ်ထင်သလို ပြုပြီးသကာလ နေကြမယ်ဆိုလို့ ဆိုရင်ဖြင့် ဒကာ ဒကာမတို့ ဘုရားကတော့ ၀ိပဿနာရှုကြလို့ ဟောတယ်၊ ခင်ဗျားတို့က သားသမီးတွေ ရှုနေကြလို့ရှိရင်ဖြင့် ဒကာသစ်ဒါဟာ အရွဲ့ တိုက် - မတိုက် စဉ်းစားစမ်း … (အရွဲ့တိုက်ပါတယ်ဘုရား)၊ အရွဲ့ တိုက်တဲ့ အဓိပ္ပာယ် ဒကာကြွယ်ရောက်တယ် … (ရောက်ပါတယ်ဘုရား)၊ သားရေး၊ သမီးရေး၊ အရေးကြီးပြီးသကာလ ကိုယ့်အရေးမကြီးလို့ ရှိရင်ကော … (အရွဲ့ တိုက်ပါတယ်ဘုရား)။
ဒါဖြင့် ကိုယ့်အကျိုးစီးပွားရှိလို့ အရွဲ့ တိုက်တာလား၊ ကိုယ့်ကိုယ်ကိုယ် အနစ်နာခံပြီးသကာလ အရွဲ့တိုက်တာလား … (ကိုယ့်ကိုယ်ကို အနစ်နာခံပြီး အရွဲ့ တိုက်တာပါဘုရား)။
အရွယ်တွေကကြီးကုန်ကြပြီ
အဲဒါကြောင့် ဒကာသစ်တို့ အရွယ်တွေလည်း ကြီးကုန်ကြပြီ၊ ဆရာသမားတွေလည်း ကြီးကုန်ကြပြီ၊ ကျုပ်တို့ အရွဲ့ တိုက်ဂိုဏ်းကို ဒကာကြွယ်တို့၊ ဦးလှဘူးတို့၊ လုံးလုံးဖြုတ်မှ တော်မည့်အချိန်လည်း ရောက်ကြပါပြီ … (မှန်ပါ့)၊ မရောက်ကြသေးဘူးလား … (ရောက်ကြပါပြီဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အရွဲ့ မတိုက်ဘူးဆိုရင် မျက်လုံးမှန်ကလေး ပေးချင်တယ် … (မှန်ပါ့)၊ မှန်တဲ့မျက်လုံးကလေး ပေးချင်တယ် … (မှန်ပါ့ဘုရား)။
ဘာမျက်လုံးပေးချင်တာတုံး … (မှန်တဲ့မျက်လုံးပေးချင်ပါတယ်)၊ အမှန်မြင်တဲ့ မျက်လုံးကိုပေးချင်တယ် … (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် ကိုယ်တော်မြတ်ကြီးသည် အမှန်မြင်တဲ့ မျက်လုံးကို ပေးချင်ပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ၀မ်းထဲမှာက မျက်စိနှစ်ကွင်းကလည်း အလင်းမရ အပြင်ဘက် ကျပြန်တော့ ဘုရားနဲ့ မတွေ့ ဘုရား၏ တပည့်သားတွေနဲ့ မတွေ့ပြီဆိုမှဖြင့် အလင်းမရ … (မှန်ပါ့ဘုရား)။
အဲဒါကြောင့် ၀မ်းထဲကလည်း အလင်းမရခဲ့၊ အပြင်ဘက်ကျပြန်တော့လည်း အမေ့ကိစ္စ၊ အဖေ့ကိစ္စနဲ့ ကိုယ်ပျော်ချင်သလို ပျော်နေတဲ့ကိစ္စတွေကြောင့် မျက်စိနှစ်ကွင်းက အလင်းမရဘူး … (မှန်ပါ့ဘုရား)။
အမှန်မျက်လုံးလေး ၊ ငါပေးပါရစေတဲ့
မျက်စိနှစ်ကွင်း၊ အလင်းမရတော့ အမှန်မျက်လုံးကလေး ငါပေးပါရစေကွာဆိုတဲ့ ဥစ္စာကိုချော့ချော့မော့မော့နဲ့ ပေးရှာတယ် … (မှန်ပါ့ဘုရား)၊ ချော့ချော့မော့မော့နဲ့ ပေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ့်အကျိုးလိုလားတဲ့ မိတ်ဆွေကြီးကပေးတဲ့ မျက်လုံးကိုဖြင့် ငါတို့သည်ကားလို့ ဆိုလိုရှိရင် ၀မ်းထဲမှာလည်း အလင်းမရ၊ အပြင်ဘက်မှာလည်း အလင်းမရ၊ ဤကဲ့သို့ မရမှုကြီးကို အလင်းမျက်လုံးတပ်ပေးပါမယ်ဆိုတာကိုဖြင့် ၀မ်းမြောက်ဝမ်းသာနဲ့ တရားတစ်ပွဲလုံးက လက်ခံရမယ် … (မှန်ပါ့)၊ မခံထိုက်ကြဘူးလား … (ခံထိုက်ပေါ့တယ်ဘုရား)။
ဒါ့ကြောင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး လက်ထက်က ကစ္စာန အနွယ်ဖြစ်တဲ့ ရဟန်းတစ်ပါးက မေးလျှောက်တယ်။
“သမ္မာဒိဋ္ဌိသမ္မာဒိဋ္ဌိတိ ဘန္တေ၀ုစ္စတိ
ကိတ္တာဝတာနုခေါဘန္တေ သမ္မာဒိဋ္ဌိဟောတိ။
အမှန်မျက်လုံးဆိုတာ၊ ဘာကိုဆိုပါလိမ့်
အမှန်မျက်လုံးဆိုတာ ဘာဆိုပါလိမ့်မလဲဘုရားလို့မေးတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အမှန်မျက်လုံးဆိုတာ ပဋိစ္စသမုပ္ပာဒ်ဖြစ်တာကို မြင်တာလည်း အမှန်မျက်လုံး၊ ပဋိစ္စသမုပ္ပာဒ်ပျက်တာကို မြင်တာလည်း … (အမှန်မျက်လုံးပါဘုရား)။
သြော် … ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာဝန်ကြီး ထမ်းပြီးဖြစ်နေတော့ ခန္ဓာဖြစ်မှုကိုမြင်လို့ရှိရင် အမှန်မျက်လုံး၊ ခန္ဓာပျက်မှုကိုမြင်လို့ရှိရင်လဲ … (အမှန်မျက်လုံးပါဘုရား)၊ အဲဒီမျက်လုံးကလေးဖြင့် ယူကြပါ၊ ယောက်ျားမိန်းမမရှိဘူး၊ ပဋိစ္စသမုပ္ပာဒ်ဖြစ်နေတာ ချုပ်နေတာဆိုတာ ကလေးကိုဖြင့် ဒီမျက်လုံးကလေးဟာ ၀မ်းထဲကလည်း မမြင်ခဲ့ကြဘူး၊ အပြင်ဘက်ကျပြန်တော့လည်း မမြင်တဲ့ဥစ္စာကို ကိုယ်ခန္ဓာ၏ပင်ကိုသဘော အရှိကို မမြင်တာကိုဖြင့် မြင်အောင် အမှန်မျက်လုံးကလေး တစ်ခု မိတ်ဆွေကောင်းကပေးတာကိုဖြင့် ကိုယ်လည်း အလင်းရှိတာ၊ ကိုယ်ပဲအမှန်မြင်ရတာကိုဖြင့် လက်ခံသင့်ပါတယ်ဆိုပြီး ဒကာ ဒကာမတွေ လက်ခံကြပါ … (မှန်ပါ့)၊ သဘောပါကြပလား … (ပါပါပြီဘုရား)။
ခဏခဏဖြစ်ပျက်နေတာသိရမယ်
လက်ခံကြပါဆိုတော့ တခြားမဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ ကိုယ်ခန္ဓာကိုယ်ကြီးက ခဏခဏဖြစ်နေတာ သိရမယ် … (မှန်ပါ့)၊ ကိုယ်ခန္ဓာကြီး ခဏခဏ အနိစ္စရောက်နေတာကိုကော … (သိရမှာပါဘုရား)။
အဲဒါသိလို့ရှိရင် ဘာမျက်လုံးပါလိမ့် … (ပညာမျက်လုံးပါ)၊ အဲဒီမျက်လုံးကလေးဟာဖြင့် ဒကာ ဒကာမတို့ ၀မ်းတွင်းက ကန်းတာတွေပျောက်၊ ပြင်ဘက်ကျမှ မမြင်တာတွေလည်း ပျောက်ဆိုတော့ ဒီမျက်လုံးကို ဒကာကြွယ်တို့၊ ဒကာသစ်တို့ ဦးလှဘူးတို့က လက်ခံသင့်တယ် … (မှန်ပါ့ဘုရား)။
ဒါကနင့်အဖေ၊ ဒါကနင့်အမေ
ဘယ့်နှယ်ကြောင့် လက်ခံသင့်ပါလိမ့်မတုံးဆိုတော့ ကိုယ်ကိုယ်တိုင်ကဖြင့် မိဘရိုးရာမျက်လုံးနဲ့ပဲ ဟောဒါနင့်အဖေ၊ ဟောဒါနင့်အမေ၊ ဟောဒါကနင့်အကိုလို့ မှတ်ထား၊ ဟောဒါက နင့်ညီ၊ ဟောဒါက နင့်နှမ အစရှိသည် တော်တယ်လို့ဆိုပြီး မိဘပေးထားတဲ့မျက်လုံးက သမုတိမျက်လုံးပေးထားတယ် … (မှန်ပါ့ဘုရား)။
သမုတိ မျက်လုံးပေးထားတော့ တကယ်အမိပဲ၊ တကယ်အဖပဲလို့ ထင်နေလို့ရှိရင်ဖြင့် ဒကာသစ်တို့ပဲ စဉ်းစားပါ ရုပ်နာမ်ပျောက်ပါတယ် … (မှန်ပါ့)၊ ရုပ်နာမ် ပျောက်ကတည်းက ရုပ်ဖြစ်ပျက်၊ နာမ်၏ဖြစ်ပျက်လည်းပျောက်တော့တယ်၊ မပျောက်ပါနဲ့ဆိုလို့ … (မရပါဘုရား)။
သြော် … ဒါဖြင့် ၀မ်းထဲကလည်း သူများပါးစပ်မှာ လမ်းဆုံတဲ့ အမေ အဖေ … (မှန်ပါ့)၊ အပြင်ဘက်က ရောက်လာပြန်တော့လည်း ဒါနင့်အဖေ နင့်အမေလို့ အရင်က၀ိုင်းပြော၊ ဘေးကဆွေမျိုး ဥာတကာတွေက ပြောတာနဲ့ သူများမျက်လုံးနဲ့ သာကိုယ့်မှာဖြင့် အချိန်ကုန်ပြီးသကာလ ကိုယ်တိုင်သိ မျက်လုံးကဖြင့် မရနိုင်ဘူး … (မှန်ပါ့)၊ သူများပြောမျက်လုံးနဲ့ပဲ အချိန်ကုန်မနေဘူးလား … (ကုန်နေပါတယ်ဘုရား)။
အမှိန်အရှိကိုတကယ်မသိ
အဲဒီလိုကုန်နေတော့ အမှန်အရှိကို တကယ်သိဖို့မျက်လုံးက မရဘဲဖြစ်နေတယ် … (မှန်ပါ့)၊ တကယ်သိမျက်လုံးက မရဘဲဖြစ်နေတော့ ကျုပ်တို့မှာ ၀မ်းထဲမှာကန်း၊ အပြင်ဘက်မှာလည်းကန်း လုပ်ကိုင် စားသော်ပြန်လည်း အကန်းတွေ လုပ်နေကြတာပဲ၊ သေပွဲဝင်သွားပြန်တော့ အကန်မသာ ဖြစ်ရတယ် … (မှန်ပါ့)၊ မနစ်နာဘူးလား … (နစ်နာပါတယ်)။
အဲဒီနစ်နာမှာ စိုးရိမ်တဲ့အတွက် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ငါဘုရားပေးတဲ့ မျက်လုံးကိုဖြင့် မိတ်ဆွေကြီး တစ်ယောက်ကပေးတဲ့ မျက်လုံးဖြစ်ပါတယ်ကွ၊ ကိုယ့်အမြင်မှန်ကလေးရဖို့ဖြင့် မင်းတို့လက်ခံပြီး ယူကြပါဆိုတဲ့ အကြောင်းဘုရားကဟောတာပါပဲ … (မှန်ပါ့)၊ ဒကာကြွယ် ယူထိုက် မယူထိုက် … (ယူထိုက်ပါတယ်ဘုရား)။
ပုဂ္ဂိုလ်သတ္တ၀ါအဖြစ်နဲ့ယူရင်
ကိုင်း … ဒါမယူကြဘူးဆိုလို့ရှိရင်လည်း ပုဂ္ဂိုလ်သတ္တ၀ါအဖြစ်နဲ့ ခင်ဗျားတို့ သြော် … ငါ၏အမေ ပုဂ္ဂိုလ်သေသွားရှာပြီ အဖေ ပုဂ္ဂိုလ်လည်း ငါ့ကို စွန့်သွားပြီ ငါလည်း ကိုယ်ကျိုးနည်းတာပဲဆိုတော့ သူများပေးတဲ့မျက်လုံးနဲ့ အမေ အဖေရယ်လို့မှတ်ထားတော့ ဒါတွေက သေကျေပျက်စီး၊ ကုန်ကြ၊ အိုကြ၊ နာကြ ဆိုတဲ့အခါကျတော့ ဖြစ်မှဖြစ်ရလေ တို့မှီခိုအားထားရာ တောင်ကြီးပြိုသွားတာပဲ၊ လက်မောင်းကြီး ပြုတ်ပြီးသကာလ သွားတာပဲဆိုတာ တစ်ခါတည်းငိုပွဲတွေ သောကပရိဒေ၀ ဒုက္ခဒေါမနဿတွေ မလားဘူးလား … (လာပါတယ်ဘုရား)။
