ကိုယ်နဲ့တော်တဲ့တရားကို ရှာပါ
(၀ိပဿနာတရားအားထုတ်နည်း)
ဟောကြားသည့်နေ့ ၁၉-၁၀-၆၁
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူသော သစ္စာလေးပါး တရားတော် အမှတ်စဉ် (၂၂) မှ ထုတ်နှုတ်ပုံနှိပ်ပါသည်။
စာအုပ်ငယ် အမှတ်စဉ် (၂၁)
ဒကာ ဒကာမတွေ နိဗ္ဗာန်ရောက်ကြောင်း တရားအစစ်ဆိုတဲ့ ဥစ္စာ၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး သူကိုယ်တိုင် သူ့ဟာသူမေးပြီးသကာလ သူ့ဟာသူ ဖြေတော်မူတယ်နော်... (မှန်လှပါဘုရား)။
နိဗ္ဗာန်ရောက်ကြောင်းတရားကို သူတစ်ပါးက မမေးရပါဘူး။ သူ့ဟာသူမေးပြီးသကာလ သူ့ဟာသူ ဖြေတယ်... (မှန်ပါ့ဘုရား)။
ဒီလိုဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ စဉ်းစားခန်းဝင်ရမယ်။ ဘယ်လိုစဉ်းစားခန်း ၀င်ရမတုံးဆိုတော့ နိဗ္ဗာန်ရောက် ကြောင်းတရား ... ဘယ်သူဖြေမတုံးဟေ့ ... လို့ ဘုရားက မေးလိုက်လို့ ရှိရင်ဖြင့် ဘုရား... ဘုရားချင်းမှ ဖြေနိုင်မှာ ပေါ့ဗျာ ... (မှန်ပါ့)
ဘုရား ... ဘုရားချင်းမှ ဖြေနိုင်မှာ ဖြစ်နေတော့ ဘုရားကလည်း နှစ်ဆူမပွင့်ကောင်းတော့ သူ့ဟာသူ ဖြေမှပဲ ကိုက်မယ် ... (မှန်ပါ့ဘုရား)။
ဘုရားကိုယ်တိုင်မေးပြီးဖြေတယ်
သူ့ဟာသူ ဖြေမှ တော်မယ်ဆိုတဲ့ အဓိပ္ပာယ်က သေသေချာချာ သက်ရောက်သွားပြီးတော့ သူ့ဟာသူမေးပြီး သူ့ဟာသူ ဖြေတယ်လို့ ဆိုသဖြင့်၊ ဘုရားသည် တို့အများကြီး ယုံကြည်ကိုးစားထိုက်တဲ့ ဘုရားပါကလား၊ ဘုရားကိုယ်တိုင် မေးပြီး သူတစ်ပါး အဖြေရှာစရာ ဖြေနိုင်မယ့် ပုဂ္ဂိုလ် မရှိလို့ သူ့ဟာသူ ဖြေပါလားလို့ ဆိုတာ မှတ်ထားရမယ် … (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်တရားတုံးလို့ မေးတဲ့ အခါကျမှ သံယုတ်ပါဠိတော်လို့ ဆိုသဖြင့် သြော် … ဒါဖြင့် ကိုယ်တော်တိုင် ပြောပြီး သူများ မရောတဲ့ တရားပဲဆိုတာ ပါဠိတော် ဆိုသဖြင့် ဒကာကြွယ် သူများ မရောတော့ဘူး … (မှန်ပါ့)။
အဋ္ဌကထာဆရာတွေ ဘုရားအလိုသိပြီး ပြောတဲ့ ဆရာတွေ သူ့အကြိုက်နဲ့ သူလိုက်ပြီး ပြောတဲ့ ဘေးပုဂ္ဂိုလ်၏ စကားတွေ ဘာတွေ မဟုတ်ဘူးလို့ ဆုံးဖြတ်ချက်ချ … (မှန်ပါ့)။
ကိုယ်တော်တိုင်မေးတယ်
အဲဒါကြောင့် … သူ့ဟာသူဖြေတယ် ဆိုတဲ့ စကားကို ဒကာ ဒကာမတွေက လေးစားစွာနဲ့၊ သြော် … ဒါကို ကိုယ်တော်ကြီးက သူ့ဟာသူ မေးပြီး သူ့ဟာသူဖြေတာ။ နိဗ္ဗာန်ရောက်ကြောင်းတရား ဘယ်တရားပါလိမ့်မတုံးလို့ သူ့ဟာသူ မေးလိုက်တယ် … (မှန်ပါ့)။
သူ့ဟာသူ့ပဲ အဖြေထုတ်တာ ထောက်လိုက်လို့ ရှိရင်ဖြင့် မတိမ်းမစောင်းတဲ့ သဘောပဲ။ တို့ ဒီအလုပ်ကို သေသေချာချာ လိုက်မှသာလျှင် တို့ အလိုရှိတဲ့ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို ဧကန် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်မယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ လေးစားစွာနဲ့ မှတ်ရမယ် … (မှန်ပါ့ဘုရား)။
ဘယ်တရားသည် နိဗ္ဗာန်ရောက်ပါလိမ့်
ကဲ… ဒါဖြင့် ပြောကြပါစို့။ သူ့ဟာသူ မေးလိုက်တယ်။ “ကတမော စ ဘိက္ခဝေ အသင်္ခတ ဂါမိ မဂ္ဂေါ“ ဒါ … ဘုရားက မေးလိုက်တယ် … (မှန်ပါ့)။
ဒကာ ဒကာမတွေက ပါဠိဖြစ်နေတော့ နားမလည်တော့ အဘယ်တရားသည် နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်ပါသတုံးတဲ့ … (မှန်ပါ့)။
ဘယ်သူက မေးပါလိမ့် … (ဘုရားက မေးပါတယ်ဘုရား)။ အဘယ်တရားသည် နိဗ္ဗာန် ရောက်ကြောင်း ဖြစ်ပါလိမ့်မလဲ လို့ သူ့ဟာသူမေးလိုက်တယ် … (မှန်ပါ့)။
ကိုယ်တော်တိုင်ဖြေတယ်
မေးပြီးသကာလ သူ့ဟာသူပဲ ဒကာ ဒကာမတို့ ဖြေလိုက်တယ် … (မှန်ပါ့) ၀ိပဿနာ ... တဲ့။ ဖြေလိုက်တယ် (မှန်ပါ့) ၀ိပဿနာ ဆိုတာ ပါဠိစကား … (မှန်ပါ့)။
ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အဘယ်တရားသည် နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်ပါလိမ့်မလဲလို့ ဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အင်း… ဘုရာဖြေသလို ဖြေကြလို့ ရှိရင်ဖြင့် ၀ိပဿနာ ပါဘုရားလို့ ဖြေရမယ် … (မှန်ပါ့) တခြားဖြေစရာ မရှိဘူး … (မရှိပါဘုရား)။ သေသေချာချာ သြော် … ဒီအရေးဟာ သာမညအရေး မဟုတ်ပါလား …၊ ကိုယ်တော်မြတ်ကြီးဟာ စကားနှစ်ခွန်း မပြောဘဲနဲ့ တစ်ခွန်းနဲ့ အမှန်ပြောတဲ့ ကိုယ်တော်ကြီး၏ စကားဖြစ်လေသောကြောင့် တို့ ဒီလမ်းကိုဖြင့် သူပြောတဲ့အတိုင်း လိုက်မှ တော်မယ်ဆိုတာ ဆုံးဖြတ်ချက်ကို အကြီးဆုံးချရမယ် … (မှန်ပါ့ဘုရား) အကြီးဆုံး ချပါ ဆိုတာကိုလည်း ဘုန်းကြီးက တိုက်တွန်းစရာ မလိုဘူး … (မှန်ပါ့)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် သူတစ်ပါး အဖြေ မပေးနိုင်တာ သိပြီးသားဖြစ်လို့ သူ့ဟာသူ အဖြေပေးလိုက်တာ … (မှန်ပ့ါ)။
နိဗ္ဗာန်ရောက်ကြောင်းတရားသည် ၀ိပဿနာ
မေးပုံက အဘယ်တရားသည် နိဗ္ဗာန်သို့ ရောက်ကြောင်း တရားဖြစ်ပါသလဲလို့ မေးလိုက်တယ် … (မှန်ပါ့) ဘုရားက ဘယ်နှယ့်ဖြေပါလိမ့် … (၀ိပဿနာဟာ နိဗ္ဗာန်ရောက်ကြောင်း ပါဘုရား) … ၀ိပဿနာလို့ ဖြေလိုက်တယ် … (မှန်ပါ့)။ သြော် … ဒါဖြင့် တို့သိပြီ။ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဖြေတာလည်း တို့ ပါးစပ်ထဲ ရောက်လာပြီ။ တို့ အလုပ် လုပ်ရမှာကဖြင့် ၀ိပဿနာအလုပ်ကို လုပ်ဖို့ပဲ။ တို့သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို အရယူချင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လေသောကြောင့် တခြားတောင်းစရာ ငဲ့စရာ ရွဲ့စရာ စောင်းစရာ မရှိဘဲနဲ့ ၀ိပဿနာ ဆိုတဲ့ တရားကိုပဲ ဒကာ ဒကာမတို့ အားထုတ်ရတော့မယ် … (မှန်ပါ့)။
အဲဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အယံ ၀ုစ္စတိ ဘိက္ခဝေ အသင်္ခတဂါမိမဂ္ဂေါ တဲ့။ အယံ ဤဆိုအပ်ပြီးသော ငါ့အဖြေကို၊ အသင်္ခတဂါမိ မဂ္ဂေါ နိဗ္ဗာန်သို့ ရောက်ကြောင်း တရားအစစ် ဖြစ်၏ဟူ၍၊ ၀ုစ္စတိ ဆိုအပ်၏ ဆိုတော့ ဘုရား သခင်ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ကလည်း သူ့ဟာသူ မေးပြီး သူ့ဟာသူ ဖြေတယ်တဲ့။ အဲဒီ ငါဖြေထားတာလည်း နိဗ္ဗာန်သို့ ရောက်ကြောင်း အစစ်လို့ မင်းတို့ သေသေချာချာမှတ် … (မှန်လှပါဘုရား)။
နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မလဲ
ဒီလိုဆိုတော့ အားလုံး ဒကာ ဒကာမတွေ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မလဲလို့ မေးတဲ့ အခါကျတော့ အိုဘေးမရှိတာ၊ နာဘေးမရှိတာ၊ သေဘေးမရှိတာ၊ သောကဆိုတဲ့ စိုးရိမ်မှု မရှိတာ၊ ဒုက္ခဆိုတဲ့ ကိုယ်၏ဆင်းရဲခြင်း မရှိတာ၊ ဒေါမနဿဆိုတဲ့ စိတ်၏ဆင်းရဲခြင်း မရှိတာ၊ ဥပါယာသဆိုတဲ့ ပြင်းစွာ ပူပန်ခြင်းတို့၏ သိမ်းတာ … (မှန်ပါ့)။ သြော် … နိဗ္ဗာန်ဆိုတာ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ စသည်တို့ သိမ်းတာကို နိဗ္ဗာန်လို့ခေါ်တယ် ဆိုတော့ တို့မှာလည်း ဒါတွေ အပြည့်အနှက် ရှိပြီး သကာလ နေသောကြောင့် ဒါတွေ သိမ်းချင်လို့ ရှိရင်ဖြင့် နိဗ္ဗာန် ရောက်ကြောင်းကို တို့ ကြိုးစားရမယ် … (မှန်လှပါဘုရား) နိဗ္ဗာန်ရောက်ကြောင်း ဘယ်တရားပါလိမ့် … (၀ိပဿနာပါဘုရား)။