အဲဒီကဲ့သို့လာတာ လာချင်လို့လာတာလားလို့ မေးတော့ အကန်းမို့လာတာ … (မှန်ပါ့)၊ ဘယ်လိုဆိုကြပါ့မယ် … (အကန်းမို့လာတာပါ)၊ အကန်းလို့ဆိုတာကို ကျေကျေနပ်နပ် သဘောကျပါ … (မှန်ပါ့ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ ငိုပွဲဆင်ကြ၊ သားသေလို့ ငိုပွဲဆင်ကြ၊ သမီးသေလို့ ငိုပွဲဆင်ကြ၊ သမီးဒုက္ခရောက်လို့ အခြေအနေမလှလို့ ငိုပွဲ၊ စိုးရိမ်ပွဲတွေ ဆင်ကြတာသည် အမှန် မျက်လုံးမရလို့ဖြစ်ရတဲ့ အကြီးစားဖြစ်တွေပဲ … (မှန်ပါ့ဘုရား)။ မဆိုထိုက်ဘူးလား … (ဆိုထိုက်ပါတယ်)။
အဲဒါကြောင့် ဒကာ ဒကာမတို့ အမှန်မျက်လုံးကလေး မရသ၍ ကာလပတ်လုံး အငိုလက်စသတ်မယ် စိုးရိမ်လက်စသတ်မယ်ဆိုတာ မရှိကြောင်းကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းတို့သည် ငိုပွဲ လက်စသတ်ရအောင်၊ စိုးရိမ်ပွဲလည်း လက်စသိမ်းရအောင် အမှန်မျက်လုံးပေးတာကို မင်းတို့က ကြည်ကြည် ဖြူဖြူနဲ့ လက်ခံပါဆိုတာ မိတ်ဆွေကောင်ကပေးလို့ ကျကျနန ယနေ့ လက်ခံပါဆိုတဲ့ အကြောင်းကို ဘုရားက ဟောတယ် … (မှန်ပါ့)၊ ရှင်းကြပလား … (ရှင်းပါပြီဘုရား)။
ငိုဖို့ရာပေးထားတဲ့မျက်လုံး
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အမေပေးတဲ့မျက်လုံးကလည်း ငိုဖို့ရာ ပေးထားတဲ့မျက်လုံး … (မှန်ပါ့)၊ အမေပေးတဲ့ မျက်လုံးက ဘယ့်နှယ့်ကြောင့်ငိုဖို့ရာ ပေးထားတဲ့ မျက်လုံးဆိုတာ ဒကာကြွယ် ဟောဒါနင့်အဖေလို့မှတ်ထား၊ ဟောဒါနင့်နှမလို့မှတ်ထား၊ ဟောဒါနင့်အဖေလို့မှတ်ထား၊ ဟောဒါနင့်နှမလို့ မှတ်ထား၊ ဟောဒါနင့်တူသားနောင်မယ်လို့ မှတ်ထားဆိုတော့ အမေပေးတဲ့မျက်လုံးနဲ့ မှတ်ထားလိုက်တာကိုးဗျ … (မှန်ပါ့)။
မှတ်ထားတော့ ဒါတွေကလည်း တော်တော်ကြာ နာလိုက်၊ အိုလိုက်၊ သေလိုက်၊ မွဲလိုက်၊ ကွဲလိုက်၊ မလာဘူးလား … (လာပါတယ်ဘုရား)၊ ဒီအခါကျတော့ ခုနင်ကမှတ်ထားတဲ့ ပုဂ္ဂိုလ်က သြော် … တို့ဖြင့်တွေကဖြင့် မကောင်းပါဘူး၊ တို့ဖြစ်တွေကဖြင့် စိတ်ချမ်းသာစရာ တစ်ကွက်တစ်စက်မှ မပါဘူးဆိုတာတွေ မလာဘူးလား … (လာပါတယ်ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီပုဂ္ဂိုလ် စိတ်မချမ်းသာ လက်မချမ်းသာစရာ ဖြစ်ရပါလိမ့်မလဲလို့မေးတော့ ဒကာသစ်တို့၊ ဒကာကြွယ်တို့ ဖြေကြည့်တာပေါ့ မျက်လုံးကန်းနေလို့ … (မှန်ပါ့)၊ အမေပေးတဲ့မျက်လုံးတွေ လမ်းဆုံးနေတယ် … (မှန်ပါ့ဘုရား)။
မျက်လုံးအမှန်ယူဖြစ်အောင်ယူပါ
ဘုရားပေးတဲ့ မျက်လုံးက မရဘူး အဲဒီတော့ မရတော့ သူ့မှာ ဒီမျက်လုံးမှ မရသ၍ ကာလပတ်လုံး သောကပရိဒ၀ဒုက္ခ ဒေါမဿ ဆိုတဲ့ ငိုပွဲစိုးရိမ်ပွဲ မြေလူးပွဲတွေနဲ့သာ နွဲနေရတော့တယ်ဆိုတာ တစ်သံသရာလုံး ဖြစ်မှာစိုးတဲ့အတွက် ယနေ့သည် မိတ်ဆွေကောင်းတစ်ဦးက မျက်လုံးမှန်ရပြီး၊ မင်းတို့ အငိုတိတ်ပွဲကို ဆင်နွဲပေးပါတယ်၊ မင်းတို့မှာ မျက်လုံးအမှန်ယူဖြစ်အောင် ယူပါလို့ဆိုလိုရင်း … (မှန်ပါ့)၊ ဘာယူရမှာပါလိမ့် … (မျက်လုံး အမှန်ယူရမှာပါဘုရား)။
ဒကာကြွယ်တို့၊ ဦးလှဘူးတို့ တယ်တည်း ကရုဏာကြီးပါကလား … (ကြီးပါတယ်ဘုရား)၊ သူပေးတဲ့ မျက်လုံး မယူလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ငိုပွဲစိုးရိမ်ပွဲနဲ့ပဲ အချိန်ကုန်ရတော့မှာပဲ … (ကုန်မှာပါဘုရား)၊ ဒီဟာနဲ့ အချိန်ကုန်ပြီး ငိုခြင်းကြောင့် အပါယ်သွား၊ စိုးရိမ်ခြင်းကြောင့်လဲ … (အပါယ်သွား ရမှာပါဘုရား)။
အခုလည်း မချမ်းသာ နောင်လည်းဆင်းရဲ … (မှန်ပါ့)၊ ယခုမချမ်းသာတာက ငိုပွဲစိုးရိမ်ပွဲ နောင်လည်း ဆင်းရဲတာက အပါယ်ရောက်တဲ့အတွက် ဆင်းရဲပွဲကြီးကော မနွဲရဘူးလား … (နွှဲရပါတယ်)၊ ဒါဟာ ဘာမျက်လုံးမရတာပါလိမ့် … (အမြင်မှန်မျက်လုံးမရတောပါဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီအမြင်မှန် မျက်လုံးကလေးကို မိတ်ဆွေတစ်ယောက်ကပေးတာ ခင်ဗျားတို့ ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပါဆိုတဲ့ဥစ္စာသြော် … တို့အငိုပွဲလည်း သိမ်း၊ အပါယ်ငရဲလည်းသိမ်း၊ အပါယ်ငရဲလည်း ငြိမ်းတဲ့ မျက်လုံးကို သူပေးပါမယ်ဆိုတာ၊ တို့ကြည်ကြည်ဖြူဖြူ လက်မခံဘူးဆိုလို့ရှိရင်ဖြင့် ငိုချင်သေးလို့ ဆင်းရဲချင်သေးလို့ပဲ … (မှန်ပါ့)၊ ဒီတော့ တို့မိုက်လွန်းလို့ဆိုတဲ့ အဓိပ္ပာယ်မရောက်ဘူးလား … (ရောက်ပါတယ်ဘုရား)။
ဘုရားပေးတဲ့အမှန်မျက်လုံးလက်ခံပါ
ဒါဖြင့်အားလုံး ဒကာ ဒကာမတို့ အမှန်မျက်လုံးကို ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပေးတာကိုဖြင့် ကြည်ကြည်ဖြူဖြူနဲ့ တစ်ပွဲလုံးက လက်ခံပါဆိုတဲ့အကြောင်းကိုပြောရတယ် … (မှန်ပါ့ဘုရား)။
ဘယ်လို လက်ခံရမတုံး … (ကြည်ကြည်ဖြူဖြူနဲ့ လက်ခံရပါမယ်ဘုရား)။ ကြည်ကြည်ဖြူဖြူနဲ့ လက်ခံရမယ်နော် … (မှန်ပါ့)၊ ခင်ဗျားတို့ ဘေးကပြောတဲ့မျက်လုံး အရပ်ကပြောတဲ့ မျက်လုံး၊ အမေအဖေကပြောတဲ့ မျက်လုံး ဒါတွေသည်ကားလို့ ဆိုရင်ဖြင့် တစ်နေ့နေ့ ငိုရစိုးရိမ်ရတော့မယ်ဆိုတာ သေသေချာချာမှတ်ပါ … (မှန်ပါ့ဘုရား)။
အမေအဖေပြောတာ ကြည့်ပါလား နင့်မှာ အပျိုအရွယ်ကလေးဖြစ်လာပြီ အိမ်ထောင်ပြုမှာပေါ့၊ ဒါမှနင့်မှာ အစောင့်ရှောက်ကလေးလုံလောက်၊ အဲဒါ ခင်ပွန်းအဖြစ်နဲ့ ပေါင်းနေလို့ရှိရင် နေရာကျသွားမှာပေါ့ စသည်နဲ့ သူက နေရာကျယ်သာပြောနေတာ ခင်ပွန်းပူကပ်မှာတော့ တစ်ခုမှမပါလာဘူး … (မှန်ပါ့)၊ ခင်ပွန်းဝေဒနာရောက်လို့ ပြုစုတာကော … (မပါပါဘုရား)၊ ခင်ပွန်းကြောင့် သွားလေရာရာစိတ်မချရတဲ့ စိုးရိမ်ပွဲကြီးတွေကောပါရဲ့ လား … (မပါပါဘုရား)။
အရပ်ကပေးတဲ့မျက်လုံး
သြော် … ဒါဖြင့် ဘုရားပေးတဲ့ မျက်လုံးမယူမိ၊ အရပ်ပေးတဲ့ မျက်လုံးနဲ့ပဲ ကိုယ့်မှာလမ်းဆုံးနေရတော့ နောက်ဆုံးပိတ်ကျတော့ သူပြောတဲ့အတိုင်း အိမ်ယာတည်ထောင် တော်တော် ကြာတော့ ခင်ပွန်းသည်အတွက် စိုးရိမ်သောက ဗျာပါဒရောက်လို့ ပြီးသေးရဲ့ လား … (မပြီးသေးပါဘုရား)၊ ဘယ်သူပေးတဲ့ မျက်လုံးယူမိပါလိမ့်ဗျာ … (အမေပေးတဲ့မျက်လုံး ယူမိပါတယ်ဘုရား)၊ အမေပေးတဲ့ မျက်လုံးနဲ့ အရပ်ကပေးတဲ့ မျက်လုံးဒကာကြွယ် … (မှန်ပါ့ဘုရား)။
ကိုယ်ကိုယ်တိုင်ပဲ ဒီမျက်လုံးတွေတပ်ထားခဲ့လို့ အခုထက်တိုင် ဒီမျက်လုံး စခန်းမသိမ်သေးသည့်အတွက် သားပူ သမီးပူ ခင်ပွန်းပူ မြေးပူဆိုတာတွေက ကပ်နေတယ် … (ကပ်နေပါတယ်ဘုရား)။
သြော် … ဘုရားပေးတဲ့မျက်လုံး မယူမိလို့ အရပ်ထဲကပေးတဲ့မျက်လုံး အမေအဖေပေးတဲ့ မျက်လုံး ကိုယ့်ဝမ်းထဲ ကန်းလာတဲ့ အကန်းကရပ်ပြီး ယူမိတဲ့မျက်လုံးကြောင့် အခုထက်တိုင်တိုင် ဒကာ ဒကာမတွေမှာ စားမ၀င် အိပ်မပျော်ဆိုတဲ့ ပွဲတွေဟာ ညတိုင်းလိုလိုပဲ ဖြစ်နေကြရတယ်၊ တရားနှလုံးမသွင်းရင် ဒီပွဲနွှဲနေရတယ်…(မှန်ပါ့)၊ ဘယ်လောက်များ ဆိုးတယ်ဆိုတာ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။
မျက်လုံးမှန်ကလေးပေးပါရစေ
အဲဒါကြောင့် ဒကာ ဒကာမတို့ မျက်လုံးမှန်ကလေး ပေးပါရစေ၊ မိတ်ဆွေကောင်းတစ်ယောက် ပေးတဲ့ မျက်လုံးကိုဖြင့်ယူဖြစ်အောင် ယူပါဆိုတာ ဒကာသစ်တို့ အငြင်းမသန်ပါနဲ့တော့ … (မှန်ပါ့)၊ ငြင်းလုံးသန်ရင် ငိုပွဲစိုးရိမ်ပွဲနဲ့ အပါယ်နွှဲချင်လို့သာ ဆုံးဖြတ်ချက်ချပေတော့ … (မှန်ပါ့)။