ဝိပဿနာသည်သာ နိဗ္ဗာန်ရောက်ကြောင်းတရား
အဲ… ၀ိပဿနာတရားကို ဘုရားက လွဲသွားမှာ စိုးလို့ ဘိက္ခဝေ ငါ၏ချစ်သား တပည့်များတို့ အယံ ဤငါဆိုပြီးတဲ့ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်တဲ့ အသင်္ခတ ဂါမိမဂ္ဂေါ ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကို ၀ုစ္စတိ ငါသည် နိဗ္ဗာန်သို့ ရောက်ကြောင်း အစစ် ဖြစ်၏ ဟူ ၍ ဆိုအပ်၏ … (မှန်ပါ့)။
သြော် … ဒါဖြင့် ဒကာ ဒကာမတွေ ဘယ်လမ်းလိုက်ရမတုံး။ ဟိုလမ်းလိုက်ရတော်မလား… ဒီလမ်းလိုက်ရတော်မလားလို့ ဒကာကြွယ်တို့က ၀ိစိကိစ္ဆာမလာပါနဲ့တော့ … (မှန်ပါ့ဘုရား)။ အားလုံး ဒကာ ဒကာမတို့ ဟိုလမ်း ဒီလမ်း လိုက်ချင်စရာ လိုသေးသလား … (မလိုပါဘုရား)။ ဘာပဲ လုပ်ရမှာတုံး … (၀ိပဿနာပဲ လုပ်ရပါမယ်ဘုရား)။
အယံ ၀ုစ္စတိ ဘိက္ခဝေ အသင်္ခတဂါမိမဂ္ဂေါ အယံ ငါဆိုခဲ့တဲ့ ၀ိပဿနာအလုပ်ကို၊ အသင်္ခတဂါမိမဂ္ဂေါ မပြုပြင်ဘဲနဲ့ ရှိတဲ့ နိဗ္ဗာန်သို့ ရောက်ကြောင်း အစစ်အမှန်ဖြစ်၏ ဟူ၍ ၀ုစ္စတိ ဆိုအပ်၏တဲ့ … (မှန်ပါ့) ဆိုတော့ ဦးမာဒင်တို့ သံသယရှိဖို့ လိုသေးသလား … (မလိုပါဘုရား)။
အဲဒီတော့ ဒီပါဠိတော်ကြီးကိုပဲ ကိုယ်တော်တိုင် အခုဟောသလိုပဲ၊ ဒကာ ဒကာမတွေ ကြားနာပြီး သကာလ နေရတော့ နိဗ္ဗာန်သို့ ရောက်ကြောင်းတရား ဘယ်တရားပါလိမ့်မတုံးလို့ မေးလို့ ရှိရင်ဖြင့် အသင်္ခတဂါမိမဂ္ဂေါ ဟာ ဘယ်တရားတုံးလို့ မေးတော့ ၀ိပဿနာလို့ ဘုရားက သူ့ဟာသူ အဖြေထုတ်လိုက်တယ် … (မှန်ပါ့) ရှင်းပြီလား … (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်၊ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်၊ ထောင်ငါးရာ ကိလေသာတို့၏ ချုပ်ငြိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်ကြီးကို ရောက်ကြောင်းတရား အားထုတ်ချင်ပါတယ်ဆိုတဲ့ ဥစ္စာသည် ဒကာ ဒကာမတို့ ဘာအားထုတ်ကြမတုံး … (၀ိပဿနာ အားထုတ်ရပါမယ်ဘုရား)။
ဝိပဿနာပဲအားထုတ်ရမယ်
ဝိပဿနာပဲ အားထုတ်ရမယ်ဆိုတော့ ဒကာ ဒကာမတို့ အင်မတန် အားကိုးထိုက်တဲ ကိုယ်တော်ကြီး၊ ကျုပ်တို့ အရေးကြုံလို့ ရှိရင်လည်း ဘုရား ကယ်တော်မူပါ၊ တရားကယ်တော်မူပါ၊ ဘုရားဆိုတာ ကျုပ်တို့ အားကိုးရာ အစစ်အမှန်ဖြစ်ပြီး သကာလ သူ့ပဲ ယုံကြည်ကြ … (မှန်ပါ့)
သူ့ယုံကြည်ကြတော့ သူပြောတာ လိုက်နာရင် သူ့ယုံကြည်တာပဲ … (မှန်ပါ့)။ အဲဒီတော့ သူပြောတာကို ယနေ့က စပြီး သကာလ ငါတို့သည် ၀ိပဿနာဆိုတာ နိဗ္ဗာန်ရောက်ကြောင်း အစစ်ဖြစ်တယ် ဆိုပြီး သကာလ ကျုပ်တို့ ၀ိပဿနာ ရှုရလိမ့်မယ် … (မှန်ပါ့)။
ကျုပ်တို့ ဘာလုပ်ရမတုံး … (၀ိပဿနာ ရှုရမှာပါဘုရား) ၀ိပဿနာရှုရလိမ့်မယ်လို့ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ … (မှန်ပါ့)။
ဝိပဿနာ ရှုရလိမ့်မယ် ဆိုပြန်တော့လည်း ဒကာ ဒကာမတို့ ၀ိပဿနာဆိုတာ ရှုတော့ ရှုရတဲ့ တရားပဲ။ ဘယ်နေရာ ရှုရမှာတုံးလို့ မေးဖို့ မလိုဘူးလား … (လိုပါတယ်ဘုရား)
ဘယ်နေရာမှာ ရှုရမှာတုံး
ဘယ်နေရာမှာ ရှုရမှာတုံးလို့ မေးတဲ့အခါကျလို့ ရှိရင်ဖြင့် ၀ိပဿနာသည် ခန္ဓာအပေါ်မှာ ရှုပါ … (မှန်ပါ့)။ ဘယ်အပေါ်မှာ ရှုကြမလဲ … (ခန္ဓာအပေါ်မှာရှုရပါမယ်ဘုရား)။ သြော် … ၀ိပဿနာ ရှုဆိုတော့ ၀ိပဿနာ ရှုတာသည် နိဗ္ဗာန်ရောက်ကြောင်း တရားဆိုရင် အမှန်တော့ဖြစ်ပြီ။ ဘယ်အပေါ်မှာ ရှုရမှာတုံးလို့ တရားတစ်ပွဲလုံး မေးတော့ ဘယ့်နှယ် ဖြေကြမတုံး … (ခန္ဓာ အပေါ်မှာ ရှုရမှာပါဘုရား) ခန္ဓာအပေါ်မှာ ရှုရမယ် … (မှန်ပါ့ဘုရား) ဒကာ ဒကာမတို့ ခန္ဓာအပေါ်မှာ ရှုရမှာပဲ … (မှန်ပါ့ဘုရား)။ ဒါဖြင့် ၀ိပဿနာသည်ကားလို့ ဆိုလို့ ရှိရင် ခန္ဓာပေါ် ရှုရုံပဲဆိုတော့ ခန္ဓာပေါ် ဒီဝိပဿနာ ရှုစရာ ရှိတယ် ဆိုတာကို တစ်ထစ်ချ မှတ်လိုက် … (မှန်ပါ့)
ခန္ဓာပေါ်မှာ ရှုရမယ်
ဝိပဿနာ ရှုစရာဌာနသည် ဘယ်နေရာမှာ ပါလိမ့်လို့ ဒကာ ဒကာမတွေ စစ်တမ်းထုတ်ရင် ခန္ဓာပေါ်မှာပဲ … (မှန်ပါ့) ရှင်းပြီလား … (ရှင်းပါပြီဘုရား)။ ၀ိပဿနာ ရှုရမှာ ဘယ်အပေါ်မှာပါလိမ့် … (ခန္ဓာပေါ်မှာပါ ဘုရား) ခန္ဓာပေါ် ရှုရမယ်နော် … (မှန်ပါ့)။ ခန္ဓာ ပေါ်မှာ ရှုရတဲ့ အခါကျတော့ ခန္ဓာဆိုတာ ဘုရားတပည့်တော်တို့ ကြားဘူးတာ ငါးပါးပါပဲ … (မှန်ပါ့)။ ဒကာ ဒကာမတွေ တစ်ခါ ကိုယ်သိသလောက် ကလေးကိုတော့ဖြင့် ဆင်ခြေဆင်လက် ကလေးတော့ တက်ကြမှာပေါ့ဗျာ … (မှန်ပါ့) ကိုယ်သိသလောက်က ခန္ဓာငါးပါး ရှိတယ်လို့ သိထားတယ် … (မှန်ပါ့ဘုရား)။
ငါးပါးရှိတယ်လို့ သိထားတော့ ဒကာ ဒကာမတွေက မေးလိမ့်မယ် ခန္ဓာပေါ်ရှုဆိုတာ ဟုတ်ပြီဘုရား။ ခန္ဓာ ငါးပါးရှိတယ် ငါးပါးမှာ ဘယ်အပေါ်မှာ ရှုရမှာတုံးဆိုတဲ့ မေးခွန်းဟာလည်း မမေးလို့လည်း မကောင်းဘူး … (မှန်ပါ့) မေးလို့လည်း မေးထိုက်တဲ့ သဘော သက်ရောက်ပါတယ် … (မှန်ပါဘုရား)
ခန္ဓာကိုလေးပုံ ပုံပါ
အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခန္ဓာပေါ် ရှု ဆိုငြားသော်လည်းကွာတဲ့ … ငါ ခန္ဓာကို လေးပုံ ပုံထားပါတယ် … (မှန်ပါ့) သေသေချာချာ မှတ်ပါ … (မှန်ပါ့)။
ခန္ဓာပေါ်ရှုဆိုတော့ ခန္ဓာက ငါးပါးဖြစ်နေတော့ ခန္ဓာကို လေးပုံ ပုံလိုက်တယ်လို့ ပြောပြန်တယ် … (မှန်ပါ့ဘုရား)။ ခန္ဓာ ဘယ်နှစ်ပုံ ပုံလိုက်ပါလိမ့် … (လေးပုံ ပုံလိုက်ပါတယ်ဘုရား)။ သြော် ဒကာ ဒကာမတို့ ခန္ဓာကို လေးပုံ ပုံလိုက်တယ် … (မှန်ပါ့) ဒကာ ဒကာမတို့ အခုထွက်လာတဲ့ စကား အစီအစဉ်တွေဟာ ဦးမာဒင် အလွန်ဖြောင့်တန်းပြီး လာတာတွေနော် … (မှန်ပါ့ဘုရား)။
ခန္ဓာပေါ် ရှုဆိုတော့ ခန္ဓာက ငါးပါးဖြစ်နေတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းတို့ ခန္ဓာ ငါးပါး ရှိတယ် ဆိုငြားသော်လည်း ကွာ၊ ငါ လေးပုံ ပုံထားတယ်လို့ ဖြေပြန်တယ် … (မှန်ပါ့ဘုရား)။
သတိပဋ္ဌာန်လေးပါး
လေးပုံ ပုံထားတယ်လို့ ဖြေတာက တခြားမဟုတ်ပါဘူး။ ကာယာနုပဿနာသတိပဋ္ဌာန်၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်၊ စိတ္တာနုပဿနာသတိပဋ္ဌာန်၊ ဓမ္မာနုပဿနာသတိပဋ္ဌာန် … (မှန်ပါ့) သဘောကျပြီလား … (ကျပါပြီ) ဘယ်နှစ်ပုံ ပုံလိုက်ပါလိမ့် … (လေးပုံ ပုံပါတယ်ဘုရား)။
အေး… လေးပုံ ပုံ ဆိုငြားသော်လည်းကွာ… တဲ့ ခန္ဓာကို လေးပုံ ပုံပြီး တစ်ပုံ ပုံကို ရှု … ပေါ်သွားပြီ … (ပေါ်သွားပါပြီဘုရား)။
ခန္ဓာလေးပုံ ပုံလိုက်တော့ … (တစ်ပုံ ပုံရှုရမှာပါဘုရား)။ လေးပုံ ပုံပြီး တစ်ပုံ ပုံကိုရှု … (မှန်ပါ့) သဘောကျပလား … (ကျသွားပါပြီ ဘုရား)။
တစ်ပုံတည်းကို ရှုပါ
တစ်ပုံရှုတော့ကို ဘာဖြစ်မတုံးဆိုတော့ ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ ဘုရားကပဲ ဆက်ဟောတယ် … (မှန်ပါ့ဘုရား) ဘိက္ခဝေ ရဟန်းတို့။ အယံမဂ္ဂေါ ဤ၀ိပဿနာ ရှုတယ်ဆိုတဲ့ မဂ္ဂင်တရားသည်။ ဧကာယနော တစ်ပုံတည်း ရှုတာနဲ့ တကြောင်းတည်း နိဗ္ဗာန်ရောက်၏ … (မှန်ပါ့ဘုရား)။
တစ်ပုံပိုင်ပိုင် ရှုရင် ရောက်ပါတယ်ကွာတဲ့ … (မှန်ပါ့) ဆိုတော့ ဒကာ ဒကာမတွေ ဗျာများစရာ ရှိသေးသလား … (မရှိပါဘုရား) သဘောပါကြပလား … (ပါပါပြီဘုရား)။ သြော် … လေးပုံ ပုံပြီးသကာလ တစ်ပုံကို ရှုရင်လည်း နိဗ္ဗာန်ရောက်တယ် … (ရောက်ပါတယ်ဘုရား)။ တစ်ပုံ ပုံရှုရင် … (နိဗ္ဗာန်ရောက်ပါတယ်) နည်းပေးနေလို့ ဒကာကြွယ်တို့ ဒကာသစ်တို့ အားလုံး ဦးဗထွေးတို့ ဦးသန်းမောင်တို့ သြော် … ၀ိပဿနာဆိုတာ ခန္ဓာရှုရမယ်။ ခန္ဓာက ငါးပါးရှိတော့ လေးပုံ ပုံပြီး တစ်ပုံကို ရှုရတယ် … (မှန်ပါ့ဘုရား)။
ဘယ်လိုမြင်အောင်ရှုရမှာတုံး
ကောင်းပြီ ဒါဖြင့် တစ်ပုံပုံပါပြီ။ တစ်ပုံကို ဘယ်လိုမြအောင် ရှုမှ ၀ိပဿနာ ဖြစ်မှာတုံး … (မှန်ပါ) စာမေးပွဲ မေးသလိုပဲ။ ခင်ဗျားတို့ကို ပြောနေတာပဲ … (မှန်ပါ့ဘုရား)။
လေးပုံရှိတဲ့အနက်က တစ်ပုံ ပုံကို ရှုရမယ်ဆိုလို့ ရှုပါပြီ။ တပည့်တော်တို့ ဝေဒနာဖြင့် ဝေဒနာနုပဿနာကိုပဲ ရှုပါပြီ။ စိတ်ကြိုက်လို့ ရှိရင်လည်း စိတ်ကိုပဲ ရှုပါ။ ဘယ်နှယ်ကြောင့် ဒီလေးပုံကို ပြောရပါလိမ့်မလဲလို့ မေးခွန်းကော မထွက်လာဘူးလား … (ထွက်လာပါတယ်ဘုရား)။ ငါးပါးကို လေးပုံ ပုံပြီး တစ်ပုံ ပုံကိ ရှုဆိုတာ ဘယ့်နှယ်ကြောင့် လေးပုံထဲက ဘယ်သူ့အတွက်တွေက ဘာဖြစ်လို့ ဒီဥစ္စာသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် လေးပုံ ပုံပြီးသကာလ ထားရပါလိမ့်မလဲဆိုတဲ့ မေးခွန်းဟာလည်း ခင်ဗျားတို့ပဲ မေးသင့်တယ် … (မှန်ပါ့) မမေးသင့်ဘူးလား … (မေးသင့်ပါတယ်ဘုရား)။ မေးသင့်တော့ ဘုန်းကြီးကပဲ အဖြေထွက် ပေးပါ့မယ်။ ဘုရားဟောတာတွေကို … (မှန်ပါ့ဘုရား)။
ကာယာနုပဿနာ
ကွာ..တဲ့၊ ဉာဏ်ဖျင်းဖျင်းနဲ့ ကိလေသာ ထူပြောတဲ့ ပုဂ္ဂိုလ်များ။ ဉာဏ်ကလည်း ညံ့မယ်။ ကိလေသာကလည်း ထူပြောလို့ရှိရင် … (ကာယာနုပဿနာ ရှုရပါမယ်ဘုရား)။
ဝေဒနာနုပဿနာ
ဉာဏ်ထက်ထက်နဲ့ ကိလေသာထူပြောမယ်ဆိုလို့ ရှိရင်ဖြင့် ဉာဏ်ကတော့ ထက်တယ်။ ကိလေသာကတော့ ထူပြောနေတဲ့ ပုဂ္ဂိုလ် ဆိုလို့ ရှိရင် ဝေဒနာရှုကွတဲ့ … (မှန်ပါ့ဘုရား)။
စိတ္တာနုပဿနာ
ဒိဌိများများနဲ့ ဉာဏ်ကနုံနုံဆိုလို့ရှိရင် စိတ်ကို ရှုကွတဲ့ … (မှန်ပါ့ဘုရား)။
ဓမ္မာနုပဿနာ
ဉာဏ်ကထက်ထက်နဲ့ ကိလေသာပါးတဲ့ ပုဂ္ဂိုလ် သစ္စာရှုပေး … (မှန်ပါ့ဘုရား)။
သြော် … ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက စရိုက်အတွက် လေးပုံ ပုံပြန်တယ် …( မှန်ပါ့ဘုရား)။
သြော်… ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက စရိုက်အတွက် လေးပုံ-ပုံပြန်တယ် … (မှန်ပါ့ဘုရား)။ ဒကာကြွယ် မှတ်မိပြီလား … (မှတ်မိပါပြီ) ဘယ်နှယ့်ကြောင့် လေးပုံ ဖြစ်သွားပါလိမ့် … (စရိုက်အတွက်ပါဘုရား)။ စရိုက်ကွာတဲ့ မင်းတို့ ပုထုဇဉ်တွေမှာ တချို့ က တဏှာများတဲ့ ပုဂ္ဂိုလ်ရှိတယ် … (မှန်ပါ့) သဘောကျပြီလား … (ကျပါပြီ) တဏှာများတဲ့ ပုဂ္ဂိုလ်ရှိတယ်။ တဏှာများပြီး ဉာဏ်ထက်ချင်လည်း ထက်နေတယ် … (မှန်ပါ့)။
တချို့ က တဏှာများပြီး ဉာဏ်တုံးတာလည်း ရိတယ် … (မှန်ပါ့) တချို့ က ဉာဏ်တုံးပြီးသကာလ တဏှာပါးတာလည်း ရှိတယ် … (မှန်ပါ့ဘုရား)။ တချို့ က ဉာဏ်လည်းထက် တဏှာပါးတာရှိတယ် … (မှန်ပါ့) ပုဂ္ဂိုလ်လေးမျိုးရှိလို့ ငါသည် လေးမျိုးပုံလိုက် ပါတယ်တဲ့ … (မှန်ပါ့) ဆိုတော့ အဖြေ မှန်သွားတယ် … (မှန်ပါတယ်) သဘောကျပြီလား … (ကျပါပြီဘုရား)။
သြော် … အဖြေမှန်သွားပြီလို့ မှတ်ကြနော် … (မှန်ပါ့ဘုရား)။ အဲဒီတော့ ဘေးက ၀ိပဿနာကို ဆင်ပြင်ပေးရမည့် ပုဂ္ဂိုလ်က ရမ်းပြီးသကာလ မင်းတို့လာလို့ရှိရင် ရှုကြ ရှိုက်ကြဟေ့ … (မှန်ပါ့ဘုရား)။ ဒါနဲ့မရဘူး … (မှန်ပါ့) ဒါနဲ့မရဘူး။ သူစရိုက်ကို မရွေးတော့ ဘဲနဲ့ ရမ်းပေးတဲ့ ၀ိပဿနာ ဆရာလို့မှတ် … (မှန်ပါ့) ရှင်းပြီလား … (ရှင်းပါပြီဘုရား)။ ဒီလို ရမ်းနေလို့ရှိရင် သူ့အကြိုက်နဲ့၊ သူ့ဉာဏ်နဲ့၊ သူ့ကိလေသာနဲ့၊ သူ့စရိုက်နဲ့ မကိုက်တဲ့ ကမ္မဋ္ဌာန်း ပေးပြန်လည်း ဒကာသစ် ရပါ့မလား … (မရပါဘုရား)။ အကယ်၍ ရတယ်ထားတောင်မှ အချိန်တွေ သိပ်ကြာသွားမယ် … (မှန်ပါ့) မတော် အသေက စောသွားလို့ ရှိရင် ကမ္မဋ္ဌာန်း နောက်ကျပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ် မဆိုက်ဘဲ ဖြစ်ရမယ် … (မှန်ပါ့ဘုရား)။
စရိုက်က မတူကြဘူး
အဲဒါကြောင့် ဒကာ ဒကာမတွေ ကမ္မဋ္ဌာန်းဆရာ လုပ်ဖို့ အရေးဟာလည်း မလွယ်သေးဘူးလို့ မှတ်ထားရမယ် … (မှန်ပါ့ဘုရား)။ သတိပဋ္ဌာန်လေးပါး တစ်ခါတည်း နိဗ္ဗာန်ရောက်တာတော့ မှန်ရဲ့  … (မှန်ပါ့ဘုရား) သို့သော် ရှုဉာဏ်နဲ့ ကိလေသာက ဒကာ ဒကာမတွေမှာ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ရှိမယ် … (မှန်ပါ့)။ ဉာဏ်နုံတဲ့ ပုဂ္ဂိုလ်ကော … (ရှိပါတယ်ဘုရား)။ ကိလေသာ ထူတဲ့ ပုဂ္ဂိုလ်ကော … (ရှိမှာပါ)။ ကိလေသာ အသင့်အတင့် ပါးတဲ့ ပုဂ္ဂိုလ်ကော … (ရှိမှာပါ) အဲဒါတွေနဲ့ တစ်ခါ လိုက်ပြီး သကာလ ဝေဖန်ပါဦး … (မှန်ပါ့ဘုရား)။ ဝေဖန်ပြီး သကာလမှ ဒီကမ္မဋ္ဌာန်းကို သူတို့ကို ပေးပါလို့ ဆိုပြီးသကာလ လေးပုံဟာ ဘယ်နှယ့်ကြောင့် လေးပုံ ဖြစ်လာသတုံးလို့ မေးတော့မှ ဦးမာဒင်တို့၊ ဦးသန်းမောင်တို့ စရိုက်ကြောင့်ပါ … (မှန်ပါ့) ပေါ်ပြီလား … (ပေါ်ပါပြီဘုရား)။ ဘာကြောင့်တုံး … (စရိုက်ကြောင့်ပါဘုရား)။ စရိုက်က မတူကြလို့ … (မှန်ပါ့)။ ဘယ်နှစ်ပုံခွဲလိုက်ရသလဲ … (လေးပုံခွဲလိုက်ရပါတယ်)။ ရှင်းသွားပြီလား … (ရှင်းပါပြီဘုရား)။ ရှင်းသွားပြီတဲ့ …။ ဒါဟာ ဒကာ ဒကာမတို့ အစက စပြီး ရှင်းပေးလိုက်တာပဲ … (မှန်ပါ့)။
ကိုယ့်ဟာကိုယ်သိတယ်
အစက စပြီး ရှင်းပေးတာ။ ခင်ဗျားတို့ ရီကော်တာ (recorder) ထဲမှာ ဒီဟာကို ဖွင့်ကြည့်လိုက်။ ကိုယ်ဟာ ဘယ်စရိုက် အားကြီးတယ် ဆိုတာ ကိုယ့်ဟာကိုယ်သိ … (မှန်ပါ့)။ ကိုယ့်ဟာကိုယ် သိတဲ့အခါကျတော့မှ သြော် … ဆရာဘုန်းကြီးက ဒီလိုဟောတယ်၊ ဘုရားဟောတဲ့ အတိုင်း၊ တို့ ဘယ်ကမ္မဋ္ဌာန်း ဆိုတဲ့ ဥစ္စာကို ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချ နိုင်ပါတယ် … (မှန်ပါ့) သူများပေးစရာ လိုသေးသလား … (မလိုပါဘုရား)။ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်တယ် ဆိုတဲ့ ဥစ္စာကိုလည်း ငါးပါးကို လေးပါးလုပ်ပြီး ဟောလိုက်တာ ထောက်လိုက်သဖြင့်လည်း ဆုံးဖြတ်ချက်ချဖို့ ဟောထားတဲ့ တရားလို့ မှတ်ပါ … (မှန်ပါ့ဘုရား)။ ကောင်းပြီ … ဒါဖြင့် လေးပါးဟာ ဘုရားတပည့်တော်တို့ စရိုက်နဲ့ ကိုယ်ကြိုက်တာပဲ ဝေဒနာ ရှုပါတယ်။ တပည့်တော်တို့ တဏှာများများနဲ့ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်တွေမို့ ဝေဒနာ ရှုပါတယ် … (မှန်ပါ့)။
စိတ္တာနုပဿနာ