အဲဒါ ဘုန်းကြီး ကြံဖန်ပြောနေတာလား သူများ မျက်လုံးလမ်းဆုံးတဲ့အတွက် သူများပါးစပ်မှာ ကိုယ့်ခန္ဓာအပ်မိတဲ့အတွက် သူများ မျက်လုံးလမ်းဆုံးမိတဲ့အတွက်နော် … (မှန်ပါ့)၊ ကိုယ့်ခန္ဓာကို သူတစ်ပါး စီမံသလို ခံမိတဲ့အတွက်နော် ဒကာကြွယ်ရေ အခုလူမွေးတောင် မပေါက်ဘူးနော် … (မှန်ပါ့)၊ ပေါက်သေးရဲ့လား … (မပေါက်ပါဘုရား)။
ဟိုအိမ်ကြည့်လိုက်ပြန်လည်း ဘယ်သူနဲ့မတည့်လို့ မျက်ရည်ကျနေတာနဲ့ ထိုင်ပြီးငိုနေတာနဲ့၊ ညမှာ အိပ်မပျော်စားမ၀င်ဖြစ်နေရာတနဲ့ သြော် … ဘုရားပေးတဲ့ မျက်လုံးမရသေးသရွေ့  ကာလပတ်လုံးဖြင့် ငိုပွဲသည်ငါ့ပစ္စည်း၊ စိုးရိမ်ပွဲသည် … (ငါ့ပစ္စည်းပါဘုရား)၊ အပါယ်ငရဲသည် …(ငါ့ပစ္စည်းပါဘုရား)
ဒကာသစ် မကောင်းတော့ဘူး … (မှန်ပါ့မကောင်းပါဘုရား)၊ အင်မတန်ဆိုးသွားပြီ ဒကာ ဒကာမတို့ … (ဆိုးသွားပါပြီဘုရား)၊ အဲဒါကြောင့် ခင်ဗျားတို့ ဆရာကောင်း သမားကောင်းကလည်း ဘုရားဟောတဲ့ အတိုင်း ကယ်ယူဆောင်ပို့ပြီး သကာလ နေပြန်တော့ ဒီမျက်လုံးမရသရွေ့  ကာလပတ်လုံးဖြင့် ငိုပွဲသည်ကား လို့ဆိုရင် ကိုယ်ပိုင်ပစ္စည်း … (မှန်ပါ့)။
စိုးရိမ်သောက ဗျာပါဒဖြစ်ရတဲ့ ပွဲကြီးသည် …. (ကိုယ်ပိုင်ပစ္စည်းပါဘုရား)၊ ငရဲမီး ငရဲအိုးတွေသည် … (ကိုယ်ပိုင်ပစ္စည်းပါဘုရား)၊ ကိုယ်ပိုင်ပစ္စည်းဖြစ်ရတာသည် ဘုရားပေးတဲ့မျက်လုံးကို ကြည်ကြည်သာသာနဲ့ လက်မခံခဲ့မိလို့ … (မှန်ပါ့)။
အခါအခွင့်ရှိတုန်းသာပေးလို့ရတာ
ဒီကြည်ကြည်သာသာနဲ့ လက်ခံမှုဆိုတာလည်း အချိန်အခါအခွင့်ကလေးရှိတုန်းသာ ပေးလို့ရတာနော် … (မှန်ပါ့)၊ နောက်တော့ ဒီသာသနာဆုံးမတဲ့ သာသနာကြီး ကုန်သွားပြီဆိုတော့ ဒကာကြွယ်ပေးမည့်သူကလည်း မရှိတော့ ငိုပွဲမျက်လုံးချည့်ရမှာပဲ … (မှန်ပါ့)၊ စိုးရိမ်မျက်လုံးချည့် … (ရမှာပါဘုရား)၊ အဲ - မိစ္ဆာဒိဋ္ဌိမျက်လုံးချည့်ရမယ် … (မှန်ပါ့ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သမ္မာဒိဋ္ဌိမျက်လုံးကိုဖြင့် ဘုရားက မိတ်ဆွေကောင်း အဖြစ်နဲ့ ပေးမှာဖြစ်နေသောကြောင့် ကြည်ကြည်သာသာနဲ့ တစ်ပွဲလုံးကို အငိုတိတ်တဲ့မျက်လုံး၊ စိုးရိမ်တိတ်တဲ့မျက်လုံး၊ အပါယ်ပိတ်တဲ့မျက်လုံးတို့ဖြင့် ယူကြပါတော့ဗျာ … (မှန်ပါ့)၊ ဦးလှဘူးတို့ကော … (ယူကြမှာပါဘုရား)။
ဒကာ ဒကာမတို့ ဒီဥစ္စာ စကားတတ်လို့ အကျယ်တ၀င့် ပြောနေတာ မဟုတ်ပါဘူး၊ ဘုရားသေသေချာချာ ဟောတယ်၊ ဒီမျက်လုံးမှ မရလို့ရှိရင် ဒကာကြွယ် သောကပရိဒေ၀ ဒုက္ခဒေါဓနဿ သေတဲ့ ပုဂ္ဂိုလ်လည်း ဒကာကြွယ် အပါယ်မှတစ်ပါးသွားစရာ မရှိသလောက်ဘဲ … (မှန်ပါ့)။
အဲဒါကြောင့် ငိုပွဲသိမ်း၊ စိုးရိမ်ပွဲသိမ်း၊ ငရဲအိုးသိမ်း၊ ငရဲမီးငြိမ်းဆိုတဲ့ မျက်လုံးကိုဖြင့် ယနေ့ ဆရာဘုန်းကြီးကလည်း အရောက်ပေးတော့မယ်၊ ခင်ဗျားတို့အရောက်ပေးတော့မှာကို ခင်ဗျားတို့ သြော် … တရားတော့ နာခဲ့တာပါပဲ၊ ဒီမျက်လုံး ကလေး မရဘူးဆိုလို့ရှိရင် ဒါအကန်းတွေပြန်သွားတဲ့ပွဲပဲလို့ ဆိုထိုက် မဆိုထိုက် … (ဆိုထိုက်ပါတယ်ဘုရား)။
စိုးရိမ်လို့ကယ်တင်နေတာ
ဒါကြောင့် ဒီမျက်လုံးကိုဖြင့် အဖိုးတန်အောင် ပြောနေတာမဟုတ်ဘူး၊ တစ်သံသရာလုံးက အလင်းမရခဲ့တာကို အလင်းပေးမည့် မျက်လုံးဖြစ်နေသောကြောင့် ဒါမရရင်ဖြင့် ဒကာ ဒကာမတို့ အကန်း သွားသွားပြီးသကာလ ချောက်ကျင်းတွေသည် အကန်းပစ္စည်းဖြစ်သွားမှာပဲ၊ မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ်ဘုရား)၊ အပါယ်လေးပါးတည်းဟူသော ချောက်တွေ ကျင်းတွေသည် ကန်းသော ပုဂ္ဂိုလ်တို့၏ သွားရာကျရာ ဌာန … (မှန်ပါ့) မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ်ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ စိုးရိမ်ကြီးစွာနဲ့ ဆရာဘုန်းကြီးကလည်း ကယ်တင်နေတယ် ဆိုတာလည်း ဒကာသစ်တို့ ဒကာကြွယ်တို့ ဦးလှဘူးတို့ပေါ်လောက်ပါပြီ … (မှန်ပါ့ဘုရား)။
သမ္မာဒိဋ္ဌိမျက်လုံးဆိုတာ
ဒါဖြင့် ပြောကြပါစို့၊ ကစ္စာနအနွယ်ဖြစ်တဲ့ ရဟန်းက အရှင်ဘုရား သမ္မာဒိဋ္ဌိမျက်လုံး သမ္မာဒိဋ္ဌိမျက်လုံး ဆိုတာသည် တပည့်တော်သိပရစေဘုရားလို့လျှောက်တော့။
“ဒွယနိဿိ တောခွါယံ ကစ္စာနလောကောယေဘု ယျေန၊ အတ္တိတဉ္စေ၀ နတ္ထိတဉ္စ” *
သမ္မာဒိဋ္ဌိမျက်လုံး မရှိလို့ရှိရင်ဖြင့် ပုဂ္ဂိုလ်ဖြစ်တယ်လို့ မိစ္ဆာဒိဋ္ဌိမျက်လုံးက ပုဂ္ဂိုလ်မွေးဖွားလာတယ်လို့ ယူရမှာပဲ … (မှန်ပါ)၊ ပုဂ္ဂိုလ်တစ်ယောက် သေသွားရှာသတဲ့လို့ ယူတဲ့ မျက်လုံးသည် မိစ္ဆာဒိဋ္ဌိမျက်လုံး … (မှန်ပါ့ဘုရား)။
ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာတယ်လို့ယူတဲ့ မျက်လုံးသည် … (မိစ္ဆာဒိဋ္ဌိမျက်လုံး)၊ ပုဂ္ဂိုလ်တစ် ယောက်သေပေါ့ဟေ့ … (မိစ္ဆာဒိဋ္ဌိမျက်လုံး)၊ ပုဂ္ဂိုလ်တစ်ယောက်သေပေါ့ဟေ့ … (မိစ္ဆာဒိဋ္ဌိမျက်လုံးပါဘုရား)။
ဒီလိုဆိုတော့ မိစ္ဆာဒိဋ္ဌိမျက်လုံးနဲ့ဆိုရင် နီးစပ်တဲ့ ပုဂ္ဂိုလ်ပေါ်လာရင်လည်း ခင်ဗျားတို့ ၀မ်းသာကြမှာပဲ … (မှန်ပါ့)၊ နီးစပ်တဲ့ ပုဂ္ဂိုလ် သေသွားပြန်တော့ကော … (၀မ်းနည်းပါတယ်ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ၀မ်းသာလို့ရှိရင်လည်း လောဘ၊ တဏှာ ဥပါဒါန်ကံကိုသွားမှာပဲ … (မှန်ပါ့)၊ ၀မ်းနည်းလို့ရှိပြန်လည်း ဒေါသ၊ သောကပရိဒေ၀ ဒုက္ခဒေါမနဿ ဥပယာသအ၀ိဇ္ဇာသင်္ခါရဘက် မလှည်ပေဘူးလား … (လှည့်ပါတယ်ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ လောကကြီးထဲမှာ လောကအစစ်ကို မသိသရွေ့  ကာလပတ်လုံး ဒကာကြွယ်ရေ သမ္မာဒိဋ္ဌိမျက်လုံးမရသေးဘူး … (မှန်ပါ့ဘုရား)။
* (၂၅၇ - ကစ္စာနသုတ် နိဒါန၀ဂ္ဂသံယုတ်)။
ကြားစိတ်ကလေး
ကိုင်း … ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ နားက ကြားတယ်ဆိုတော့ ကြားစိတ်ကလေး နားထဲမှာ မပေါ်ဘူးလား … (ပေးပါတယ်)၊ နားက ကြားတာကလေးဟာ ဘာပါလိမ့် … (ကြားစိတ်ပါဘုရား)၊ ကြားစိတ်ကလေးသည် ဒကာ ဒကာမတို့ အလိုလိုပေါ်တာလား၊ အကြောင်းနှင့်တိုက်ဆိုင်လို့ပေါ်တာလား … (အကြောင်းနှင့်တိုက်ဆိုင်လို့ ပေါ်လာတာပါဘုရား)။
အဲ … သောတဉ္စ ပဋိစ္စ သဒ္ဒေစ ဥပ္ပဇူတိ သောတ၀ိညာဏံဆိုတဲ့ ကြားစိတ်ကလေး သက်သက်ပဲ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားကလေးပဲ … မမှတ်ထိုက်ဘူးလား … (မှတ်ထိုက်ပါတယ်ဘုရား)။
ကြားစိတ်ကလေးဟာ ဘာပါလိမ့် ဒကာ ဒကာမတို့ …. (အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားပါ)၊ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးစိတ်ကလေးလို့ဆိုရင် လွဲပါ့မလား … (မလွဲပါဘုရား)။
အကြောင်းကြောင့်ဖြစ်တဲ့အကျိုးစိတ်
အဲဒီအကြောင်းကြောင့်ဖြစ်တဲ့ အကျိုးစိတ်ကလေး သိထားတဲ့အခါကျတော့ ကြားပြီးသကာလ နားထောင်လိုတဲ့ တဏှာကလေးလည်း ပေါ်ချင်ပေါ်လာတယ် … (မှန်ပါ့)၊ ပေါ်လာတော့ ကြားစိတ်ကလေးချုပ်သွားရော … (မှန်ပါ့)၊ ကြားစိတ်ကလေးချုပ်သွားတဲ့ အခါကျလို့ရှိရင်လည်း သြော် … ဒီဥစ္စာသည် အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားကလေး ဖြစ်လေသောကြောင့် အကြောင်းသတ္တိကုန်လို့ အကျိုးကြားစိတ်ကလေးချုပ်ရတာပဲ … (မှန်ပါ့)၊ ပုဂ္ဂိုလ် သတ္တ၀ါကလေးများ ဟုတ်သေးရဲ့ လား … (မဟုတ်ပါဘုရား)။
ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်ဘူးတဲ့၊ ဒီဥစ္စာ ဒကာ ဒကာမတို့ ဘုရားဟောကို၊ ဘုန်းကြီးပြောနေကြအတိုင်း ဖြစ်တဲ့ ကြားစိတ်ကလေးသက်သက်ပဲ … (မှန်ပါ့)၊ ဒီကြားစိတ်ကလေးဟာ နားထဲပေါ်လာပြီး၊ နားထဲမှာပဲ သူသေသွားရှာတယ် … (မှန်ပါ့)၊ နားထဲမှာသေသွားတဲ့အခါကျတော့ ဒကာ ဒကာမတွေက သြော် … ဒါသည်ကားလို့ဆိုရင်ဖြင့် ဖြစ်ပေါ်လာတဲ့ တရားကလေးပဲ၊ ကြားတယ်ဆိုရင်ဖြစ်ပေါ်လာတာပဲ၊ မကြားတော့ဘူးဆိုရင် … (ပျက်သွားပါတယ်)၊ ပျက်သွားတဲ့ တရားကလေးပဲလို့ ဒကာသစ်တို့ မရှုနိုင်ဘူးလား … (ရှုနိုင်ပါတယ်ဘုရား)။
သမ္မာဒိဋ္ဌိမျက်လုံး
ထိုကဲ့သို့ ရှုနိုင်တဲ့အခါကျလို့ရှိရင်ဖြင့် ဒါဟာ သမ္မာဒိဋ္ဌိမျက်လုံးပါပဲ … (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် သမ္မာဒိဋ္ဌိမျက်လုံးဆိုရသတုံးဆိုတော့ဖြင့် ရှေးအခါတုံးက ငါကြားတယ်ဆိုတဲ့ ဒီအပေါ်မှာ သက္ကာယဒိဋ္ဌိ ငါကလည်းစွဲတယ်၊ ကြားတဲ့စိတ်ကလေးဟာ အမြဲရှိနေတယ်ဆိုတဲ့ သဿတဒိဋ္ဌိကော … (စွဲပါတယ်)၊ စွဲနေတော့ သမ္မာဒိဋ္ဌိမျက်လုံး တင်ပေးလိုက်ပါရော … သြော် … ကြားတဲ့ စိတ်ကလေးဟာ အကြောင်းတိုက်ဆိုင်လို့ပေါ်လာပြီး အကြောင်းချုပ်ငြိမ်း ရုပ်သိမ်းတဲ့အတွက် အကျိုးကလေးဟာ ပျက်စီးသွားရတော့တယ်ဆိုရင် လွဲပါ့မလား … (မလွဲပါဘုရား)။
ဒီလိုသိသွားတော့ သြော် … ခန္ဓာထဲမှာ ဖြစ်ပေါ်လေသမျှ ဒီလိုအကြောင်းတိုက်ဆိုင်လို့ ပေါ်ပြီး အကြောင်းရုပ်သိမ်းချုပ်ငြိမ်းတဲ့ တရားသာ ခန္ဓာထဲမှာ အပြည့်အနှက်ရှိတော့တယ်လို့ မယူနိုင်ဘူးလား … (ယူနိုင်ပါတယ်ဘုရား)။
ပုဂ္ဂိုလ်သတ္တ၀ါပျောက်သွားတယ်
ယူနိုင်တဲ့ အခါကျတော့ ပုဂ္ဂိုလ်သတ္တ၀ါက ပျောက်သွားတယ်၊ ယောက်ျားသေတာလည်း မဟုတ်ဘူး၊ မိန်းမသေတာလည်း မဟုတ်ဘူး …. (မှန်ပါ့)၊ ခိုင်မြဲတဲ့ သဿတဒိဋ္ဌိ အယူကော … (ပျောက်ပါတယ်)၊ မရှိတော့ ဒီလိုမြင်လိုက်တဲ့ အခါကျတော့ ကြားစိတ်ကလေးဟာ ကြားတဲ့နေရာမှာ ပေါ်ပြီး ကြားတဲ့နေရာမှာပဲ ပျက်တယ် … (မှန်ပါ့)၊ နားထဲမှာ ကြားစိတ်ကလေးပေါ်တယ် … (မှန်ပါ့)၊ ဒီနေရာမှာပဲ တစ်ခါချုပ်ငြိမ်း ရုပ်သိမ်းသွားတော့။
လျှပ်စီးလက်တယ်
အဒဿနတောအာယန္တိ၊ အင်္ဂါဂစ္ဆန္တိဒဿနံ။
ဝိဇ္ဇုပ္ပါဒေါဝ အာကာသေ၊ ဥပ္ပဇ္ဇန္တိ၀ယန္တိစ။ *
ဆိုတဲ့အတိုင်း လျှပ်စီးကလေး တိမ်ကြားမှာပေါ်၊ တိမ်ကြားမှာပျောက်သလို ဒီမှာလည်း ကြားစိတ်ကလေးဟာလည်း နားထဲမှာ ပေါ်ပြီးတော့ … (နားထဲမှာ ပျောက်ပါတယ်ဘုရား)။
ဒီလိုပျောက်တာကလေးသိတော့ သြော် … အဖြစ်ကလေးကလည်း ရှိတာပဲ၊ အပျက်ကလေးလဲ … (ရှိတာပါပဲ)၊ ဒါကလေးကို ဒကာ ဒကာမတွေက သိနေတော့ ခန္ဓာထဲမှာ ပေါ်တာ ဒီလိုပဲ သူ့နေရာနဲ့ သူ့ပေါ်တဲ့နေရာမှာ ပျောက်ကြမှာပဲဆိုတာကိုတော့ အမှန်မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ် ဘုရား)။
ပေါ်တဲ့နေရာပျောက်တဲ့ဓမ္မတွေ
ဒီလိုမြင်လာတဲ့အခါကျတော့ သြော် … ယောက်ျားလည်းမရှိဘူး၊ မိန်းမလဲမရှိဘူး၊ ပေါ်တဲ့နေရာမှာ ပျောက်တဲ့ဓမ္မတွေဖြစ်တာပဲ … (မှန်ပါ့ဘုရား)။
ဘယ်လိုဆိုကြပါ့မယ် … (ပေါ်တဲ့နေရာမှာ စုဖြစ်ပါတယ်ဘုရား)၊ ရုပ်တွေလည်း ဒီလိုပေါ့ဗျာ၊ နာမ်ဓမ္မတွေလည်း … (ဒီလိုပါပဲ)၊ ပေါ်တဲ့နေရာမှာ ပျောက်တယ်လို့ပဲ … (မှန်ပါ)၊ ဒီတော့ ပေါ်တဲ့နေရာမှာပျောက်တယ်၊ ပေါ်တဲ့နေရာမှာ ပျောက်တယ်လို့မြင်သွားတဲ့အခါကျတော့ ပေါ်တာကလေးသိလည်း ဒကာ ဒကာမတို့ အမြင်မှန်ပဲ … (မှန်ပါ့)၊ ပျောက်တာကလေးသိလည်း …(အမြင်မှန်ပါဘုရား)၊ တစ်သံသရာလုံးက ခုအချိန်ကျအောင် ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာဖြင့် ပေါ်လိုက်ပျောက်လိုက် ဓမ္ဓမှတစ်ပါး တခြားမရှိပါဘူး … (မရှိပါဘုရား)။
ဘာရှိကြသတုံး … (ပေါ်လိုက်ပျောက်လိုက်ပဲရှိပါတယ်)၊ ပေါ်လိုက် ပျောက်လိုက် ဓမ္မသာလျှင် ဒကာ ဒကာမတွေ သန္တာန်မှာ အနှံ့အပြားရှိပြီး သကာလနေတာလည်း ဒါကလေး ဥာဏ်နဲ့ကြည့်နေတော့ ဒီဥစ္စာသည် အမေသေတာလည်းမဟုတ်၊ အဖေသေတာလည်းမဟုတ်၊ ငါသေတာလည်း မဟုတ်၊ အနိစ္စသဘောမို့ အနိစ္စပြောတာပဲ … (မှန်ပါ့ဘုရား)။
အနိစ္စသဘောမို့ အနိစ္စပြောတာ
ဘယ်လို့ဆိုကြမယ် … (အနိစ္စသဘောမို့ အနိစ္စပြောတာပါဘုရား)။
အဲဒါကလေး ဥာဏ်နဲ့ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် အနိစ္စဆိုတာလည်း တကယ်ရှိ … (မှန်ပါ့)၊ အနိစ္စရှိတာကို အနိစ္စရယ်လို့ တကယ်တန်းသိလိုက်တဲ့ အခါကျတော့ အရှိနဲ့ အသိတစ်ခါးတည်းကိုက်သွားတယ် … (မှန်ပါ့)၊ အရှိနဲ့အသိမဟုတ်ရင် … (မိစ္ဆာဒိဋ္ဌိပါဘုရား)။ အရှိနဲ့အသိနဲ့ကိုက်ရင် သမ္မာဒိဋ္ဌိ
သြော် … မိစ္ဆာဒိဋ္ဌိမျက်လုံးကြီးနဲ့ တို့သံသရာတစ်ခုလုံးမှာ အရှိနဲ့ အသိမကိုက်ခဲ့တဲ့ စုံလုံးကန်အဖြစ်နဲ့ပဲ မွေးခဲ့ကြရ၊ စုံလုံးကန်းအဖြစ်နဲ့ နေခဲ့ကြရ၊ စုံလုံးကန်းအဖြစ်နဲ့ မသာဖြစ်ခဲ့ရ၊ ဒါတွေဟာ ဘာပါလိမ့်မတုံးဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးလည်း မပွင့်လာ၊ သုတ၀ါအရိယာ သာဝကောဆိုတဲ့ တပည့်ကလည်း မဖြစ်ခဲ့ကြတော့ သံသရာတစ်လျှောက်လုံးမှာ ဒါကို အမေသေပြန်သတဲ့ အဖေသေပြန်သတဲ့ဆိုပြီး သကာလ သောက ပရိဒေ၀တွေနဲ့ချည့်ပဲ လမ်းဆုံးလာခဲ့ရတယ်ဆိုတာ သဘောကျပလား … (ကျပါပြီဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ခန္ဓာထဲမှာဖြင့် နားထဲမှာပေါ်တဲ့ စိတ်ကလေးဟာလည်း ပေါ်ပြီးပျက်မှာပဲ၊ ဘယ်နေရာပေါ်၊ ဘယ်နေရာပျက်ပါလိမ့် … (နားထဲမှာပေါ် နားထဲမှာ ပျက်ပါတယ်ဘုရား)၊ နှာခေါင်းထဲပေးတဲ့စိတ်ကလည်း … (နှာခေါင်းထဲမှာပေါ် နှာခေါင်းထဲမှာပျက်ပါတယ်ဘုရား)၊ လျှာပေါ်ပေါ်တဲ့ စိတ်ကလည်း … (လျှာပေါ်ပေါ် လျှာပေး ပျက်ပါတယ်ဘုရား)၊ ၀မ်းထဲပေါ်တဲ့စိတ်ကကော … (၀မ်းထဲမှာပေါ် ၀မ်းထဲမှာပျက်ပါတယ်ဘုရား)၊ နေရာများ ရွေ့ သေးသလား … (မရွေ့ ပါဘုရား)။
* မဟာနိဒ္ဒေသပါဠိတော် ၃၃ - ၀ိသုဒ္ဓိမင်္ဂဒုတိယအုပ် ၂၆၀
အရှိနဲ့အသိသွားကိုက်တယ်
အဲဒီကဲ့သို့ မရွေ့ တာ ကိုယ့်စိတ်တွေ ကိုယ့်ဖြစ်ပျက်တွေ အနိစ္စတွေကို ဒကာ ဒကာမတွေက ဥာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ သြော် … ဒီဥစ္စာ နဂိုက ဖြစ်ပျက်ရ,ထားလို့ ဖြစ်ပျက်တဲ့ သဘောပဲရှိတယ်၊ ဖြစ်ပျက်သဘောပဲဆိုတော့ အရှိနဲ့အသိသွားကိုက်တယ် … (မှန်ပါ့) အရှိနဲ့အသိ သွားကိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ဆုံးဖြတ်ချက်ချတော့ သြော် … သမ္မာက မှန်ကန်တာ၊ ဒိဋ္ဌိကမြင်တာ … (မှန်ပါ့)၊ အသိက တစ်ခါတည်း အမှန်အသိမကျဘူးလား … (ကျပါတယ်)၊ သမ္မာဒိဋ္ဌိလို့ ဘုရားကဟောလိုက်တယ် … (မှန်ပါ့ဘုရား)။
ဖြစ်တာပျက်တာသိရင် သမ္မာဒိဋ္ဌ
အဖြစ်သိရင်လည်း သမ္မာဒိဋ္ဌိ … (မှန်ပါ့)၊ ပျက်တာသိရင်လည်း … (သမ္မာဒိဋ္ဌိပါဘုရား)၊ ဒါဖြင့် ခန္ဓာကိုယ်ထဲမှာလည်း ဖြစ်မှုပျက်မှုမှတစ်ပါး ဘာရှိသေးတုံး … (ဘာမှ မရှိပါဘုရား)၊ အဖြစ်သိရင်လည်း … (သမ္မာဒိဋ္ဌိပါဘုရား)။
သြော် … ဒါဖြင့် သမ္မာဒိဋ္ဌိဆိုတာ တခြားလားအောက်မေ့နေတယ် အရှိနဲ့အသိကိုက်ဖို့ရာ သမ္မာဒိဋ္ဌိပါလား … (မှန်ပါ့)၊ ဒကာကြွယ် ဘာတဲ့တုံး … (အရှိနဲ့အသိကိုက်ရင် သမ္မာဒိဋ္ဌိပါဘုရား)။
ဒကာ ဒကာမတို့ အိမ်ကျတော့ ဖြစ်ပျက်ကို ရှာကြနော် … (မှန်ပါ့)၊ အိမ်ကျတော့ ရှာကြပါ၊ မြင်စိတ်ကလေးဟာလည်း မျက်လုံးထဲ ပေါ်လာပြီး မျက်လုံးထဲမှာပဲ သူသည် သေသွားတယ်၊ ပျောက်သွားတယ်ဆိုတော့ သြော် … ဒါကြောင့် ၀ိညာဏက္ခန္ဓာ ဟာ အနိစ္စဖြစ်တော့ ဒီနေရာဖြစ်ပြီး ဒီနေရာမှာ ပျောက်တာပါလားလို့ မသိဘူးလား … (သိပါတယ်ဘုရား)။
ဒီနေရာမှာပေါ် ဒီနေရာမှာပျောက်
သိလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နားထဲမှာပေါ်တဲ့ စိတ်လည်း ဒီနေရာမှာပေါ် ဒီနေရာမှာပျောက်ဆိုတာ သိပြီးသကာလ နေကြလို့ရှိရင်ဖြင့် ငါခက်ပြီဆိုတာ လာသေးရဲ့ လား … (မလာပါဘုရား)၊ ငါတော့ဖြင့် ကိုယ်ကျိုးနည်းပြီးဆိုတာကော … (မလာပါဘုရား)၊ မလာတော့ပါဘူးတဲ့၊ ဘာကြောင့်တုံးဆိုတော့ ဒီအရှိနဲ့ ဘုရားကမိတ်ဆွေအဖြစ်နဲ့ပဲယူပါဆိုပြီး ပေးထားတဲ့ သမ္မာဒိဋ္ဌိဥာဏ်နဲ့ ဒီနေရာမှာဖြစ်ပြီး ဒီနေရာမှာ သေတယ်လို့ နောက်ကမဂ္ဂင်ငါးပါးနဲ့ သိပေးလိုက်တာပေါ့ (မှန်ပါ့)၊ မဂ္ဂင်ငါးပါးနဲ့ အသိပေးလိုက်တော့ အရှိနဲ့အသိဟာ ဒကာကြွယ်ဘယ့်နှယ်နေသတုံး … (ကိုက်ပါတယ်ဘုရား)၊ ရှိတဲ့ပစ္စည်းနဲ့ မြင်တဲ့ပစ္စည်းနဲ့ သွားကိုက်တယ် … (မှန်ပါ့)၊ ဒါဖြင့် ဒါဟာ သမ္မာဒိဋ္ဌိဆိုရုံပဲ … (မှန်ပါ့ဘုရား)။
အဲဒီ သမ္မာဒိဋ္ဌိကလည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီသမ္မာဒိဋ္ဌိကျေးဇူးကို ပြောချင်တာက ဒီသမ္မာဒိဋ္ဌိမလာလို့ရှိရင်ကြားတယ်လို့ ဆိုလို့ရှိရင်ဖြင့် အို … သူကြားတာတော့ ကြားတာပဲ … ကျုပ်ဖြင့် ဒီအသံကြားတာနဲ့ ငိုချင်လာတယ် … (မှန်ပါ့)၊ ဟော … ငိုချင်လာတယ်ဆိုတော့ ပရိဒေ၀တွေ မလာဘူးလား … (လာပါတယ်ဘုရား)။
ဘယ့်နှယ်ကြောင့် ငိုချင်ရတာတုံးဆိုတော့ ဒကာ ဒကာမတို့ကြားတဲ့စိတ်ကလေး၏ ဖြစ်ပျက်ကိုလည်း သူမရှုမိဘူး … (မှန်ပါ့)၊ ကြားတဲ့စိတ်ကလေးကို သူမရှုတဲ့အခါကျတော့ ဟိုအိမ်က ငိုသံကြားတာနဲ့ ဒီကြားစိတ်ကလေး အကြောင်းရင်းခံပြီး သူနားမကြားရင်လည်း ငိုမည်မဟုတ်ဘူး … (မှန်ပါ့) နားကြားတော့ ဒကာကြွယ် ငိုချင်စိတ်ကလေးဟာ မလာဘူးလား …. (လာပါတယ်ဘုရား)။
ကြားစိတ်ကလေးငါထင်တယ်
အဲဒီတော့ ကြားတာကလေးဟာ ငါကိုယ်တိုင်ကြားလို့ ငိုချင်တာဟေ့ … သူများပြောသံကြားဆိုရင် ငါမငိုဘူး … (မှန်ပါ)၊ သွားပြီ ဒကာ ဒကာမတို့ ကြားစိတ်ကလေး ငါထင်ပြီးသကာလ ငိုချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကလေးဟာ လာတယ် … (မှန်ပါ့ဘုရား)။
ဒါကြောင့် ကြားစိတ်ကလေးကိုလည်း ဒကာ ဒကာမတွေက ကြားစိတ်ကလေးပ်ါပြီး ကြားစိတ်ကလေးတွေက သြော် … ကြားစိတ်ကလေးပေါ်ပြီး ကြားစိတ်ကလေး ပျက်တာပါကလားလို့ မဂ္ဂင်ငါးပါးနဲ့ နောက်ကလိုက်ပေးပါ … (မှန်ပါ့)၊ လိုက်ပေးတဲ့အခါကျတော့ ငိုချင်တာတွေ လာသေးရဲ့ လား … (မလာပါဘုရား)၊ စိုးရမ်တာတွေ … (မလာပါဘုရား)။
သူတို့အိမ်က ဒီလိုငိုလိုက်တော့ ကျုပ်လည်း ကျုပ်မှာ သေပြီးသား ပုဂ္ဂိုလ်တွေရှိတော့ ဆက်ပြီးငိုချင်တာပဲဆိုပြီး သကာလ ဒကာကြွယ်ဒါမျိုးများတောင် မလာဘူးလား … (လာပါတယ်ဘုရား)၊ အဲဒါ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးဆိုတော့ ကြားစိတ်အပေါ်၌ ငါစွဲပြီး ငါကြားတာနဲ့ ငါငိုချင်တာပဲဟေ့တဲ့ … (မှန်ပါ့)၊ ကြားစိတ်က ငါဖြစ်သွားပြီ … (မှန်ပါ့)။
ကြားစိတ်ဟာအနိစ္စ
ကြားစိတ်က ငါဖြစ်သွားတော့ ငါငိုချင်တယ်ဆိုတဲ့ သောကတွေ ဘယ့်နှယ်တုံး … (လာပါတယ်ဘုရား)၊ အဲဒါတွေက နောက်ကလိုက်လာတာ၊ ကြားစိတ်ကို ငါထင်နေတယ်ဆိုတော့ ဘုရားပေးတဲ့ သမ္မာဒိဋ္ဌိမျက်လုံးကို မရဘူး၊ ကြားစိတ်ဟာ အနိစ္စပါလားလို့ယူတဲ့ သမ္မာဒိဋ္ဌိမျက်လုံးရရင်ငို ဖြစ်ပါ့မလား … (မငိုဖြစ်ပါဘုရား)။
အဲဒီမျက်လုံးမရတော့ သူတို့မှာ ဘယ့်နှယ်ဖြစ်ပြီး သကာလနေသတုံး၊ ငါကိုယ်တိုင်ကြားတော့ ငါမနေနိုင်တော့ဘူး … (မှန်ပါ့)၊ ကြားစိတ်ကို ငါလုပ်လိုက်တာနဲ့ ငါမနေနိုင်တော့ဘူးဆိုတဲ့ မျက်ရည်တွေ တစ်ခါတည်းထွက်လာတယ် … (မှန်ပါ့)၊ မထွက်ဘူးလား … (ထွက်ပါတယ်ဘုရား)။
ဒါတွေကို တစ်ခါ ဦးလှဘူးတို့က စဉ်းစားတော့ သြော် … မိစ္ဆာဒိဋ္ဌိနဲ့ကြားစိတ်ကို ငါလုပ်တဲ့အတွက် မိစ္ဆာဒိဋ္ဌိ မျက်လုံးနဲ့ ကြည့်မိလို့ ကြားစိတ်ကို ငါပဲထင်တာ၊ ငါကိုယ်တိုင်ကြားလို့ ငါငိုချင်တာပဲ၊ ကြားစိတ်ကို ငါလုပ်လိုက်တယ်၊ ဒါကြောင့် ငါငိုချင်တယ်ဆိုတဲ့သောက မလာဘူးလား … (လာပါတယ်ဘုရား) ဒါဟာ ကြားစိတ်ကို ငါထင်လိုက်တာပဲ … (မှန်ပါ့)။
အဲဒီတော့ ဘုရားက သမ္မာဒိဋ္ဌိမျက်လုံး ထည့်ပေးတယ် မင်းတို့ ကြားစိတ်ကို ငါထင်လို့ရှိရင်ဖြင့် ငိုချင်တယ်ဆိုတာ စသည်တွေ လာမှာစိုးလို့ … (မှန်ပါ့)၊ အခု ထမင်းစားပျက်တာ ငိုချင်တာ၊ အိမ်ပေါ်က ခုန်ဆင်းချင်တာ ကိစ္စမရှိသေးဘူး အပါယ်ထဲရောက်ရဦးမယ်ဆိုတာ မသေချာဘူးလား … (သေချာပါတယ်ဘုရား)၊ အဲဒါ မိစ္ဆာဒိဋ္ဌိမျက်လုံးရှိသောကြောင့် သောက ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ အပါယ်တွေ ပါလာရတယ်ဆိုတာ ဒကာသစ်တို့မှတ်ကြစမ်းပါ … (မှန်ပါ့ဘုရား)။
သမ္မာဒိဋ္ဌိမျက်လုံးနဲ့ကြည့်လိုက်ပါ
ကဲ … ဒါဖြင့် ကြားတဲ့စိတ်ကလေးကို သြော် … ဒီနေရာတွင်ပေါ်ပြီး ဒီနေရာတွင် ပျက်တာပဲလို့ သမ္မာဒိဋ္ဌိမျက်လုံးနဲ့ ကြည့်ပေးလိုက်ပါ … (မှန်ပါ့)၊ ကြည့်ပေးလိုက်တဲ့အခါ ကျလို့ရှိရင် ကြားစိတ်ကလေးဟာလည်း မိမိခန္ဓာထဲမှာ ကြားတဲ့ ၀ိညာဏက္ခန္ဓာကလေးကိုလည်း ဖြစ်ပြီးတော့ ပျက်သွားတဲ့အတွက် ဖြစ်တာကလေးကိုလည်း ကိုယ့်ဥာဏ်ထဲမှာ ဖြစ်လို့ ပျက်တာပဲဆိုတာ မသိဘူးလားဗျာ … (သိပါတယ်ဘုရား)။
ဒါဖြင့် ဖြစ်တ်ာလည်းသိ၊ ပျက်တာလည်း သိနေတော့ သြော် … အနိစ္စရှိလို့ အနိစ္စကိုသိတာကိုး … (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမလဲ … (အနိစ္စရှိလို့ အနိစ္စသိတာပါဘုရား)၊ အနိစ္စရှိလို့ အနိစ္စသိတော့ ဒကာ ဒကာမတို့ ခုနင်က သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿတွေ အပါယ်ကျအောင် ဒကာသစ်လာနိုင်သေးရဲ့လား (မလာနိုင်ပါဘုရား)၊ ဘယ်မျက်လုံးကြောင့်ပါလိမ့်ဗျာ … (သမ္မာဒိဋ္ဌိမျက်လုံးကြောင့်ပါဘုရား)။
ခုနင်က မိစ္ဆာဒိဋ္ဌိမျက်လုံးနဲ့တုန်းကတော့ ဟိုအိမ်ကငိုသံပါနဲ့ ပြောလိုက်တာနဲ့ ငိုတဲ့အသံတွေ ထွက်လာတယ် … (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့်တုံးဆိုတော့ ငါကြားလို့ … (မှန်ပါ့)၊ သြော် … ကြားတဲ့စိတ်ကလေးကို သူများပြောသံ ကြားတာနဲ့ ငါလုပ်ထားတယ် … (မှန်ပါ့ဘုရား)။
ငါလုပ်ထားတော့ ၀ိညာဏက္ခန္ဓာကလေး ဖြစ်ပျက်နေတယ်ဆိုတာ မသိတဲ့ မိစ္ဆာဒိဋ္ဌိ ကူးစက်ပြီး ကာ ဒကာ ဒကာမတို့ သောကပရိဒေ၀တွေ မလာဘူးလား … (လာပါတယ်ဘုရား)၊ မလာပါနဲ့ဆိုလို့ … (မရပါဘုရား)၊ အဲဒါမရတာဘာ့ကြောင့်ပါလိမ့်မတုံးလို့ အကဲခတ်ကြည့်တော့ ခုနင်က “သောတ၀ိညာဏံ အနိစ္စ” ဆိုတဲ့ ဖြစ်ပျက်မရှုမိလို့ … (မှန်ပါ့ဘုရား)။
အဲဒီတော့ ဖြစ်ပျက်မရှုမိတော့ကို ဒကာ ဒကာမတို့ ငါခက်တာပဲ၊ ငါကြားကို ငါမကြားချင်ဘူး၊ ငါကြားရရင် ငါမနေနိုင်ဘူး၊ ဟော … ကြားစိတ်လည်းငါ၊ ငါမနေနိုင်ဘူးလည်း သုံးလိုက်သေးတယ် … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီဘုရား)။
အဲဒီတော့ သမ္မာဒိဋ္ဌိမျက်လုံးမရရင် ငိုပွဲနဲ့ အပါယ်ပွဲဟာ ကိုယ်ပိုင်ပစ္စည်းလို့မှတ် … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီ)၊ သမ္မာဒိဋ္ဌိမျက်လုံး မရတဲ့ပုဂ္ဂိုလ်၏ ပစ္စည်းလို့ မှတ်ကြပါ … (မှန်ပါ့ဘုရား)။
အငိုတိတ်အောင်ပေးတာ
ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးပေးတဲ့ ပစ္စည်းကို မိတ်ဆွေကောင်းတစ်ဦးက မေတ္တာရှေ့ထား ကရုဏာပွားပြီး ပေးတယ်ဆိုပြီး ခင်ဗျားတို့ အငိုတိတ်အောင် ပေးလာတာကို ခင်ဗျားတို့ လက်မခံချင်ဘူးဆိုတဲ့ အဓိပ္ပါယ်ရောက်တယ် … (မှန်ပါ့)၊ အဲဒီတော့ ယူသင့်မယူသင့် … (ယူသင့်ပါတယ်ဘုရား) ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်စိတ်ကလေးပေါ်လာလာ ဒီနေရာပေါ်ရင် … (ဒီနေရာမှာပဲပျက်တာပါဘုရား)၊ ဘယ်ရုပ်ကလေးပေါ်လာလာ … (ဒီနေရာပဲပေါ်ဒီနေရာပဲပျက် ပါတယ်ဘုရား)၊ ဒါဖြင့် ကိုယ်ထဲမှာ ပုဂ္ဂိုလ်သတ္တ၀ါတွေ ပါသလားတဲ့ အဖြစ်နဲ့ အပျက်ပဲရှိသလား … (အဖြစ်နဲ့ အပျက်ပဲရှိပါတယ်ဘုရား)။
အဖြစ်နဲ့ အပျက်ပဲရှိတယ်ဆိုတော့ ဖြစ်တာကို မြင်တဲ့အခါကြရင် ပဋိစ္စသမုပ္ပာဒ်ဖြစ်တာကိုမြင်ပြီ … (မှန်ပါ့) စဖြစ်တာဟာ ပဋိစ္စသမုပ္ပာဒ်ပေါ့ဗျာ … (မှန်ပါ့)၊ ဖြစ်တာကလေးကိုမြင်လို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိ လွတ်ပါပြီ … (မှန်ပါ့)၊ ပျက်တာကလေးမြင်ရင် … (သဿတဒိဋ္ဌိလွတ်ပါတယ်ဘုရား)။
အပါယ်တံခါးပိတ်တဲ့မျက်လုံး
အဲဒီတော့ အလယ်မျက်လုံးရပြီ … (မှန်ပါ့) *
အဲဒီအလယ်မျက်လုံးနဲ့ သဿတ ဥစ္ဆေဒမပါဘဲနဲ့ သြော် … ဖြစ်မှုနဲ့ ပျက်မှုသာ ရှိတယ်၊ ပုဂ္ဂိုလ် တ္တ၀ါလည်း မရှိပါလား၊ ငါလည်းမဟုတ် သူလည်းမဟုတ်ပါကလား၊ ဖြစ်တတ်တဲ့ ပျက်တတ်တဲ့ ဓမ္မသာရှိပါလားလို့ ဒီလိုသိလို့ရှိရင် သမ္မာဒိဋ္ဌိမျက်လုံး သောကပရိဒေ၀ကို အကုန်သတ်နိုင်တဲ့ ငြိမ်းနိုင်တဲ့ မျက်လုံးပဲ အပါယ်လေးပါးတံခါး ပိတ်တဲ့မျက်လုံးပဲ … (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘာမျက်လုံးတဲ့ဗျာ … (သမ္မာဒိဋ္ဌိမျက်လုံးပါဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ အပါယ်လေးပါး တံခါးပိတ်တဲ့နည်းဟာ အပါယ်လေးပါးတံခါး ပိတ်ရပါလို၏ ဆိုရုံနဲ့တော့ မဖြစ်နိုင်သေးဘူး … (မှန်ပါ့)၊ အပါယ်လေးပါး တံခါးပိတ်တဲ့ မျက်လုံးနဲ့ ခင်ဗျားတို့ ခန္ဓာကိုကြည့်ရမယ် … (မှန်ပါ့)၊ သူတစ်ပါးခန္ဓာကော … (ကြည့်ရပါမယ်ဘုရား)။
* မဇ္စျိမပဋိပဒါမျက်လုံးဟု ဆိုလိုသည်။
ဖြစ်ပျက်မြင်ရင် သမ္မာဒိဋ္ဌိပါပဲ
ကြည့်ရတဲ့အခါကျတော့ ခန္ဓာဟူသမျှသည်ကားလို့ဆိုရင် ဇာတိ၊ ဇရာ၊ မရဏ၊ ဖြစ်ပျက်မှုတို့နဲ့သာ နေတာပါကလားလို့ မြင်လာလို့ရှိရင် ဒီအမြင်လည်း သမ္မာဒိဋ္ဌိပါပဲ …(မှန်ပါ့)၊ အပျက်မြင်ရင်လည်း … (သမ္မာဒိဋ္ဌိပါဘုရား)။
အဲဒီ သမ္မာဒိဋ္ဌိသည် ဒကာ ဒကာမတို့ နဂိုကရှိတာကို အမှန်သိတာ … (မှန်ပါ့)၊ နဂိုကရှိတာ အမှန်သိဆိုတော့ ဒါဘုရားပေးတဲ့မျက်လုံး … (မှန်ပါ့)၊ အမေ အဖေပေးတဲ့ မျက်လုံးကတော့ နင့်မျက်လုံး ကန်းနေသလား ဟော… ငါတဲ့ …. (မှန်ပါ့)၊ ငါ့လိုဆိုရင်တော့ ခက်သေးတယ် … (မှန်ပါ့)၊ နင့်မျက်လုံးတဲ့ နင်ပိုင်တဲ့မျက်လုံး ယူထားတယ် … (မှန်ပါ့)၊ ဘယ်လောက်ဆိုးသွားသတုံး … (ဆိုးသွားပါတယ်ဘုရား)၊ နင့်မျက်လုံးနင်ကကန်းနေသလားတောင် အော်လိုက်သေးတယ် … (မှန်ပါ့ဘုရား)။
သြော် … ဒကာကြွယ်ရေ ဒါဖြင့် နင်ကန်းတဲ့ အခါကျတော့ ဒီပုဂ္ဂိုလ်က မငိုပေဘူးလား၊ ငိုမလား … (ငိုပါမယ်ဘုရား)၊ နင့်မျက်လုံးလို့ သင်ထားတော့ ဒီကသားလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း နင့်မျက်လုံးပဲ မှတ်ထားလိုက်တယ် … (မှန်ပါ့)၊ ကိုယ့်မျက်လုံးကလေးအကြောင်း မညီညွတ်လို့ ပျက်စီးသွားတဲ့အခါ ကျုပ်ကိုယ်ကျိုးနဲ့ပေါ့ဆိုတဲ့ သောက၊ ပရိဒေ၀ မလာဘူးလား … (လာပါတယ်ဘုရား)။
နဂိုကတည်းက ဒီအကြောင်း တိုက်ဆိုင်လို့ပေါ်လာတယ်၊ အကြောင်းချုပ်လို့ ချုပ်သွားတယ် ဖြစ်မှုနဲ့ ပျက်မှုပဲရှိတယ်ဆိုတော့ နဂိုကတည်းက ဖြစ်ပျက်ရှိနေတော့ ငါ့မျက်လုံးရယ်လို့ ယူသေးရဲ့ လား … (မယူပါဘုရား)။
အဖြစ်မြင်တော့ ပြတ်တယ်ယူတဲ့ ဥစ္ဆေဒဒိဋ္ဌမရှိပါဘူး … (မရှိပါဘုရား)၊ အပျက်မြင်ပြန်တော့လည်း ခိုင်တယ်၊ မြဲတယ်ယူတဲ့ သဿတဒိဋ္ဌိကော … (မရှိပါဘုရား)။
သဿတနဲ့ဥစ္ဆေဒလွတ်တယ်
အဲဒီကဲ့သို့ ဒကာ ဒကာမတွေ အဖြစ်အပျက်ကို မြင်လို့ ရှိရင်ဖြင့် သဿတနဲ့ ဥစ္ဆေဒလွတ်တဲ့ သမ္မာဒိဋ္ဌိ၊ သဿတနဲ့ ဥစ္ဆေဒကြားမှာသွားတဲ့ သမ္မာဒိဋ္ဌိမျက်လုံးဆိုတဲ့ အလယ်လမ်း မျက်လုံးရပါတယ် … (မှန်ပါ့)၊ ရှင်းပလား ….(ရှင်းပါပြီဘုရား)။
ဘယ်လိုမျက်လုံးရပါလိမ့် … (အလယ်လမ်းမျက်လုံးရပါတယ်ဘုရား)၊ အလယ်လမ်းမျက်လုံးရတယ် ဆိုတာ ကျေနပ်ပလား … (ကျေနပ်ပါပြီဘုရား)။
ဟာ … ဒါဖြင့် သဿတလမ်းကလညး ဒကာ ဒကာမတို့ သုဂတိနဲ့ အပါယ်သွားတာပဲ … (မှန်ပါ့)၊ ဥစ္ဆေဒလမ်းကလည်း အပါယ်သွားတာပဲ … (မှန်ပါ့)၊ အဲဒီသုဂတိလမ်းကိုလည်း မရောက်ဘဲနဲ့ သဿတ စ္ဆေဒ မျက်လုံးစင်နေတော့ ဖြစ်မှုပျက်မှုသာ ရှိတော့တယ်ဆိုတော့ သဿတကောမစင်ဘူးလား … (စင်ပါတယ်)၊ ဥစ္ဆေဒကော … (စင်ပါတယ်)၊ သမ္မာဒိဋ္ဌိဆိုတာ ဒါပဲ … (မှန်ပါ့)။
အလယ်လမ်းကမြင်တာ
အလယ်လမ်းက မြင်တာဘာဆိုကြမယ် … (သမ္မာဒိဋ္ဌိပါဘုရား)၊ သဿတကော မြင်သေးရဲ့ လား … (မမြင်ပါဘုရား)၊ ဥစ္ဆေဒကောရှိသေးရဲ့ လား (မရှိပါဘုရား)၊ ဖြစ်တာမြင်ကတည်းက ဥစ္ဆေဒစင်ပြီ၊ ဒီတရား လေးပျက်တာ မြင်ကတည်းက … (သဿတစင်ပါတယ်)၊ ဒါဖြင့် ဖြစ်ပျက်သာရှိတယ်ဆိုတဲ့ မျက်လုံးကို ဘာမျက်လုံးခေါ်ကြမလဲ … (သမ္မာဒိဋ္ဌိမျက်လုံးပါဘုရား)။
အဲဒါသည်ကားလို့ဆိုလို့ရှိရင် ဘုရားပေးတဲ့ မျက်လုံးပဲ … (မှန်ပါ့)၊ ဆရာသမားကတစ်ဆင့် ဟောပြတဲ့မျက်လုံးပဲ … (မှန်ပါ့)၊ ဆိုနိုင်ကြပလား … (ဆိုနိုင်ပါတယ်ဘုရား)။
ဖြစ်မှုပျက်မှုတစ်ပါးဘာမှမရှိ
အဲဒီတော့ ခန္ဓာကိုယ်ကို ဒကာသစ်တို့ တစ်ကိုယ်လုံးမှာဖြင့် ဖြစ်မှုပျက်မှုမှတစ်ပါး ဘာမှမရှိပါကလား ဆိုတာ မလာပေဘူးလား … (လာပါတယ်ဘုရား)၊ ဒီလိုလာလို့ရှိရင် ဘာမျက်လုံးဖြစ်သွားမလဲ … (သမ္မာဒိဋ္ဌိမျက်လုံးပါဘုရား)။
အဲဒီတော့ ဘုန်းကြီးကပြောတုန်းက သုတမယဥာဏ်နဲ့ ခင်ဗျားတို့ ဥာဏ်ထဲမှာရောက်ပါပြီ … (မှန်ပါ့)၊ သြော် … သမ္မာဒိဋ္ဌိမျက်လုံးဆိုတာ တခြားမဟုတ်ပါဘူး၊ တဿတဥစ္ဆေဒ လွတ်ပြီး မြင်တဲ့ မျက်လုံး ကို ဘာခေါ်ကြမယ် … (သမ္မာဒိဋ္ဌိမျက်လုံးပါ)၊ တမြင်တည်းမြင်နေတယ်ဆိုရင် သဿတပဲ၊ မြင်တာ ကလေးလုံးဝပြတ်သွားတယ်ဆိုရင်လညး … (ဥစ္ဆေဒမျက်လုံးပါဘုရား)။
အခုတော့ဖြင့် ဒကာ ဒကာမတို့ မြင်လိုက်ပျက်လိုက်။ မြင်လိုက်ပျက်လိုက်။ မြင်လိုက်ပျက်လိုက်၊ မြင်လိုက်မမြင်လိုက် ဒီလိုမနေဘူးလား … (နေပါတယ်ဘုရား)၊ အဲ … မြင်လိုက် မမြင်လိုက် ဒီလိုနေတဲ့ အခါကျတော့ မြင်နေတဲ့ဟာ စက္ခုဝိညာဏ်စိတ်ကလေးဖြစ်နေတာပဲ မမြင်တော့ဘူးဆိုရင် မြင်တဲ့စိတ်ကလေး ဘယ့်နှယ်တုံး … (ပျက်သွားပါတယ်ဘုရား)။
သဿတဒိဋ္ဌိစင်တယ်
အဲဒီတော့ ဒကာသစ်တို့က သြော် … ဖြစ်မှု ပျက်မှုသာ ရှိတယ်လို့ မယူပေဘူးလား … (ယူပါတယ်ဘုရား)၊ ခိုင်နေမှု ပြတ်သွားမှုရှိရဲ့ လား … (မရှိပါဘုရား)၊ ဘာရှိပါလိမ့် … (ဖြစ်မှု ပျက်မှုပဲရှိပါတယ်ဘုရား)။
အဲဒီတော့ ဖြစ်မှုပျက်မှုပဲရှိတယ်ဆိုတော့ သဿတဒိဋ္ဌိမစင်လား … (စင်ပါတယ်ဘုရား)။
ဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း အဲလို ပဋိစ္စသမုပ္ပာဒ် တရားမှပျက်မှု ကလေးမြင်ပြန်တော့လဲ … (သဿတစင်ပါတယ်)၊ ခိုင်တယ်မြဲတယ်ဆိုတဲ့ သဿတယူသေရဲ့ လား … (မယူပါဘုရား)၊ သြော် … ၃၁ ဘုံမှာဖြင့် ဘာရှိလိမ့် … (ဖြစ်မှုပျက်မှုသာရှိပါတယ်)၊ အင်း …ဒီအမြင် ဘာအမြင်ပါလိမ့်ဗျာ … (သမ္မာဒိဋ္ဌိအမြင်ပါဘုရား)၊ သဿတလမ်းလား၊ ဥစ္ဆေဒလမ်းလား … (မဟုတ်ပါ ဘုရား)၊ ဟာ … ဒါဖြင့် အလယ်လမ်းရောက်ပြီ … (မှန်ပါ့)၊ အလယ်လမ်းဆိုတော့ ဒီအမြင်သည် မဂ္ဂင်ပါမပါ … (ပါပါတယ်ဘုရား)။