ဒိဋ္ဌိများများ ကိလေသာပါးရှားတဲ့ ပုဂ္ဂိုလ် ဒိဋ္ဌိစရိုက် ရှိပြီး နေတဲ့သကာလနေတဲ့ ပုဂ္ဂိုလ်ကျတော့ စိတ္တာနုပဿနာ တပည့်တော်တို့ ရှုပါတယ်ဆိုပြီး ကိုယ့်စရိုက်နဲ့ ကိုယ်ရွေးပြီး ဒကာသစ် ရှုလိုက်တာပေါ့ … (မှန်ပါ့)။ ရှုလိုက်တဲ့ အခါကျတော့ ဝေဒနာရှု၊ စိတ်ရှု၊ ကိုယ့်စရိုက်နဲ့ ကိုယ်ကြိုက်တာရှု … (မှန်ပါ့)။ ရှုတဲ့အထဲက၊ ရှုတော့ ဘယ်လိုမြင်မှ အမြင်မှန်မှာတုံး … (မှန်ပါ)။ ဒီအမေးကလည်း ထွက်ရဦးမယ် … (မှန်ပါ)။ ဒီအမေးဟာ မထွက်သင့်ဘူးလား … (ထွက်သင့်ပါတယ်ဘုရား)။
ဘယ်လိုမြင်မှ အမြင်မှန်ပါလိမ့်
ဘယ်လိုမြင်မှ အမြင်မှန်ပါလိမ့်မလဲဘုရား ဆိုတာ ဦးမာဒင်တို့၊ ဦးဗထွေးတို့၊ ဦးသန်းမောင်တို့ မေးသင့်တယ် … (မေးသင့်ပါတယ်)။ မမေးသင့်ဘူးလား … (မေးသင့်ပါတယ်ဘုရား)။ ကိုယ်လုပ်သာနေရတယ်၊ ဒီကမ္မဋ္ဌာန်းနဲ့ ကိုယ်နဲ့ သင့်၊ မသင့်ကို ကြည့်လိုက်တော့ ဒီအမြင်လေးက သူ့အမြင်က မှန်နေမှသာလျှင်၊ သြော် … ဒီကမ္မဋ္ဌာန်းနဲ့ ငါနဲ့ တည့်တယ်ဆိုတာလည်း၊ အားတက်သရော ဖြစ်ပြီးသကာလ ထွက်ရပ်လမ်းပေါက်မည့် တရားဟာ၊ သြော် .. ဒီတရားပါလားဆိုတာ ကိုယ့်ဟာကိုယ် ကောက်ချက်ချပြီး သကာလ ဒကာ ဒကာမတို့ အရောက်သွားချင်တဲ့ စိတ်ကလည်း ပြင်းထန်လာတယ် … (မှန်ပါ့ဘုရား)။ ဦးသန်းမောင် ရိပ်မိပြီလား … (ရိပ်မိပါပြီ ဘုရား)။ ဒါဖြင့် ရမ်းပေးနေတဲ့ ပုဂ္ဂိုလ်တွေ အတွက် ဆိုရင်ဖြင့် ဒီဥစ္စာ .. အင်း … နစ်နာမသွားပေးဘူးလား … (မှန်လှပါ) မနစ်နာပေဘူးလား … (နစ်နာပါတယ်ဘုရား)။ အေး .. ဒါကြောင့် အခု အမ်ဘီဘီအက်စ် (M.B.,B.S.) တွေဆိုတဲ့ ဆရာဝန်တွေ ဘယ်လိုပင် အောင်ငြားသော်လည်း တချို့ သူနိုင်ရာ၊ သူနိုင်ရာကလေးကုကြတာ။ ခင်ဗျားတို့ ချိန်ကြည့်ကြတော့ … (မှန်ပါ့)။ ကျောင်းတက်တုန်းကတော့ အကုန်သင်ခဲ့တာပဲ … (မှန်လှပါဘုရား)။
ကျောင်းတက်တုန်းကတော့ အကုန်သင်ရတာပဲ။ တစ်တန်းတည်းသင်ရတာ … (မှန်ပါ)။ သို့သော်လည်း လူမမာကုတဲ့နေရာ စွမ်းရာ၊ စွမ်းရာဆိုတော့ ဦးမာဒင် တခြားစီ ပေါ့ဗျာ … (မှန်ပါ) တစ်မျိုးတစ်ဖုံစီကော သူတို့နားလည်မှုမှာ ပိုကြရဲ့ လား … (မပိုပါဘုရား)။
ဒီအတိုင်းပါပဲတဲ့။ ဒီမှာ ၀ိပဿနာ ရှုလိုက်တဲ့အခါကျလို့ ရှိရင် အမြင်မှန်ဟာ ကိုယ့်စရိုက်နဲ့ တော်တဲ့ဟာကျတော့ အမြင်မှန်ဟာ မြန်မြန် ပေါ်လာတယ် … (မှန်ပါ့)။ ကိုယ့်စရိုက်နဲ့ တော်တဲ့ဟာကျတော့ … (အမြင်မှန်ဟာ မြန်မြန်ပေါ်လာတယ်ဘုရား)။
ဒီလိုမြင်မှ အမြင်မှန်
အမြင်မှန် အမြန်ပေါ်လာတယ်ဆိုတော့ အမြင်မှန်ဟာ ဘယ်ဟာတုံးလို့ မေးတဲ့ အခါကျတော့၊ ဝေဒနာရှုပြန်ရင် ဝေဒနာကို မတွေ့ဘဲနဲ့ ဝေဒနာတို့၏ ဖြစ်မှု ပျက်မှု တွေ့ရမယ် … (မှန်ပါ) စိတ်ကို ရှုပြန်လည်း စိန်ကို ပဓာနထားပြီး မတွေ့ဘဲနဲ့ စိတ်၏ ဖြစ်မှု ပျက်မှုကို တွေ့ရမယ် … (မှန်ပါ့)။ ဒါကို ရှုကြပါ … (မှန်ပါ့)။ ရှုကြည့်တော့ သြော် … ဝေဒနာ ရှုခိုင်းပေမယ့် ဘုရားတပည့်တော်ဖြင့် ဖြစ်မှု ပျက်မှုပဲ ဉာဏ်ထဲမှာ ထင်နေတယ် … (မှန်ပါ့)။
ကိုယ်နဲ့ကိုက်တဲ့ တရား
စိတ်အရှုခိုင်းပြန်လည်း ဖြစ်မှုပျက်မှုပဲ ထင်ပါတယ်ဘုရား။ ရုပ်အရှုခိုင်းပြန်လည်း ဖြစ်မှု ပျက်မှုသာထင်ပါတယ်ဆိုတော့ ဖြစ်မှု ပျက်မှုထင်ရင် ကိုယ့်စရိုက်နဲ့ ကိုက်တဲ့တရားလို့ မှတ်လိုက် … (မှန်ပါ့)။ ရှင်းပြီလား … (ရှင်းပါပြီဘုရား)။ ဖြစ်မှု ပျက်မှု မြန်မြန်ထင်လာရင် ဘယ်နှယ့်ဆိုကြမလဲ … (ကိုယ့်စရိုက်နဲ့ ကိုက်တဲ့တရားပါဘုရား)။
ကိုယ့်စရိုက်နဲ့ ကိုက်တဲ့ တရားလို့ ဆိုတော့၊ သြော် … ဒီလိုလည်း ဝေဖန်စရာတွေဟာ ၀ိပဿနာ အလုပ်မှာလည်း ဆရာကောင်း လိုပါကလားဆိုတာ ဒကာကြွယ် .. ဒါ အားလုံးမှာ စစ်ဆေးဖို့ ဘုရားဟောတော်မူတာလို့ မှတ်ရမယ် … (မှန်ပါ့)။ ရမ်းပြီး လုပ်လို့ ဖြစ်ပါ့မလား … (မဖြစ်ပါဘုရား)။
အနိစ္စရမ်းစိပ်တယ်
ဒါကြောင့်…. ဘုန်းကြီးတို့ ရှေးက မပေါ်ခင်တုန်းက ဒီဝိပဿနာ ဒါလောက် ဘုန်းကြီးများ မနိုးကြားခင်တုန်းကဆိုရင် စိပ်လိုက်တဲ့ အနိစ္စဟာ ကျုပ် ဘယ်နှစ်ပတ်ရတယ် … (မှန်ပါ့) ကျုပ်ဘယ်နှစ်ပတ်ရတယ်နဲ့။ ဘယ်စရိုက်နဲ့မှ သူတို့ စစ်ဆေးတာ မဟုတ်ဘူး။ သက်သက် အနိစ္စ ရမ်းစိပ်တာပဲ … (မှန်ပါ့) ဘာမှလည်း မမြင်ဘူး … (မှန်ပါ့) ဘာမှလည်း မမြင်ဘူး။ ဒုက္ခချုပ်တဲ့ နိဗ္ဗာန် မင်းမြင်ရဲ့  လား … မမြင်ပါဘူး … (မှန်ပါ့)။ ကုသိုလ်ဖြစ်စိပ်တယ် … (မှန်ပါ့ဘုရား)။
အဲဒီလို ဟာတွေကို ဦးမာဒင်တို့ ရိပ်မိပြီ … (ရိပ်မိပါတယ်ဘုရား)။ သြော် … ဆရာအပေါ်မှာ တာဝန်ရှိနေတာလည်း သူမသိရှာဘူး … (မှန်လှပါဘုရား)။
ကုသိုလ်တော့ ရပါတယ်
ကုသိုလ်ရတာ တခုလောက်သာ သိတယ် … (မှန်ပါ့)။ ကုသိုလ်မရဘူးလို့ မဟောဘူး။ နိဗ္ဗာန်မရဘူးလို့ ဟောတယ် … (မှန်ပါ့)။ ရှရှင်းပြီလား … (ရှင်းပါပြီဘုရား)။ ၀ိပဿနာလုပ်နေတဲ့ ပုဂ္ဂိုလ်များ ကိုယ့်စရိုက်နဲ့ မတော်တာ လုပ်နေပြန်လို့ ရှိရင်လည်း ကုသိုလ်တော့ … (ရပါတယ်ဘုရား) နိဗ္ဗာန်တော့ … (မရပါဘုရား)။ ဒါလည်း သိပ်လိုပါကလား … (လိုပါတယ်)။ ဒါ …သိပ် လိုပါကလား ဆိုတဲ့ ဒီဥစ္စာ ရှေ့ နေ၀တ်လုံများ စစ်သလို စစ်ကြောနေတာ … (မှန်ပါ့)။ ဒါ သိပ်အရေးကြီးတဲ့ စကားလို့ အဖိုးတန်တဲ့ နားမှာဖြင့် သြော်… ဒီဥစ္စာ မလုပ်ခင် စဉ်းစားရမည့် အလုပ်တွေပါလား … (မှန်ပါ့)။
နို့မဟုတ်ရင် လကုန် နှစ်ဖြုန်းပြီး သကာလ အသေစောတတ်တယ် … (မှန်ပါ့) သဘောကျပြီလား … (ကျပါပြီဘုရား)။
ရှင်သာရိပုတ္တရာ
ဒါကြောင့် ဘုန်းကြီးတို့ ရှင်းပြီးတော့ ပြပါတယ် … ဒကာကြွယ်။ ရှင်သာရိပုတ္တရာဟာ ပညာ အရာမှာဖြင့် ဘုရားအောက်မှာ သူ့ထက် ကြီးမရှိပါဘူး … (မှန်ပါ)။ ပန်းထိမ်သည်ကို သုံးလ ကမ္မဋ္ဌာန်းပေးကြည့်တယ်။ အသုဘ ကမ္မဋ္ဌာန်းပေးကြည့်တယ် … (မှန်ပါ့ဘုရား) ရရဲ့ လား … (မရပါဘုရား)။ ဒီပုဂ္ဂိုလ် ငါချွတ်လို့ မရပါဘူးဆိုပြီး ၀ါတွင်းသုံးလပတ်လုံး ပထမလ သွားမေးတယ်။ ဘာမှ ဖြစ်ပျက် မမြင်ဘူး … (မှန်ပါ့)။ ဒုတိယလ သွားမေးတယ်၊ ဖြစ်ပျက် မမြင်ဘူး … (မှန်လှပါဘုရား)။ ခက်ပေါ့ကွာ။ ဒါကို ထပ်လုပ်ပါကွာတဲ့။ ပန်းထိမ်သည်ကို သူက သင်နေတာ … (မှန်ပါ့) ။ တတိယ သီတင်းကျွတ်ခါနီး သွားမေးတယ်။ ဘာမှ မမြင်ဘူး … (မှန်ပါ့)။
စရိုက်နဲ့ မတော်လို့
ဟာ… ခက်ပြီကော။ တရားက အမှန်ပဲ။ တရားကတော့ မှန်တာပေါ့။ သူ့စရိုက်နဲ့က မတော်ဘဲကိုး … (မှန်ပါ့)။ တရားကတော့ ဘယ်မှာ မမှန်တာ ရှိမလဲ … (မှန်ပါ့)။ သူ့စရိုက်နဲ့ … (မလျော်ပါဘုရား)။ သူ့ စရိုက်ကြိုက် တရားက မဟုတ်တော့ လုပ်သာလုပ်နေရတယ် ဦးသန်းမောင် ဘာမှမထင်လာဘူး… (မှန်ပ့ါ)။ ဒါနဲ့ သီတင်းကျွတ်တော့ ဘုရားဆီ ခေါ်သွားပြီး ဒီပုဂ္ဂိုလ်ဟာ ဘုရားချွတ်မှ ရမှာ သူချွတ်လို့ ရမှာ မဟုတ်ဘူး … ဆိုတော့ ဒကာကြွယ်က ကြားထဲက ပုဏ္ဏတိုင်လုပ်ပါ… (မှန်ပါ့)။
ဘယ်နှယ့်ကြောင့် ဒီကိုယ်တော်ကလေး ဘာဖြစ်နေပါလိမ့်မတုံး။ ငယ်ငယ်က ရဟန်းဖြစ်လာတဲ့ ကိုယ်တော်ကလေးပဲ။ ကိုယ်တော်လေး အားထုတ်တာ ညံ့လို့လား။ ဆရာမှား နေလို့လားဆိုတဲ့ ဥစ္စာကိုလည်း စဉ်းစားကြည့်ပါ … (မှန်လှပါဘုရား)။ ဘယ့်နှယ် ခင်ဗျားတို့ ဆုံးဖြတ်ချက် ချမလဲ … (ဆရာမှားနေလို့ပါဘုရား)။