ဒါဖြင့် မဇ္စျိမပဋိပဒါ တထာဂတေန အဘိသမ္ဗဒ္ဓါဆိုတဲ့ အလယ်လမ်း အမြင်ကော မရသေးဘူးလား … (ရပါတယ်ဘုရား)။
ဒါဖြင့် ဒီအမြင်ရလို့ရှိရင်ဖြင့် ဒီအမြင်သည် ဆရာဘုန်းကြီးပြောတဲ့အမြင်ပဲ၊ ဆရာဘုန်းကြီးပြောလို့ ကြားသိရပြီ၊ သဘောကျပလား … (ကျပါပြီ)၊ အိမ်ရောက်တဲ့အခါမှာဖြစ်စေ၊ လမ်းမှာဖြစ်စေ ဘယ်နေရာမှာပေါ်ပေါ် ခြေဖ၀ါးပြင်ပေါ်တဲ့ စိတ်ကလေး ကြည့်လိုက်ပြန်လည်း ဒီနေရာပေါ်ပြီးနောက် … (ဒီနေရာမှာပဲပျက်တာပဲ)၊ ခြေဖ၀ါးယားတဲ့ စိတ်ကလေးဟာကော … (ဒီနေရာပေါ်ပြီးတော့ ဒီနေရာပျက်ပါတယ်ဘုရား)။
ဒါကလေးတွေမြင်မြင်၊ မြင်ပြီးသကာလနေတော့ သဿတအမြင် ဥစ္ဆေဒအမြင်ဟာ သူတစ်ပါး ပါးစပ်မှာ လမ်းဆုံးတာလား ကိုယ့်ဥာဏ်ကိုယ်မြင်တာလား … (ကိုယ့်ဥာဏ်ကိုယ်ပိုင်မြင်တာပါ) အဲဒါသမ္မာဒိဋ္ဌိပဲ၊ အဲဒါအမြင်မှန်ပဲ … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီဘုရား)။
ပြောသံကြားအမြင်လမ်းမဆုံးနဲ့
ဒါဖြင့် သူတစ်ပါးပြောသံကြားနဲ့ မြင်နေတဲ့ အမြင်ကို ဒကာ ဒကာတို့ လမ်းမဆုံးဘဲနဲ့ ကိုယ်တိုင် ရှုပွားတဲ့ အမြင်မှာလမ်း ဆုံးကြမယ်ဆိုရင် ဒါ တစ်သံသရာလုံး ကန်းလာတဲ့ မျက်လုံးဟာ အလင်းရတဲ့နေ့လို့ ဆုံးဖြတ်ချက်ချပါ … (မှန်ပါ့ဘုရား)။
အဲဒီတော့ ဒါသမ္မာဒိဋ္ဌိဆိုတာ အမြင်မှန်ပေါ့ဗျာ … (မှန်ပါ့)၊ သောတာပန်လည်း ဒီအမြင်ကို မြင်တာပဲ၊ သကဒါဂါမ်ကော … (ဒီလိုမြင်တာပါပဲ)၊ အနာဂါမ်ဖြစ်တဲ့ ပုဂ္ဂိုလ်ကော … (ဒီလိုပဲမြင်ပါတယ်)၊ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်ကော … (ဒီလိုမြင်တာပါပဲဘုရား)။
အဲဒီတော့ ဒီအမြင်ကို တပည့်တော်တို့ အခုဆရာသမားပြောလို့ ယားတယ်၊ ယားတဲ့ဝေဒနာကလေးသည် ဤနေရာမှာပေါ်ပြီး ဤနေရာမှပျောက်တယ်လို့တပည့်တော်တို့ လိုက်ရှုနေတယ်ဘုရာ့၊ လိုက်ရှုနေရင် ခင်ဗျားတို့ပေါ်တာလည်းသိ၊ ပျက်တာလည်းသိဆိုတော့ ခင်ဗျားတို့ အလယ်လမ်းနဲ့ သိပါပြီ … (မှန်ပါ့ဘုရား)။
အဲဒါ သူတစ်ပါး ပြောတာလား၊ ကိုယ်ပိုင်ဥာဏ်နဲ့တွေ့တာလား … (ကိုယ်ပိုင်ဥာဏ်နဲ့ပါဘုရား)၊ ကိုယ်ပိုင်ဥာဏ်နဲ့ တွေ့တဲ့အခါကျလို့ရှိရင်ဖြင့် “ဧတ္တာဝတာခေါကစ္စနာ သမ္မာဒိဋ္ဌိဟောတိ” သမ္မာဒိဋ္ဌိဥာဏ်ဖြစ်တာပါပဲတဲ့ … (မှန်ပါ့)၊ သူတစ်ပါးပြောတဲ့ ဥာဏ်မဟုတ်တော့ဘူး … (မှန်ပါ့)၊ ကိုယ်ပိုင်ဥာဏ်နဲ့ ကိုယ်တိုင်သိတာပဲ … (မှန်ပါ့ဘုရား)။
အပါယ်အထိုက်လျှောက်ပိတ်ပြီ
အဲဒီတော့ ကိုယ်ပိုင်ဥာဏ်နဲ့ ကိုယ်တိုင်သိသွားတော့ သဿတဒိဋ္ဌိဝမ်းထဲမှာ ရှိသေးရဲ့ လား … (မရှိပါဘုရား)၊ ဥစ္ဆေဒဒိဋ္ဌကော … (မရှိပါဘုရား)၊ ထိုကဲ့သို့မရှိရင် ဒါဟာ အပါယ်တံခါး အထိုက်အလျောက် ပိတ်ပြီ … (မှန်ပါ့)၊ ဒီ ဒိဋ္ဌိနှစ်ခုအပါယ်ပို့နေတာကိုး … (မှန်ပါ့ဘုရား)။
ဒီ ဒိဋ္ဌနှစ်ခု အပါယ်ပို့နေတာ ဒီ ဒိဋ္ဌိနှစ်ခု ရှိသေးရဲ့ လား … (မရှိပါဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိနိရောဓော နိဗ္ဗာနံ ဖြစ်ပြီ …. (မှန်ပါ့)၊ ဒိဋ္ဌိချုပ်တဲ့ နိဗ္ဗာန် ရှင်းကြပလား … (ရှင်းပါပြီဘုရား)။
သောတာပတ္တိမဂ်ရတယ်ဆိုတာ ဒိဋ္ဌိသတ်တဲ့မဂ်ရတာပဲ …. (မှန်ပါ့)၊ အခုတော့ ဒကာ ဒကာမတွေ ကိုယ်တိုင် မြင်ပြီဆိုမှဖြင့် ဒကာ ဒကာမတွေ သာလိုက်ကြတော့ ကိုယ်တိုင်မြင်လို့ရှိရင်ဖြင့် ဖြစ်တာကလေးတွေ ကိုယ်တိုင်မြင်ရင် ဥစ္ဆေဒိဋ္ဌိ စင်နေပြီ … (မှန်ပါ့)၊ ပျက်တာကလေးတွေကိုယ်တိုင် မြင်နေရင် … (သဿတဒိဋ္ဌိစင်ပါတယ်ဘုရား)။
ဒါဖြင့် သဿတဥစ္ဆေစနှစ်ဘက်စွန်း လွတ်ကင်းတဲ့ သဿတဥစ္ဆေဒကြားထဲမှာ မြင်တဲ့အမြင် ဟုတ်ပါရဲ့လား …(ဟုတ်ပါတယ်ဘုရား)၊ ဒါဖြင့် မဇ္စျိမပဋိပဒါ အလယ်လမ်းအမြင်ဟုတ်ပါရဲ့ လား … (ဟုတ်ပါတယ်ဘုရား)။
ဒီအမြင်ရရင် နိဗ္ဗာန်ရောက်တာပဲ
ဒီအလယ်လမ်းအမြင်သည်ကားလို့ ဆိုလို့ရှိရင် “ဧကာယ နောယံဘိက္ခဝေမဂ္ဂေါ ” ဘိက္ခဝေ၊ ရဟန်းတို့။ အယံမဂ္ဂေါ ဤအလယ်လမ်း အမြင်သည် “ဧကာယနော တစ်ကြောင်းတည်းနဲ့” နိဗ္ဗာန်ရောက်၏ … (မှန်ပါ) ဒီအမြင်သာရပါစေ နိဗ္ဗာန်ကိုပို့ပေးပါလို့ မဆိုရတော့ပါဘူး၊ ဒီအမြင်သာရလို့ရှိရင် နိဗ္ဗာန်ရောက်တာပဲ … (မှန်ပါ့ဘုရား)။
သြော် … ဒါဖြင့် ဒီအမြင်သည် ဒကာ ဒကာမတို့ ခဲခဲယဉ်းယဉ်လား၊ ကိုယ့်ခန္ဓာကိုအကြည့် ကောင်းရင် … (မြင်ရမှာပါဘုရား)၊ မြင်နိုင်ပါတယ်။ ဒါဖြင့် သမ္မာဒိဋ္ဌိဆိုတာ ဘာတုံး၊ သောတာပန်မျက်လုံး … (မှန်ပါ့ဘုရား)။
သမ္မာက မှန်ကန်တာ။ ဒိဋ္ဌိကမြင်တာ၊ အမှန်မြင်တဲ့ မျက်လုံးဆိုတော့ ဒကာ ဒကာမတို့ တကယ်သာ မြင်ကြပါစေ သောတာပန်မျက်လုံးရတယ် … (မှန်ပါ့)၊ သောတာပန် မျက်လုံးရတော့ စတူဟာပါယေဟိစ၀ိပ္ပ မုတ္ထောဆိုတဲ့အတိုင်း အပါယ်လေးပါးဟာ ဘယ်နှယ့်နေသတုံး … (လွတ်ပါတယ်)၊ ဘယ်မျက်လုံးရလို့ပါလိမ့်ဗျာ … (သောတာပတ္တိမျက်လုံးရလို့ပါဘုရား)၊ သဘောကျပါလား … (ကျပါပြီဘုရား)။
အဲ သောတာပတ္တိမျက်လုံးဆိုတာ မဇ္ဈိမပဋိပဒါ အဖြစ်နဲ့ မြင်တဲ့မျက်လုံး … (မှန်ပါ့ဘုရား)။
ဘယ်မျက်လုံးပါလိမ့် … (မဇ္စျိမပဋိပဒါမျက်လုံးပါ)၊ သဿတအမြင်ကော ဟုတ်သေးရဲ့ လား … (မဟုတ်ပါဘုရား)၊ ဥစ္ဆေဒအမြင်ကော … (မဟုတ်ပါဘုရား)၊ ဘယ်အမြင်ပါလိမ့် …. (အလယ်လမ်း အမြင်ပါဘုရား)။
အလယ်လမ်းအမြင်ဟာ သောတာပန်အမြင်
အဲဒီအလယ်လမ်း အမြင်ဟာ သူများပြောနဲ့ လမ်းမဆုံးဘဲနဲ့ ကိုယ်တိုင်အမြင်ရောက်လို့ရှိရင် သောတာပန်အမြင် … (မှန်ပါ့ဘုရား)။
အဲဒါကြောင့် အိမ်ကျတော့ ထိုင်ကြည့်စမ်းပါ၊ ရှုကြစမ်းပါ၊ လမ်းမှာသွားလို့ရှိရင်လည်း ခြေဖ၀ါးပြင်မှာပေါ်တဲ့ ဓမ္မကလေး၏ ဖြစ်ပုံ ပျက်ပုံကလေးတွေ ကြည်စမ်းပါ၊ ကောင်းတာကလေး တွေလည်း ညောင်းတာနဲ့ မညောင်းတာကြည့်ကြစမ်းပါ … (မှန်ပါ့)၊ ခြေထောက်ကလေးတွေ လှုပ်တယ်ဆိုရင် လှုပ်တာနဲ့ ငြိမ်တာ ကလေးတွေဟာ တခြားစီပါလား … (မှန်ပါ့ဘုရား)။
အဲဒီကဲ့သို့ ကြည့်သွားတဲ့အခါကျလို့ရှိရင်ဖြင့် ခန္ဓာကိုယ်ထဲမှာ လှုပ်မှုအလှုပ်ပြီး ပျက်တာပဲငြိမ်မှုကော … (ငြိမ်ပြီး ပျက်တာပါပဲ) ငြိမ်ပြီး ပျက်တာပဲဆိုတာ သိသိသိသိသွား ကိုယ်တိုင်မြင်သွားပြီဆိုမှဖြင့် သမ္မာဒိဋ္ဌိဖြစ်တာပဲ … (မှန်ပါ့ဘုရား)။
အဲဒီတော့ ဒါဟာ သဿတ အမြင်ဟုတ်ပါရဲ့ လား … (မဟုတ်ပါဘုရား)၊ ဥစ္ဆေဒအမြင်ကော … (မဟုတ်ပါဘုရား) ဘယ်အမြင်ပါလိမ့် … (အလယ်လမ်းအမြင်ပါဘုရား)၊ အလယ်လမ်းဆိုတော့ မဂ္ဂင်အမြင်ပေါ့ဗျာ … (မှန်ပါ့)၊ မဇ္စျိမပဋိပဒါ တထာဂတေန အဘိသမ္ဗုဒါမဇ္ဈိမပဋိပဒါ ဆိုတာ အလယ်လမ်း အကျင့်ပဲ … (မှန်ပါ့)၊ အလယ်လမ်းဥာဏ်နဲ့ မြင်တာရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒကာသစ် ဘယ်အမြင်နဲ့ မြင်သတုံး … (အဘယ်လမ်းအမြင်နဲ့ မြင်ပါတယ်ဘုရား)။
အလယ်လမ်းမြင်တဲ့အကျိုး
အလယ်လမ်း ဥာဏ်နဲ့မြင်တော့ ကဲ … အကျိုးပေးပြပါတော့မယ် ဒကာ ဒကာမတို့ ဒါက ကြားစိတ်ကလေး နားထဲမှာပေါ်ပြီး နားထဲမှာပျက်တယ်လို့ ဟောဒီမဂ္ဂင်နဲ့ မြင်ပြီဆိုပါတော့ဗျာ … (မှန်ပါ့)၊ ကြားရလို့ ကျုပ်ငိုချင်တယ်ဆိုတာကော … (မလာပါဘုရား)၊ ကြားရလို့ ဒုက္ခဖြစ်လာတယ် … (မလာပါဘုရား)၊ ကြားရလို့ ဒေါမနဿဖြစ်တယ် … (မလာပါဘုရား)၊ ကြားရတာနဲ့ ကျုပ်ဖြင့် ကိုယ်ကြီး ပစ်လှဲချင်တာပဲ … (မလာပါဘုရား)၊ သောကပရိဒေ၀ ဒုက္ခဒေါမနဿ ဥပယာသတွေဟာ အလယ်လမ်း အမြင်ကတည်းကချုပ်ပြီ … (မှန်ပါ့)၊ မချုပ်သေးဘူးလား … (ချုပ်ပါတယ်ဘုရား)၊ ဘယ်လမ်းအမြင်ကြောင့်ပါလိမ့်… (အလယ်လမ်းအမြင်ကြောင့်ပါဘုရား)။
ပဋိစ္စသမုပ္ပါဒ်ချုပ်တယ်