ဟာ … ခင်ဗျားတို့၊ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးကို သွားမလုပ်ပါနဲ့။ အင်မတန် အရေးကြီးတဲ့ ကိုယ်တော်ကြီး၊ တကယ့်ကို ပညာအရာမှာ ငါ့အောက် သူတစ်ယောက်သာ ရှိသကွလို့ ဘုရားကတောင် ဗျာဒိတ်ပေးထားသေးတာ ဒကာကြွယ်တို့ရာ … ရှင်သာရိပုတ္တရာ မှားနေလို့ ဆိုတော့ သူ့ကို စွပ်စွဲရာ မရောက်ပေဘူးလား … (ရောက်ပါတယ်ဘုရား)။
ဒါ … စွပ်သာ စွပ်စွဲပါတယ်တဲ့ … ဘယ်သူဖြစ်ဖြစ် ဒကာဒကာမတို့ ဣန္ဒြိယ ပရောပရိယတ္တိဉာဏ် ဆိုတာက ဘုရားမှသာ ရတယ် … (မှန်ပါ) အောက်ပုဂ္ဂိုလ်တွေ မရဘူး … (မရပါဘုရား)။ ဒါကြောင့် စရိုက်ဖမ်း လွဲနေတယ် … (မှန်ပါ့) ရှင်းပြီလား … (ရှင်းပါပြီဘုရား)။ ဣန္ဒြိယ ပရောပရိယတ္တိဉာဏ် ဣနြေ္ဒ ရင့်မရင့် ဟုတ်လား … (မှန်ပါ့)။ အဲဒါကို မသိတော့လည်းတဲ့ ဒကာ ဒကာမတို့ ဘယ်လို ရဟန္တာကြီး ဖြစ်လို့ ဘယ်လိုပေးပေး၊ ဒကာ ဒကာမတို့ မရနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်လည်း ရှင်းပြီလား … (ရှင်းပါပြီဘုရား)။
ဒီပြင် စကားစပ်မိလို့ ပြောပါဦးမယ်။ ဒကာ ဒကာမတို့၊ ဒါ … ဗဟုသုတချည့် ရှေ့ ပိုင်းက ပြောနေတာ။ အလုပ်ခွင် တန်းပေးချင်လို့ ပြောနေတယ် မှတ်ပါ … (မှန်ပါ့)။
ရဟန္တာတွေ ပြေးရတယ်
မိလိန္ဒမင်းကြီး မေးတော့ ဦးမာဒင် ရဟန္တာတွေ ပြေးရတယ် … (မှန်ပါ့ဘုရား)။ မိလိန္ဒမင်းကြီး မေးတော့ ရဟန္တာတွေ ဘာတုံး … (ပြေးရပါတယ်ဘုရား)။ ဟာ … ဘာဖြစ်လို့ ပြေးရတာတုံး။ ရဟန္တာဆိုတဲ့ဥစ္စာ ကိလေသာကုန်ပေါ့ပဲ။ မေးတာကို ဒေါက်ခနဲ၊ ဒက်ခနဲ ဖြေပါတော့လား ဆိုတဲ့ဥစ္စာ။ ခင်ဗျားတို့ ပြောစရာကြီး တစ်ခုပေါ်လာတယ် … (ပေါ်ပါတယ်ဘုရား)။
မဖြေနိုင်လို့ ဗြဟ္မာပြည်သွားပြီး တောင်းပန်ရတယ် … (မှန်ပါ့)။ ဗြဟ္မာ့ပြည်ကနေပြီး စုတေစိတ် ကျပြီး လူပြည်လာပြီးတော့ ပညာသင်ပါ။ ပညာသင်ပြီးတော့ မိလိန္ဒမင်းကြီးကို အဖြေထုတ်ပါဆိုတဲ့ ဥစ္စာကို ရဟန္တာတွေကိုယ်က သွားတောင်းပန်ရတယ်။ သူတို့ မဖြေနိုင်လို့ … (မှန်ပါ့)။
ရဟန္တာဆိုတာ သူ့အရေးသာပြီးတာ
သြော်… ဒါဖြင့် ရဟန္တာဆိုရင် ခင်ဗျားတို့က အလုံးစုံ အကုန်ပြီးတယ်တဲ့။ သူ့အရေးသာ သူပြီးတာလို့မှတ်။ သူများအရေး အကုန်ပြီးတယ်လို့ မဆိုနဲ့ … (မှန်လှပါ) ရှင်းပြီလား … (ရှင်းပါပြီဘုရား)။ ရဟန္တာဆိုတာ … (သူ့အရေးသာ သူပြီးပါတယ်)။ သူများအရေး ပြီးဖို့ရာကျတော့ သူ့မှာ မပါလာသေးဘူး… (မှန်ပါ့) သဘောပါပလား … (ပါပါပြီဘုရား)။ ဘုရားမှာသာ သူ့အရေးလည်းပြီး သူများအရေးလည်း ပြီးအောင် ဆွဲနိုင်တယ် … (မှန်ပါ့)။ ကျန်တာတွေကတော့ အကုန်မဆွဲနိုင်ဘူး ဆိုတာ မှတ်လိုက်ပါတော့ … (မှန်ပါ့)။ ဒီ့ပြင်လူ မဆိုထားပါနဲ့ ဦးမာဒင်။ ရှင်းရှင်းပဲ မှတ်လိုက်စမ်းပါ … (မှန်ပါ့)။ သစ္စာမသိဘဲနဲ့ နိဗ္ဗာန် မြင်ပါ့မလား … (မမြင်ပါဘုရား)။
ပစ္စေကဗုဒ္ဓါတွေ
ဒါဖြင့် ဘုရား မပွင့်ရင် ဘုရားငယ်တွေဆိုတာ ပစ္စေကဗုဒ္ဓါ မြတ်စွာဘုရားတွေနော် … (မှန်ပါ့)။ နိဗ္ဗာန်တော့ သူတို့ရောက်ကြတယ် … (မှန်ပါ့)။ သူများကို ဟောစမ်းပါဆိုတော့ မဟောနိုင်ဘူး… (မှန်ပါ့) ကဲ … ဒကာကြွယ်၊ သူများကို ဟောပါဆိုတော့ … (မဟောနိုင်ပါ ဘုရား)။ သူပေးတဲ့ဆိုကြည့်ပါ။ ခင်ဗျားတို့က ဆွမ်းလှူတော့ ဣစ္ဆိတံ ပတ္ထိတံ တုယှံ ခိပ္ပမေ၀ သမိဇ္ဈတု မင်းအလိုရှိတာ ပြည့်စေတဲ့ … (မှန်ပါ့)။ ဒီ့ပြင် မပေးကြဘူး။ ဒါပဲ ပေးတယ် … (မှန်ပါ့) ရိပ်မိပြီလား … (ရိပ်မိပါပြီဘုရား)။
သူဟာ သစ္စာသိပါတယ်တဲ့။ သူတစ်ပါးဟောဖို့ မရဘူး … (မှန်ပါ့)။
သူတစ်ပါးမချွတ်နိုင်နိုင်ဘူး
အဲဒီတော့ ဒကာ ဒကာမတို့ ရဟန္တာထက် ပစ္စေကဗုဒ္ဓါက သာပါတယ် … (မှန်ပါ့)။ အဲဒါ သူတစ်ပါးကို မချွတ်နိုင်ဘူး … (မှန်ပါ့) ရိပ်မိပြီလား … (ရိပ်မိပါပြီဘုရား)။ အဲဒီတော့ ခင်ဗျားတို့မှာ အခုကော ဘုရားပွင့်တဲ့ ခေတ်အခါနဲ့ ကြုံရလို့ ဘုရားက သစ္စာတွေ ဟောထားလို့ ဘုန်းကြီးများကတစ်ဆင့် သစ္စာတွေ ဟောရတယ် … (မှန်ပါ့) ရှင်းပြီလား … (ရှင်းပါပြီဘုရား)။
အဲဒီတော့ ပစ္စေကာဗုဒ္ဓါတို့ ခေတ်ထက် သာနေတဲ့ အခါလို့ မှတ်ပါ … (မှန်ပါ့) ရှင်းပြီလား … (ရှင်းပါပြီဘုရား)။ ကဲ ..ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အရည်အချင်းလည်း ကိုယ်သိကြပြီ … (မှန်ပါ့)။ ကိုယ့် အပျင်းကလေးလည်း မဖက်ဖို့။ ဒါကလေးတော့လည်း တောင်းပန်ရတယ် … (မှန်ပါ့)။ ဒါကလေးတော့ မတောင်းပန်လို့ မဖြစ်ဘူး … (မှန်ပါ)
အရည်အချင်းက ပြည့်စုံကြပြီ
ကိုယ့်အရည်အချင်းကတော့ ဘယ့်နှယ်တုံး။ ပါရမီမျိုးစုံ စုံပါပေါ့လားဆိုရင် မလွဲဘူး … (မလွဲပါဘူးဘုရား)။ ကိုယ့် အရည်အချင်းက ပြည့်စုံပါရဲ့  … အပျင်းမဖက်ရင် ဒကာကြွယ် ရ-ရမယ် … (မှန်ပါ)။ သဘောကျပြီလား … (ကျပါပြီဘုရား)။ ကိုယ်အရည်အချင်း ကတော့ ဒကာသစ် ဘယ့်နှယ့်တုံး … (ပြည့်စုံပါတယ်ဘုရား)။ ကိုယ်အပျင်းကလေးက … (မဖက်ပါနဲ့ဘုရား)။ မဖက်ဖို့ … (မှန်ပါ)။ ဒါကလေးတော့ တောင်းပန်ရတယ် … (မှန်ပါ)။ မတောင်းပန်သင့်ဘူးလား … (တောင်းပန်သင့်ပါတယ်ဘုရား)။
အပျင်းမဖက်ပါနဲ့
ဘယ်လိုပင် အရည်အချင်း ပြည့်စုံငြားသော်လည်း အပျင်းကလေး ဖက်လာတဲ့ အခါကျတော့ ဒကာ ဒကာမတို့ ပျင်းတယ်ဆိုတာသည် ပဋိစ္စသမုပ္ပါဒ်တန်းမလို့ ထွက်လာတာ … (မှန်ပါ)။ ကြည့်ပါ။ ပျင်းလာတယ်ဆိုတာ ဆုတ်နစ်တဲ့ ဒေါသ … (မှန်ပါ)။ ဒေါသနောက်ကနေပြီးတော့ သကာလ သောက လိုက်လာတယ် … (မှန်ပါ့)။ သောကနောက်ကနေပြီး ပရိဒေ၀လိုက် လာတယ် … (မှန်ပါ)။ ဒုက္ခဒေါမနဿ လိုက်လာတယ်။ ဥပါယာသ လိုက်လာတယ် … (လိုက်ပါတယ်)။ သူတို့လိုက်တာ သူတို့ဟာ သူတို့ချည်း သက်သက်နေသလားဆိုတော့ အ၀ိဇ္ဇာနဲ့ တွဲနေတယ် … (မှန်ပါ)။ ဘာနဲ့ တွဲနေသလဲ … (အ၀ိဇ္ဇာနဲ့ တွဲနေပါတယ် ဘုရား)။ ကိုင်း၊ တရားဆက်ပြီးနာကြ … (မှန်ပါ့)။ ဒကာ ဒကာမတို့ စရိုက်တွေကြောင့် သတိပဋ္ဌာန်လေးပါးဖြစ်ရတယ် … (မှန်ပါ့)။ သတိပဋ္ဌာန်လေးပါးကို ကိုယ့်စရိုက်နဲ့ ကိုယ်ကြည့်လို့ ကိုယ့်စရိုက်နဲ့ တော်တဲ့ တရားကို ကြည့်လိုက်တဲ့အခါ မြင်လို့ရှိရင်ဖြင့် ကိုယ့်စရိုက်နဲ့ လျော်တဲ့ တရားလို့ ကိုယ့်ဟာကိုယ် ဘယ်လိုဆုံးဖြတ်ချက်ချ မလဲလို့ အမေးထုတ်ရမယ် … (မှန်ပါ့)။
ကိုယ့်စရိုက်နဲ့ လျော်တဲ့ တရား
ဖြစ်မှုပျက်မှုတွေကို ဉာဏ်မြင်ခဲ့သည်ရှိသော် သြော် … ရှုနေတဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာနဲ့ ငါသည် စရိုက် သေသေချာချာ တိုက်တိုက်ဆိုင်ဆိုင် ညီညွတ်တာပဲ ဆိုတာ ဆုံးဖြတ်ချက်ချ … (မှန်လှပါဘုရား)။ စိတ်ရှုလို့ စိတ်ဖြစ်ပျက်မှုဆိုတဲ့ အနိစ္စဉာဏ်မြင်ခဲ့သော ခပ်မြန်မြန်မြင်ခဲ့သော် အားလုံး ဒကာ ဒကာမတွေ၊ ဒါ … ကိုယ့်စရိုက်နဲ့ လျော်တဲ့ တရားလို့ မှတ်ပါ … (မှန်ပါ့) သဘောကျပြီလား … (ကျပါပြီဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အမြင်မှန်ဆိုသည် ဝေဒနာရှုလို့ ဝေဒနာမတွေ့ဘဲ အဖြစ်အပျက်တွေ့ပါတယ် … (မှန်ပါ)။ စိတ်ရှုတဲ့အခါလည်း စိတ်မတွေ့ဘဲ … (ဖြစ်ပျက်တွေ့ပါတယ် ဘုရား)။ ဘာဖြစ်လို့ စိတ်ရှုပါဆိုပြီး ဖြစ်ပျက်ဘက် ကူးပြီးသကာလ ဉာဏ်အတွေ့ ပြောင်းရပါသတုံးလို့ မေးခွန်းထုတ်ဖို့ လိုတယ် … (လိုပါတယ်ဘုရား)။ ဘုရားက ဟောတယ် … (မှန်ပါ)။ ဘုရားက ဟောတယ်၊ မင်းတို့ ဘာပဲရှုရှု သမုဒယ ဓမ္မာနုပဿီ ၀ါဝေဒနာသု ၀ိဟရတိ၊ ၀ယဓမ္မာနုပဿီ ၀ါဝေဒနာသု ၀ိဟရတိ မင်းတို့ ဘယ်လိုပဲ ဝေဒနာရှုရှု သမုဒယနဲ့ ၀ယ မြင်မှ ပြီးတယ် … (မှန်ပါ့ဘုရား)။