သြော် … ဒါဖြင့် မြင်စိတ်ကလေး ဖြစ်ပျက်ရှုရခြင်းသည် အမြင်မှန်ရလို့ ပဋိစ္စသမုပ္ပာဒ်ချုပ်သွားနိုင်ပါ ကလား … (မှန်ပါ့)၊ တစ်ခါကြားစိတ်ကလေး ဖြစ်ပျက်ရှုခြင်းသည် ငိုသံကြားလို့ ရှုရလို့ ရှိရင်လည်း သောကပရိဒေ၀ ဒုက္ခဒေါမနဿချုပ်တာပဲ … (မှန်ပါ့ဘုရား)။
တစ်ခါ ဟိုအိမ်ကနေပြီး ငွေတွေရေတွက်ပြီးသကာလ သူတို့မှာ အကျိုးပေးနေလို့ ပြုံးတဲ့အသံ ရယ်တဲ့အသံတွေကြားပြန်တော့လည်း ဒကာသစ်တို့က ကိုယ့်နားထဲကြားစိတ်မပေါ်ဘူးလား … (ပေါ်ပါတယ်)၊ ကြားစိတ်ပေးတော့ ကြားစိတ်ကို ဖြစ်ပျက်ရှုလိုက်၊ အလယ်လမ်းနဲ့ရှုလိုက်တဲ့ အခါကျတော့ တို့လည်းရအောင် ရှာဦးမယ်ဆိုတဲ့ တဏှာလာသေးလား … (မလာပါဘုရား)၊ မရမနေဘူးကွဆိုတဲ့ ဥပါဒါန်ကော … (မလာပါဘုရား)။
ဒုက္ခစက်ကြီးပြတ်တယ်
အို … ကိုယ့်မှာလည်းကွာ ပါးစပ်နဲ့ လက်နဲ့ပဲဆိုတဲ့ ကာယကံ၊ ၀စီကံကော လာသေးရဲ့ လား … (မလာပါဘုရား)၊ ဒီကျတော့ တဏှာဥပါဒါန်ကံချုပ်တယ် … (မှန်ပါ့)၊ ၀မ်းသာတဲ့ အသံကြားရလို့ ကြားစိတ်ကလေး ဖြစ်ပျက်ရှုလိုက်ပြန်တော့ တဏှာဥပါဒါန် ကံချုပ်တယ် … (မှန်ပါ့)၊ ၀မ်းနည်းတဲ့ အသံကြား ရပြန်တော့ ကိုယ့်ကြားစိတ်ကလေး ကိုယ်ပြန်ရှုလိုက်ပြန်တော့ သောကပရိဒေ၀ဒုက္ခဒေါမနဿ မချုပ်ဘူးလား … (ချုပ်ပါတယ်)၊ အဲ … ပဋိစ္စမမုပ္ပာဒ် အလယ်ကကော … (ပြတ်ပါတယ်) ၊ အဆုံးကတော့ … (ပြတ်ပါတယ်ဘုရား)။
သြော် … ဒီလိုနည်းကောင်းနည်းနာ အလယ်လမ်းနဲ့ ရှုလိုက်ပြန်တော့ ပဋိစ္စသမုပ္ပာဒ်ဆိုတဲ့ ဒုက္ခစက်ကြီးဟာ ဘယ်နှယ့်နေသတုံး … (ပြတ်ပါတယ်)၊ နိဗ္ဗာန်ရောက်တယ်ဆိုတာ ဒုက္ခစက်ပြတ်တာပဲ … (မှန်ပါ့ဘုရား)။
နိဗ္ဗာန်ရောက်တယ်ဆိုတာဘာတုံး
နိဗ္ဗာန်ရောက်တယ်ဆိုတာ ဘာတုံး … (ဒုက္ခစက်ကြီးပြတ်တာပါဘုရား)၊ ဒုက္ခစက်ပြတ်တာပဲဆိုတာ သဘောကျပလား … (ကျပါပြီ)၊ ဒုက္ခစက်ကို ဘယ်သူဖြတ်လိုက်သတုံးဆိုတော့ အလယ်လမ်း မဂ္ဂင်က ဖြတ်လိုက်တယ် … (မှန်ပါ့ဘုရား)။
ဒါဖြင့် ကျုပ်တို့ ဘယ်လမ်းက လိုက်ကြမယ် … (အလယ်လမ်းလိုက်ကြပါမယ်ဘုရား)၊ ခိုင်တဲ့ လမ်းလည်းမကြည့်ပါနဲ့၊ ပြတ်တဲ့လမ်းလဲ … (မကြည့်ပါနဲ့)၊ ဖြစ်လိုက်ပျက်လိုက်သာ ရှိတယ်လို့ အသိဆိုတဲ့အလယ် လမ်းလိုက်ပါ … (မှန်ပါ့ဘုရား)။
အဆုံးကချုပ်တယ်
လိုက်လို့ရှိရင်ဖြင့် အဆုံးလမ်း ဖြတ်ပုံကလေး နည်းနည်း ပြောပါဦးမယ်၊ ခုနင်က အသံကလေးတစ်ခု ကြားရတာနဲ့ ဒကာ ဒကာမတို့ ဖြစ်ပျက်ရှုလိုက်တယ် ကိုယ့်နားထဲက ဖြစ်ပျက်ရှုလိုက်တယ် သောကပရိဒေ၀ ဒုက္ခဒေါမနဿတွေ ပဋိစ္စသမုပ္ပာဒ်အဆုံးက မချုပ်ဘူးလား … (ချုပ်ပါတယ်)၊ ဟိုအိမ်ကငွေရလို့ ၀မ်းသာတာ ကြားနေရတဲ့စိတ်ကလေး ဖြစ်ပျက်ရှုလိုက်တော့လည်း ကိုယ်လည်း လိုချင်တယ် ကိုယ်လည်း စွဲလမ်းတယ်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် အလယ်က နေနေပြီး မချုပ်ဘူးလား … (ချုပ်ပါတယ်ဘုရား)၊
အစကချုပ်တယ်
ကဲ … အစက ချုပ်ပုံပြပါဦးမယ်တဲ့၊ ဒကာ ဒကာမတို့နော် … (မှန်ပါ့ဘုရား)၊ ကဲ … ဟိုအိမ်ကနေပြီး ပြောဆိုကြတယ်၊ ဒကာသစ်နားထဲ ကြားစိတ်ကလေးပေါ်တော့ ဒါကလေးကို ဖြစ်ပျက်ရှုလိုက်တာပေါ့၊ ဖြစ်ပြီးပျက်တဲ့ ဓမ္မကလေးတစ်ခု ကိုယ့်သန္တာန်မှာ မပေါ်ဘူးလား … (ပေါ်လာပါတယ်ဘုရား)။
ပေါ်တာကလေး ရှုလိုက်တဲ့အခါကျတော့ ရှုလိုက်တဲ့ မဂ္ဂင်အ၀ိဇ္ဇာလား၊ ၀ိဇ္ဇာလား … (၀ိဇ္ဇာပါ)၊ ၀ိဇ္ဇာမဂ္ဂင်နဲ့ ရှုလိုက်တော့ အ၀ိဇ္ဇာသင်္ခါရက နောက်ကလိုက်သေးရဲ့ လား … (မလိုက်ပါဘုရား)၊ ဒါဖြင့် ရှုလိုက်တဲ့ ပုဂ္ဂိုလ်မှာဖြင့် အ၀ိဇ္ဇာသင်္ခါရ ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် အစကလည်း ဘယ့်နှယ့်နေသတုံး … (ပြတ်ပါတယ်ဘုရား)။
ဒါဖြင့် ပဋိစ္စသမုပ္ပဒ်အစက ပြတ်တာလည်း ဒကာ ဒကာမတို့ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်တာပဲ … (မှန်ပါ့ဘုရား)၊ ပဋိစ္စသမုပ္ပါဒ်အလယ်က ပြတ်ကော … (ဖြစ်ပါတယ်ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် အဆုံးကပြတ်ကော … (ဖြစ်ပါတယ်ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ နားထဲက ကြားတဲ့စိတ်ကလေး တစ်ခုတည်းရှုလိုက်တာနဲ့ ပဋိစ္စသမုပ္ပါဒ် အစကလည်း ပြတ်နိုင်ပါတယ် … (မှန်ပါ့)၊ အလယ်ကကော …(ပြတ်နိုင်ပါတယ်ဘုရား)၊ အဆုံးကလည်း … (ပြတ်နိုင်ပါတယ်ဘုရား)၊
နှာခေါင်းပေါက်လည်း ဒီအတိုင်းရှုရင်ကော … (ပြတ်ပါတယ်)၊ ပဋိစ္စသမုပ္ပဒ် အစပြတ်၊ အလည်ပြတ်၊ အဆုံးပြတ်ဆိုတာ မလာပေဘူးလား … (လာပါတယ်ဘုရား)၊
အေး … ဒါကြောင့် ကြံတဲ့စိတ်ကလေး ပေါ်လာရင် ဘာလုပ်မယ် … (ဖြစ်ပျက်ရှုရပါ့မယ်)၊ ဒါဖြင့် ရှေ့ကို တန်းပြီးသွားတဲ့ ပဋိစ္စပသုပ္ပါဒ် လာနိုင်သေးရဲ့ လား … (မလာနိုင်ပါဘုရား)၊ မလာနိုင်လို့ရှိရင် အစကလည်း ပြတ်တယ်ဆိုရင် လွဲပါ့မလား … (မလွဲပါ)၊ အလည်ကပြတ်တယ်ဆိုရင် … (မလွဲပါဘုရား)၊ အဆုံးကပြတ်တယ်ဆိုရင် … (မလွဲပါဘုရား)။
ခြောက်မျိုးပေါ်ရာရှုလိုက်ပါ
ဒါဖြင့် ဒကာ ဒကာမတို့ စက္ခုဝိညာဏ် စိတ်၊ သောက ၀ိညာဏ်စိတ်၊ ဃာန၀ိညာဏ်စိတ်၊ ဇိဝှာဝိညာဏ်စိတ်၊ ကာယ၀ိညာဏ်စိတ်၊ မနောဝိညာဏ်စိတ်ဆိုတဲ့ စိတ်ခြာက်မရှိဘူးလား … (ရှိပါတယ်ဘုရား)၊ အဲဒီခြောက်မျိုးပေါ်ရာကိုသာ လိုက်ရှုပါ၊ ပဋိစ္စသမုပ္ပါဒ် အကုန်ဖြတ်တာဟူသ၍သည် အလယ်လမ်း သမ္မာဒိဋ္ဌိကဖြတ်တာ … (မှန်ပါ့ဘုရား)။
ဒါဖြင့် အပါယ်သွားမည့် ပဋိစ္စသမုပ္ပာဒ်ဟာ အစပြတ်မသွားလဲ အပါယ်ရောက်အောင် သွားမှာပဲ … (မှန်ပါ့)၊ အလယ်မဖြတ်နိုင်ရင်လဲ … (အပါယ်ရောက်အောင်သွားမှာပါပဲ)၊ အဆုံးကမဖြတ်နိုင်ရင် … (အပါယ် ရောက်အောင် သွားမှာပါဘုရား)၊ ဒါဖြင့် အပါယ်လေးပါး တံခါးပိတ်ဆိုတာ ဒီအလယ်လမ်းသမ္မာဒိဋ္ဌိပဲ … (မှန်ပါ့)၊ ပေါ်ကြပြီလား … (ပေါ်ပါပြီဘုရား)။
သံသရာစခန်းသတ်တယ်
ဒါဖြင့် သမ္မာဒိဋ္ဌိအလုပ်ကို လုပ်မှသာလျှင် ကျုပ်တို့သည် သံသရာစခန်းသတ်မယ်ဆိုတော့ ပဋိစ္စသမုပ္ပါဒ်အစက စခန်း သတ်တယ်၊ အလယ်ကစခန်းသတ်တယ်၊ အဆုံးကကော … (စခန်းသတ်ပါတယ်ဘုရား)။
ဒါဖြင့် ဒီပဋိစ္စသမုပ္ပါဒ်အစက စခန်းသတ်တာသည် သံသရာ စခန်းသတ်တာပဲဆိုတော ခန္ဓာတွေ အာယတနတွေ ကယ်နိုင်သေးရဲ့ လား … (မကယ်နိုင်ပါဘုရား)၊ ဘယ်လမ်းလိုက်မိပါလိမ့် … (အလယ်လမ်းလိုက်မိပါတယ်ဘုရား)၊ အလယ်လမ်းက အမှန်မျက်လုံးလား၊ အမှားမျက်လုံးလား … (အမှန်မျက်လုံးပါဘုရား)။
အဲဒီအမှန်မျက်လုံးရတာနဲ့ ကစ္စာနဂေါတ္တဟာရဟန္တာဖြစ်တာပဲ … (မှန်ပါ့)၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)၊ ဒါဖြင့် ဖြစ်ပျက်မြင်အောင် ကြည့်ပါ အလယ်လမ်းနဲ့ကြည့် … (မှန်ပါ့) ဖြစ်ပျက်မုန်းအောင် ကြည့်ပါ … (အလယ်လမ်းနဲ့ ကြည့်ရပါမယ်ဘုရား) ဖြစ်ပျက်တွေ အဆုံးမြင်တာကော … (အလယ်လမ်းနဲ့ မြင်တာပါဘုရား)။
ခန္ဓာဇာတ်သိမ်းငြိမ်းရာနိဗ္ဗာန်
အဲ … အလယ်လမ်းကို သုံးခါလောက် လိုက်လိုက်လို့ ရှိရင်ဖြင့် ပဋိစ္စသမုပ္ပာဒ် အစကလည်းပြတ် အလယ်ကလည်းပြတ်၊ အဆုံးကလည်းပြတ်သောကြောင့် ခင်ဗျားတို့ ခန္ဓာဇာတ်သိမ်း ငြိမ်းရာနိဗ္ဗာန်ဆိုတာ သူတို့မဆက်တာကို ဆိုပါတယ် … (မှန်ပါ့)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
အဲဒါသူများပြောလောက်နဲ့ပဲ သိမနေစေနဲ့ ကိုယ်တိုင်သိအောင် လုပ်ကြလို့ရှိရင်ဖြင့် သောတာပန်အရေးဟာ ဒါမြင်ရင်ပြီးတာပဲ … (မှန်ပါ့)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ကိုင်း … ယနေ့ဒီတွင် တော်ကြဦးစို့။
သာဓု … သာဓု … သာဓု …။