ဖြစ်မှုပျက်မှု မြင်မှ ပြီးတယ်
ဒါ ပါဠိတော်ပဲ … (မှန်ပါ့)။ ဖြစ်မှု ပျက်မှုတွေ့မှ ပြီးတယ် … (မှန်ပါ)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ ထို့အတူပဲတဲ့ စိတ်ရှုတဲ့ ပုဂ္ဂိုလ်လည်း စိတ်တွေ့နေလို့ရှိရင် မဟုတ်သေးဘူး … (မှန်ပါ့)။ လုံလုံး မဟုတ်တာလားဆိုတော့ လုံလုံးမဟုတ်တာတော့ မဟုတ်ပါဘူး။ ဉာဏ်အောက်ကျတယ် … (မှန်ပါ့ဘုရား)။ နာမပရိစ္ဆေဒဉာဏ် ဖြစ်သွားတယ် … (မှန်ပါ့ဘုရား)။ ဥဒယဗ္ဗယဆိုတဲ့ ၀ိပဿနာဉာဏ် မဖြစ်ဘူး … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဘာတွေ့မှ ၀ိပဿနာဉာဏ် ဖြစ်လာသတုံးဆိုတော့ သမုဒယဓမ္မာနုပဿီ ပါစိတ္တသ္မိံ ၀ိဟရတိ စိတ်ရှုပေမယ့် ဖြစ်မှုမြင်မှဟေ့ .. တဲ့ … (မှန်ပါ့)။ သဘောကျပြီလား … (ကျပါပြီဘုရား)။ ၀ယဓမ္မာနုပဿီ ၀ါ စိတ္တသိံ္မ ၀ိဟရတိ ဒကာ ဒကာမတို့ အပျက်ကို မြင်မှတဲ့ … (မှန်ပါ့)။ ရှင်းပြီလား … (ရှင်းပါပြီဘုရား)။ သြော် … ဒါဖြင့် တို့အလုပ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တို့စရိုက်နဲ့ တည့်မတည့်ဟာဖြင့် ရှုစရာ မရှိလို့ ရှိရင်ဖြင့် ဝေဒနာကို နာမည်တပ်ပြီး ပြောလိုက်ရပါတယ်။ အမြင်မှာ ဖြစ်ပျက်ပါပဲ … (မှန်ပါ)။ အမြင်တွေ့ရမှာကတော့ … (ဖြစ်ပျက်ပါဘုရား)။ ရှင်းပြီနော် … (ရှင်းပါပြီဘုရား)။ ကောင်းပြီ … ဒါဖြင့် ဒီလိုသိလို့ ရှိရင်ဖြင့် အဲဒီ အချိန်ကစပြီးသကာလ အယံ ၀ုစ္စတိ ဘက္ခဝေ အသင်္ခတဂါမိမဂ္ဂေါ။
ဖြစ်ပျက်တွေ့ရင် မပူနဲ့တော့
ဘိက္ခဝေ ရဟန်းတို့။ အယံ ဤဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်ကို။ အသင်္ခတဂါမိမဂ္ဂေါ မသေရာမှန် ပြည်နိဗ္ဗာန်သို့ ရောက်ကြောင်းအဖြစ် လမ်းပေါ်တက်မိသည် မည်၏ဟူ၍။ ၀ုစ္စတိ ဆိုအပ်၏ … (မှန်ပါ့ဘုရား)။ ဘာမှ မပူနဲ့တော့ … (မှန်ပါ့)။ ဖြစ်ပျက်တွေ့နေလို့ ရှိရင်ဖြင့် ဘာမှ မပူနဲ့တော့ … (မှန်ပါ့)။ မသေရာမှန် ပြည်နိဗ္ဗာန်ဆိုတဲ့ အသင်္ခတဓာတ်၊ အသင်္ခတ ဆိုတာ နိဗ္ဗာန်နော် … (မှန်ပါ့)။ ဂါမိမဂ္ဂေါ ဆိုတာ ရောက်ကြောင်း … (မှန်ပါ)။ အဲ … မသေရာမှန် ပြည်နိဗ္ဗာန်သို့ ရောက်ကြောင်းဟာဖြင့် ကိုယ့်ကိုယ်ကို ဒကာ ဒကာမတွေက ဆုံးဖြတ်ချက် ချချင်လို့ ရှိရင် ငါရောက်မည့် ပုဂ္ဂိုလ်လား၊ မရောက်မည့် ပုဂ္ဂိုလ်လားဆိုတာကို ဘာနဲ့မှ ဒီဂရီ(Degree) မထိုးဘဲနဲ့ ခန္ဓာထဲ စိတ်ရှုလို့ စိတ်ဖြစ်ပျက် တွေ့တဲ့ ပုဂ္ဂိုလ် … (မှန်ပါ့ဘုရား)။
ငါနိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ်အစစ်
ရုပ်ရှုလို့ ရုပ်ဖြစ်ပျက် တွေ့တဲ့ ပုဂ္ဂိုလ် … (မှန်ပါ)။ ရုပ်ကလေးတွေ မရှိဘူး၊ မရှိဘူး။ အခုနင်က ရုပ်ကလေး အခုမရှိဘူး။ ခုနင်က နာမ်ကလေး အခုမရှိဘူး။ ခုနင်က ဝေဒနာကလေး အခုမရှိဘူး။ ခုနင်က စိတ်ကလေး အခုမရှိဘူး … (မှန်ပါ့ဘုရား)။ အဲဒီ မရှိမှုကလေးကို ရှိရာက မရှိမှုကလေး သိမှုကို တွေ့ချင်လို့ ရှိရင် ငါနိဗ္ဗာန် ရောက်မည့် ပုဂ္ဂိုလ် အစစ်လို့ ဆုံးဖြတ်ချက် ချ … (မှန်ပါ)။ သဘောကျပြီလား … (ကျပါပြီဘုရား)။ ဒါဖြင့် နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ် အစစ်ကိုလည်း ခင်ဗျားတို့ ဘုရားဟော ပါဠိတော်နဲ့ ယနေ့ ဝေဖန်ပေးပါတယ် … (မှန်ပါ)။ ဝေဖန်ပေးလိုက်တော့ မရှိတာတွေ့မှ … (မှန်ပါ)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ရှိရာက မရှိရာတွေမှ အနိစ္စ
ဝေဒနာရှုပြန်လဲ… (မရှိတာတွေ့မှပါဘုရား)။ စိတ်ရှုပြန်လည်း … (မရှိတာတွေ့မှပါဘုရား)။ ဒါလဲ သူလုံးဝမရှိတာက မရှိတာမဟုတ် … (မှန်ပါ့)။ ရှိရာက မရှိတာတွေ့ရမယ် … (မှန်ပါ)။ ဦးသန်းမောင် မှတ်မိပလား … (မှတ်မိပါပြီဘုရား)။ ရှိရာက … (မရှိတာတွေ့ ရပါမယ် ဘုရား)။
နဂိုက ဒီနေရာမှာ ဒီပစ္စည်းလေးရှိတယ် … (မှန်ပါ)။ အခုသွားကြည့်တော့ မရှိဘူး … (မှန်ပါ့)။ သြော် … မရှိဘူးဆိုပြီး ရှိရာက မရှိတာ သိမှ အနိစ္စ … (မှန်ပါ့ဘုရား)။ ရှိရာက … (မရှိတာသိမှ အနိစ္စပါဘုရား)။ အဲ … ရှိရာက မရှိတာသိမှသာလျှင် အနိစ္စလည်းဆို၊ အနတ္တ လက္ခဏာဉာဏ်လည်း ဖြစ်သွားပါတယ် … (မှန်ပါ့ဘုရား)။ ဒါဖြင့် ၀ိပဿနာရှုတဲ့ ပုဂ္ဂိုလ်များ ကိုယ့်အခြေအနေကို ကိုယ် အကဲခတ် ချင်တယ်။ ငါ ဒီဘ၀ နိဗ္ဗာန်ရောက်လား၊ မရောက်ဘူးလားလို့ ကိုယ့်ဟာကိုယ် စောဒနာပြီးသကာလ ကိုယ့်ဟာကိုယ် စစ်ဆေးဖို့ရာလည်း ဆရာဘုန်းကြီးက နည်းပေးလိုက်တာ။ ရှိရာက မရှိတာကို သိတဲ့ ပုဂ္ဂိုလ်ဆိုလို့ ရှိရင် ဒီဘ၀ နိဗ္ဗာန်ရောက်နိုင်တဲ့ ပုဂ္ဂိုလ်ပဲ … (မှန်ပါ)။ ပေါ်ပြီလား ဒကာကြွယ် … (ပေါ်ပါပြီဘုရား)။
ဒီဘ၀ နိဗ္ဗာန်ရောက်နိုင်တဲ့ ပုဂ္ဂိုလ်
ရှိရာက မရှိတာကို တွေ့အောင် ဖမ်းနိုင်တဲ့ ပုဂ္ဂိုလ်ဟာ ဘာတုံး … (ဒီဘ၀ နိဗ္ဗာန်ရောက်နိုင်တဲ့ ပုဂ္ဂိုလ်ပါဘုရား)။ ဒီဘ၀ နိဗ္ဗာန်ရောက် နိုင်တဲ့ ပုဂ္ဂိုလ်ဆိုရင် ဗေဒင်သွား မေးမနေနဲ့။ သူကအမှန် … (မှန်ပါ့ဘုရား)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ ရှိရာက (မရှိတာကို တွေ့ပါတယ်)။ ရှိရာက မရှိတာတွေ့တယ် … (မှန်ပါ့)။ အဲဒါတွေ့လို့ရှိရင် အစကလေ တွေ့လို့ ရှိရင်လည်း တစ်ကိုယ်လုံးက သဗ္ဗေသင်္ခါရာ အနိစ္စ လို့ဆိုသောကြောင့် တောက်လျှောက် တန်းတွေ့တယ် … (မှန်ပါ့ဘုရား)။ ဟိုနေရာက ဖျတ်ဖျတ်၊ ဒီနေရာက ဖျတ်ဖျတ်နဲ့ တွေ့တာပဲ … (မှန်ပါ)။ တွေ့လို့ရှိရင် လိုက်ပေတော့ … (မှန်ပါ့)။ တွေ့လို့ ရှိရင် ဒကာ ဒကာမတို့ ၀ိပဿနာ နည်းနာ ပေးပြီ … (မှန်ပါ့)။ ကိုယ့် ပါရမီ စုံလို့ ငါနိဗ္ဗာန် ရောက်မည့် ပုဂ္ဂိုလ်ဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက် ချပြီးသည့်နောက်ကို တွေ့စလည်း ပြုပါရော ဒကာသစ်ရေ အကုန်လျှောက်လိုက် … (မှန်ပါ့ဘုရား)။ အကုန်လျှောက်လိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတွေ့ ယောက်ျား ပျောက်၊ မိန်းမပျောက်၊ ပုဂ္ဂိုလ်ပျောက်၊ သတ္တ၀ါပျောက် … (မှန်ပါ့ဘုရား)။
ဝိပဿနာဉာဏ်က ဒိဋ္ဌိသတ်တယ်
ဒါ ပျောက်ချင်လို့ ပျောက်တာလားလို့ မေးလိုက်တော့မှ ခုနင်က ရှုတဲ့ ၀ိပဿနာက ဒိဋ္ဌိ သတ်ပစ်လိုက်တယ် … (မှန်ပါ့ဘုရား)။ ရှုတဲ့ ၀ိပဿနာက … (ဒိဋ္ဌိသတ်ပါတယ်ဘုရား)။ ဒိဋ္ဌိ သတ်ပစ်လိုက်တာနဲ့ပဲ သြော် .. ဖြစ်ပြီး ပျက်တဲ့ ဓမ္မတွေ အစုပါလား … (မှန်ပါ့ဘုရား)။ ဖြစ်ပြီး ပျက်တဲ့ ဓမ္မတွေ အစုပါလားလို့ ဆိုပြီးသကာလ၊ ဒီဉာဏ်က ဖြစ်ပြီးပျက်တဲ့ ဓမ္မတွေပဲ မြင်နေတော့ ယောက်ျားလည်းမတွေ့၊ မိန်းမလည်း မတွေ့၊ ငါလည်းမတွေ့၊ သူလည်းမတွေ့ ဖြစ်ပျက်မှုတွေသာ တွေ့နေတော့မှ သြော် … ၀ိပဿနာဉာဏ်သည် ဒိဋ္ဌိသတ်နေတာပါကလားဆိုတာ ပေါ်လာတယ် … (ပေါ်ပါတယ်ဘုရား)။
ဘာသတ်တာတုံး … (ဒိဋ္ဌိသတ်နေတာပါ)။ ဒိဋ္ဌိသတ်နေတာဆိုတာ သေချာပါပြီ … (သေချာပါပြီဘုရား)။ အဲဒီတော့ ခင်ဗျားတို့ ဒိဋ္ဌိသတ် ဒိဋ္ဌိသတ် ဆိုတဲ့ ဥစ္စာသည် ဒကာ ဒကာမတို့ ကိုယ့်အမြင် ကိုယ့်ဉာဏ်ထဲက သတ်ရမှာ … (မှန်ပါ့ဘုရား)။ ကိုယ့်အမြင်ကိုက ခန္ဓာကိုယ်ထဲ ကြည့်လိုက်တယ်။ ဝေဒနာကြည့်လိုက်ပြန်လည်း ဖြစ်မှုပျက်မှုပဲ တွေ့တယ် … (မှန်ပါ့) စိတ်ကြည့်လိုက် ပြန်လည်း … (ဖြစ်မှုပျက်မှုပဲတွေ့ပါတယ်ဘုရား)။ ဖြစ်မှုပျက်မှုတွေ့နေတော့ ဝေဒနာလည်း ငါရယ်လို့ မထင်တော့ဘူး … (မှန်ပါ့)။ အရင်တုန်းကတော့ ငါနာတယ် … (မှန်ပါ့) ငါကောင်းစားတယ် … (မှန်ပါ့)။ အင်း… ဝေဒနာကို ငါချည့်လုပ်နေတော့ ငါ့ဟာ ငါ မရှိ-မရှားကွာ။ ဘယ်သူ့အရေးလုပ်နေရမှာတုံး ဆိုတော့ ဥပက္ခော ဝေဒနာ ငါလုပ်နေတာ … (မှန်ပါ့)။
သုခဝေဒနာငါလုပ်တယ်
ငါချမ်းသာတာာ ဘယ်သူနဲ့ ဘာဆိုင်ရမှာတုံးကွ ဆိုတော့ သုခဝေဒနာ ငါလုပ်တယ် … (မှန်ပါ့)။ မလုပ်ဘူးလား … (လုပ်ပါတယ်ဘုရား)။ ငါ့ဟာငါ ဆင်းရဲနေတာကွ။ ဘယ်သူ့ဆီ တောင်းစားမှာ မှတ်လို့။ ဒုက္ခဝေဒနာကို ငါလုပ်ပြန်တယ် … (မှန်ပါ့)။ ခင်ဗျားတို့ ငါတွေကလဲ တယ်ပေါပါကလား … (မှန်ပါ့)။ ငါဘယ်နှစ် ငါရှိပြီလဲ … (မရေတွက်နိုင်ပါ) သုံးငါထား ပါတော့ … (မှန်ပါ့)။
ဒုက္ခဝေဒနာ ငါလုပ်တယ်
သုံး ငါထားပါတော့ ဦးလှဘူးရ … (မှန်ပါ့) ငါဆင်းရဲနေလို့ ဘယ်သူ့ဆီမှ ဆားတစ်လျက် မတောင်းပါဘူး။ ဒါ … ဒုက္ခဝေဒနာကို ငါလုပ်တယ် … (မှန်ပါ့ဘုရား)။ မဟုတ်ဘူးလား … (ဟုတ်ပါတယ်ဘုရား)။ ငါ့ကံနဲ့ငါ ချမ်းသာတဲ့ ဥစ္စာကွာ … ဘယ်သူ့ ဂရုစိုက်စရာ လိုသေးသတုံး။ ဒါက ဘာကို ငါလုပ်တာတုံး … (သုခဝေဒနာကို ငါလုပ်ပါတယ်ဘုရား)။
ငါက မရှိ မရှားကွ။ အဲဒါကြောင့် ဘယ်သူ့လက်အောက်မှ ငါမကျသေးပါဘူး ဆိုတော့ ဥပက္ခာ ဝေဒနာကို ငါလုပ်တယ် … (မှန်ပါ့) ဒီ သုံးငါ လုပ်နေတယ် … (မှန်ပါ့)။
ဘယ်ဝေဒနာ ဖြစ်ဖြစ်၊ ဖြစ်ပြီးပျက်တယ်
အဲဒါကို ခင်ဗျားတို့ဟာ ၀ိပဿနာ မရှုရင် ဝေဒနာ သုံးပါး ငါလုပ်နေတာပဲ … (လုပ်ပါတယ်)။ ၀ိပဿနာ ရှုလိုက်တော့ ဘယ်ဝေဒနာ ကြည့်လိုက် ကြည့်လိုက် ဖြစ်ပြီး ပျက်သွားတာပဲ … (မှန်ပါ့ဘုရား)။ သုခကို ကြည့်လိုက်ပြန်လဲ … (ဖြစ်ပြီး ပျက်သွားပါတယ်)။ ဒုက္ခကို ကြည့်လိုက်ပြန်လည်း …. (ဖြစ်ပြီး ပျက်သွားပါတယ်)။ ဥပက္ခော ကြည့်လိုက်ပြန်လဲ … (ဖြစ်ပြီး ပျက်သွားပါတယ်ဘုရား)။
ဖြစ်ပြီး ပျက်သွားတာကလေးတွေ မြင်လိုကတော့ သြော် … ၀ိပဿနာဆိုတာသည် ဒကာ ဒကာမတို့ ဒိဋ္ဌိသတ်တာပါ ကလား … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ရှုရင်းသေရင် အပါယ်မကျ
ဝိပဿနာဆိုတာ ဘာတုံး … (ဒိဋ္ဌိသတ်တာပါ)။ သြော် … ဒကာ ဒကာမတို့ ၀ိပဿနာဟာ ဒိဋ္ဌိသတ်တာ ဆိုတာ သိသွားတော့မှ ၀ိပဿနာ ရှုရင်း သေရင် အပါယ်မကျဘူးဆိုတာ သြော် .. ဒိဋ္ဌိမရှိလို့ မကျတာကိုး … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ ၀ိပဿနာ ရှုရင်းသေသွားရင် … (အပါယ်မကျပါဘုရား) ဘာဖြစ်လို့ မကျတာတုံး … (ဒိဋ္ဌိမရှိလို့ပါ)။ ခင်ဗျားတို့ ကုသိုလ်ရလို့ မကျတာ ထင်နေတယ် … (မှန်ပါ့)။ လွဲလိုက်တဲ့ ဖြစ်ခြင်း … (မှန်ပါ့)။ ကုသိုလ်ရလို့ အပါယ်မကျတာ မဟုတ်ဘူး … (မှန်ပါ့)။ ဒကာသစ် ဘာကြောင့်တုံး … (ဒိဋ္ဌိမရိလို့ မကျတာပါဘုရား)။ ဒိဋ္ဌိသတ်လို့ … (မှန်ပါ့ဘုရား)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ကုသိုလ်ရလို့ဆိုရင် မလာခဲ့နဲ့
ဒါဖြင့် ၀ိပဿနာ အလုပ်ဟာ ကုသိုလ် ရလို့ သွားလုပ်ဦးမယ်ဆိုရင် ခင်ဗျားတို့ ဒီတော့ မလာခဲ့ကြနဲ့ … (မှန်ပ့ါ)။ ၀ိပဿနာ သွားလုပ်ချေဦးမယ်။ ကုသိုလ်တော့ ဖြစ်တယ် … (မှန်ပါ့) အလကားပဲ ဒီဥစ္စာ … (မှန်ပါ)။ အလကား၊ အလကားပဲတဲ့ ဒကာ ဒကာမတို့ ရိပ်မိကြပြီလား … (ရိပ်မိပါပြီ)။ ၀ိပဿနာဆိုတာ ဖြစ်ပျက်မြင်လို့ရှိရင် ဘာသေသတုံး …. (ဒိဋ္ဌိသေပါတယ်)။ အမြစ်နဲ့ တကွတော့ မသေးသေးဘူးပေါ့ဗျာ … (မှန်ပါ့ဘုရား)။
အနုသယဒိဋ္ဌိတော့ ကျန်တယ်
ပရိယုဋ္ဌာနဆိုတဲ့ ထကြွသောင်းသန်းတဲ့ ဒိဋ္ဌိတော့ ဒကာ ဒကာမတို့ ပြုတ်သွားတယ် … (မှန်ပါ)။ အနုသယဆိုတဲ့ ၀မ်းထဲက ဒိဋ္ဌိတော့ ကျန်သေးတယ် … (မှန်ပါ)။ ကျန်ချင် ကျန်ပါစေ။ ကိစ္စမရှိဘူး … (မှန်ပါ့)။ ကျန်ချင်ကျန်ပါစေ။ ဘုန်းကြီးများက တာဝန်ခံပါတယ်။ ကိစ္စမရှိပါဘူး … (မှန်ပါ)။ ဒါဟာ ခင်ဗျားတို့ မဂ်စစ် မဟုတ်သေးဘူး။ ၀ိပဿနာမဂ်မို့ ဒိဋ္ဌိကို ဒါလောက်ပဲ သတ်နိုင်တာ … (မှန်ပါ့)။ တကယ့် လောကုတ္တရာမဂ် ဆိုလို့ရှိရင် အမြစ်နဲ့ တကွ ပြတ်ပါတယ် … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။
လောကုတ္တရာမဂ်က အမြစ်ပြတ်ပါတယ်
လောကုတ္တရာမဂ် ဆိုရင် …. (အမြစ်နဲ့တကွ ပြတ်ပါတယ်)။ အမြစ်နဲ့ တကွ ပြတ်တယ် … (မှန်ပါ့)။ ၀ိပဿနာမဂ်ကတော့ အမြစ်နဲ့တကွ မပြတ်ဘူး။ မိုးကျရင် ပေါက်ဦးမှာပဲ … (မှန်ပါ့)။ မိုးကျရင်ပေါက်ဦးမှာပဲ၊ ၀ိပဿနာမဂ် သတ်ထားတာက … (မှန်ပါ့)။
ဟို … ကျုပ်တို့ မုန်ညင်းမြက်ကလေးတွေ လိုပေါ့။ အပေါ်ကနေ တူရွင်းပြားကလေးနဲ့ ထိုးလိုက်တော့ ဒကာသစ်ရေ၊ မြက်မရှိဘူး ထင်ရတယ် … (မှန်ပ့ါ)။ အင်း… နည်းနည်းကလေး မိုးကလေးလာတော့ … (ပေါက်ပါတယ်ဘုရား)။ အဲ … ၀ိပဿနာက နှင်းမိုးမလာခင် ပြောင်ချောနေတာနဲ့ တူတယ် … (မှန်ပါ)။ ဥကု တူးထားတာ မဟုတ်သေးဘူး … (မှန်ပ့ါ)။ လောကုတ္တရာ မဂ်ကမှ ဥတူးရမှာ …. (မှန်ပါ)။ ရှင်းပြီလား … (ရှင်းပါပြီဘုရား)။
အံမာလေး … အတော် ရှင်းရတယ်ဦးမာဒင်ရေ။ အလုပ်စခန်း ပြောတော့မယ်ဆိုတော့ မလွယ်ဘူးနော် … (မှန်လှပါဘုရား)။ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ရှုပါပြီတဲ့။ ရှုတော့ မရှိတာလေးတွေ တွေ့တယ် … (မှန်ပါ့ဘုရား)။ မရှိတာကလေးတွေချည့် တွေ့တယ်။ ရှိရာက မရှိတာ ကလေးတွေ … (တွေ့ပါတယ် ဘုရား)။
နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ်ထဲ မိမိပါတယ်
တွေ့တော့ သြော် ဒါဖြင့် မိမိ စရိုက်နဲပ နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ်ထဲတော့ မိမိ အပါအ၀င် ဖြစ်ပြီ … (မှန်ပါ့)။ ဘာကြောင့်တုံး … ဘုရားက ကတမောစ ဘိက္ခဝေ အသင်္ခတ ဂါမိ မဂ္ဂေါ အဘယ်တရားသည် နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်ပါလိမ့်မလဲတဲ့ … (မှန်ပါ့)။ ၀ိပဿနာလို့ ဖြေတော့ ကိုယ်က ၀ိပဿနာလုပ်တော့ ၀ပဿနာဉာဏ်က ရနေတယ် … (မှန်ပါ့)။ မရှိတာ သိတာက ၀ိပဿနာ ဉာဏ်ကိုး … (မှန်ပါ)။ မရှိတာသိတာက … (၀ိပဿနာဉာဏ်ပါဘုရား)။ ၀ိပဿနာ ဉာဏ် ရပြီး နေကတည်းက ဒကာသစ် ကိုယ့် ဟာကိုယ် ဘယ်လို ဆုံးဖြတ်ချက် ချမလဲ။ နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ်ပဲ … (မှန်ပါ)။ ဒကာ ဒကာမတွေ ဘယ်လို ပါလိမ့် … (နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ်ပါဘုရား)။ နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ်ပဲလို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက် ချလိုက် … (မှန်ပါ့ဘုရား)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ပါရမီ ပြည့်စုံပြီးသားတွေ
အဲဒီတော့ ခင်ဗျားတို့ ပါရမီ ရှိမရှိကို အပျက်မြင်တာကို တွေ့လိုက်လို့ ရှိရင်ဖြင့် ပါရမီဆိုတဲ့ ဥစ္စာ ပြည့်စုံပြီးသားဆိုတဲ့ ဥစ္စာ ပေါ်လာတယ် … (မှန်ပါ့)။ ပါရမီဆိုတာ … (ပြည့်စုံပြီးသားပါဘုရား)။ ပြည့်စုံပြီးသားဆိုတာ ပေါ်ပြီးသကာလ လာတယ်ဆိုတာဖြင့် ရှင်းလောက်ပါပြီ … (မှန်ပါ့ဘုရား)။ ကဲ.. ဒကာကြွယ် နေရာကျပလား … (ကျပါပြီ)။ ဒါနဲ့ပဲတဲ့ ၀ိပဿနာဆိုတာ နိဗ္ဗာန်သို့ ရောက်ကြောင်း မဂ်လို့ ဘုရားကလည်း သံယုတ်ပါဠိတော်ကြီးမှာ သေသေချာချာ ဟောနေတော့၊ ဟုတ်သားပဲ။ သောတာပန် ဖြစ်ချင်ရင် ဒိဋ္ဌိသတ်ဖို့ အလုပ်ပဲ ရှိတယ် … (မှန်ပါ့ဘုရား)။
အခုကြည့်စမ်း။ အပျက်ကို မြင်လိုက်ကတည်းက ငါလည်း မဟုတ် ငါ့ဥစ္စာလည်း မဟုတ် ဆိုတာ ခင်ဗျားတို့ ဉာဏ်ထဲ ဆုံးဖြတ်ချက် ကျပါပြီ … (ကျပါပြီဘုရား)။ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ဖြစ်ရင် အပျက်မြင်လိုက်ကတည်းက ငါရော၊ ငါ့ဥစ္စာရော ဟုတ်သေးရဲ့ လား … (မဟုတ်ပါဘုရား)။ သုခဝေဒနာရော ငါ ငါ့ဥစ္စာ ဟုတ်ရဲ့ လား … (မဟုတ်ပါဘုရား)။ ဥပက္ခာဝေဒနာရော … (ငါ ငါ့ဥစ္စာ မဟုတ်ပါ ဘုရား)။ အပြော ကျန်ချင် ကျန်မယ်ပေါ့လေ။ ထင်ချက်ကတော့ မရှိပါဘူး … (မရှိပါဘုရား)။
ငါဟာ သာမည ပုဂ္ဂိုလ်မဟုတ်ဘူး
ဒီလိုဆိုလို့ ရှိရင်ပဲ အားလုံး ဒကာ ဒကာမတွေ ဆုံးဖြတ်ချက် ချလိုက် … (မှန်ပါ့)။ သြော် .. ငါဟာ သာမည ပုဂ္ဂိုလ်မဟုတ်ဘူး။ နောက်ဆုံး ပိတ်ဘ၀ ရောက်ပါပေါ့လားလို့ ဆုံးဖြတ်ချက်ချ … (မှန်ပါ့)။ သံသရာ ခရီးသည် အမြုပ်သမား၊ အမျောသမားတော့ မဟုတ်ဘူးဟေ့ … (မှန်ပါ့)။ သဘောကျပလား … (ကျပါပြီဘုရား)။ အဆန်သမားသက်သက်ဖြစ် ပြီဟေ့ … (မှန်ပါ့)။
အမြုပ်သမား၊ အမျောသမားတော့ … (မဟုတ်ပါဘုရား)။ အဆန်သမားသက်သက် ဖြစ်ပြီ … (မှန်ပါ့ဘုရား)။ အဆန်သမား သက်သက် ဖြစ်ပြီလို့ ဦးသန်းမောင်တို့ ဆုံးဖြတ်ချက်ချ … (မှန်ပါ့)။ ဘာဖြစ်လို့ ဆုံးဖြတ်ချက် ချခိုင်းရသတုံးလို့ ဆိုတော့ မဂ္ဂင်ဆိုတာ အထက်သာဆန်တယ် … (မှန်ပါ့)။ အပါယ်လေးပါး အောက်စုန်တယ်လို့ မရှိဘူး … (မရှိပါဘုရား)။ အ၀ီစိ အစရှိသော အောက် စုန်မြုပ်တယ်လို့လဲ … (မရှိပါဘုရား)။
ငါသည် အဆန်သမားသက်သက် ဖြစ်ပြီ
သြော် .. ဒါဖြင့် ငါသည် အမျောသမား၊ အမြုပ်သမားတော့ မဟုတ်ဘူး။ အဆန်သမားသက်သက် ဖြစ်ပြီလို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ … (မှန်ပါ့)။ သဘောကျပြီလား … (ကျပါပြီဘုရား)။ ဆန်နိုင်တဲ့ မဂ္ဂင်ဖောင်တော့ ရထားပြီ … (ရထားပါပြီဘုရား)။ သို့သော် အပျင်းမဖက်ပါနဲ့။ အထက်ဆန်ရတယ်ဆိုတာ အောက်စုန်ရတာလောက်တော့ မလွယ်ဘူး … (မှန်ပါ့)။ ဘယ်လို ဆုံးဖြတ်ချက် ချရမလဲ … (အထက်ဆန်ရတာ အောက်စုန်ရတာလောက်တော့ မလွယ်ပါဘုရား)။ ဒါလည်း သိပြီးသားပေမယ့် ဖော်ပြရသေးတယ် ၊ ဆရာဘုန်းကြီးက … (မှန်ပါ့)။ ဘာဖြစ်လို့တုံး လူကြီးတွေ မို့ပါ … (မှန်ပါ့)။ ရိပ်မိပြီလား … (ရိပ်မိပါပြီဘုရား)။ ဘာဖြစ်လို့တုံး … (လူကြီးတွေ မို့ပါဘုရား)။ လူကြီးတွေမို့ ဖော်ပြနေရတယ်။ ခင်ဗျားတို့လည်း ရှက်ဖို့ ကောင်းပါတယ် … (မှန်ပါ့)။ ရှက်ဖို့ ကောင်းပါတယ်.. တဲ့။ သို့သော်လည်း မရှက်တတ်ရင်လည်း မတတ်သာဘူးပေါ့ဗျာ။
သဒ္ဓါနဲ့ ၀ီရိယ ပိုပေးရတယ်
ကဲ … ဒါဖြင့် ဒကာ ဒကာမတို့ အဆန်သမားဆိုတာ ဒီ့ထက် ၀ီရိယပိုပေးရတယ် … (မှန်ပါ့)။ ဒီထက် သမာဓိကော … (ပိုပေးရပါတယ် ဘုရား)။ ဒီ့ထက် သဒ္ဓါကော … (ပိုပေးရပါတယ်ဘုရား)။ ဒီ့ထက် ပညာကော … (ပိုပေးရပါတယ် ဘုရား)။ အဲဒီတော့ ဣနြေ္ဒကို ရင့်အောင် လုပ်ပေး … (မှန်ပါ့)။ ဘုရားက ဣန္ဒြိယ ပရောပရိယတ္တိဉာဏ် ဆိုတဲ့ ဥစ္စာ လုပ်ပါများမှ ရင့်သတဲ့ … (မှန်ပါ့)။ ဣန္ဒြိယ ပရောပရိယတ္တိဉာဏ် ဆိုတဲ့ ဥစ္စာ … (လုပ်ပါများမှ ရင့်ပါတယ်ဘုရား)။ သဒ္ဓါလည်း လုပ်ပါများတော့ သဒ္ဓိနြေ္ဒ၊ သဒ္ဓါဗိုလ် ဖြစ်တယ် … (မှန်ပါ့)။ ရှေးဦးစွာတော့ သဒ္ဓါ ရိုးရိုးကိုး …. (မှန်ပါ့) ။ နောက်ကျတော့ သဒ္ဓိနြေ္ဒ ဖြစ်လာတယ် … (မှန်ပါ့)။ အစိုးရတဲ့ သဘော ဖြစ်လာတယ် … (မှန်ပါ့ဘုရား)။ နောက်ကျတော့ ဗိုလ်ကိုစွဲသွားတယ် … (မှန်ပါ့)။ လုပ်ပါများတော့ ထက်လာတယ် … (မှန်ပါ့)။
ဝီရိယကလည်း ၀ီရိယ ရိုးရိုး တစ်မျိုး၊ ၀ီရိယ ဣနြေ္ဒတစ်မျိုး၊ ၀ီရိယ ဗိုလ်တစ်မျိုး … (မှန်ပါ့)။ ဒါ ဘယ်နှယ့်ကြောင့် ဒီလို နာမည်တွေ ပြောင်းပါလိမ့် မတုံးမေးတော့ ဘယ်နှယ့် ဖြေကြမလဲ … (လုပ်ပါများလို့ ပါဘုရား)။
လုပ်ပါများလို့ အဆင့်အတန်း တက်လာတယ်
လုပ်ပါများလို့ ဒကာ ဒကာမတို့ အလုပ်စဉ်လည်းများလို့ အဆင့် အတန်းတက်သွားတာပါ … (မှန်ပါ့)။ ဘယ်လို ဆုံးဖြတ်ချက် ချမလဲ … (အလုပ်စဉ်များလို့ အဆင့် အတန်း တက်သွားတာပါ ဘုရား)။ အဲဒီတော့ ငါ မဂ္ဂင်ဖောင်တော့ စီးမိနေပြီကွ ဆိုငြားသော်လည်း အဆင့်အတန်း ပိုမိပြီး သကာလ အရင်လှော်တာ တစ်ချက်ဆိုရင် နောက်လှော်တာ တစ်စက္ကန့်ကို နှစ်ချက် သုံးချက်လောက် ပြင်းထန်အောင်တော့ လုပ်ရမှာပဲဗျာ … (မှန်ပါ့)။ မလုပ်ရင် တော်ပါ့မလား … (မတော်ပါဘုရား)။ မတော် မျောသွားရင် ခက်ရချည့်ရဲ့  … (မှန်လှပါဘုရား)။ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
မျောရင်တော့ဖြင့် ခင်ဗျားတို့ ငါးပါး အာရုံ ကာမဂုဏ်ထဲ ရောက်မယ် … (မှန်ပါ့)။ မရောက်ပေဘူးလား … (ရောက်ပါတယ်ဘုရား)။ ဒီကနေ မျောလိုက်၊ ရန်ကုန်ကျရင် ငါးပါး အာရုံ ကာမဂုဏ်ထဲ မျောလိုက် … (မှန်ပါ့)။ မျောပြီး သကာလ ၀ဲထဲ မျောပါများတော့ သစ်ရွက် ကလေးဟာ ဦးမာဒင် ဘယ်လိုနေသလဲ … (မြုပ်ပါတယ်ဘုရား)။ ရိပ်မိပလား … (ရိပ်မိပါပြီ ဘုရား)။ အတော် ကြောက်စရာ ကောင်းတယ် … (ကောင်းပါတယ်ဘုရား)။ လည်လို့ရှိရင် မြုပ်တော့မလို့ သာမှတ် … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ ဒါဖြင့် မျောမှုကြောင့် လည်မှုတွေ့တယ်။ လည်မှုကြောင့် မြုပ်မှုတွေ့တယ် … (မှန်ပါ့)။ ဒါကိုလည်း စိုးရိမ်ရတယ် … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီ ဘုရား)။ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဉာဏ်တက် ပေးလိုက်မယ် … (မှန်ပါ့)။ ဖြစ်ပျက်ကလေးတွေ မြင်လာတဲ့ အခါကျတော့ သဒ္ဓါကလည်း အရင် သဒ္ဓါနဲ့ မတူတော့ ဘူး … (မှန်ပါ့)။
ဣနြေ္ဒဆိုတာ အစိုးရတယ်
ဘုရားဟောတော် မူတာ မှန်လိုက်တာ။ အနိစ္စ ရှိလို့ အနိစ္စ သိရတာ၊ ဟုတ်လိုက်တာ … (မှန်ပါ့ဘုရား)။ သဒ္ဓါက တက်လာတော့ သဒ္ဓိနြေ္ဒ ဖြစ်လာတယ် … (မှန်ပါ့)။ သဒ္ဓိနြေ္ဒဆိုတာ သဒ္ဓါလည်းဖြစ်တယ်။ ဣနြေ္ဒဆိုတာ အစိုးရတယ် … (မှန်ပါ့)။ ဒီပြင် တရားတွေ ၀င်မယ်ဆိုရင် သူက သားကိစ္စ၊ သမီးကိစ္စ၊ ဆွေကိစ္စ၊ မျိုးကိစ္စတွေ ၀င်မယ်ဆိုရင် ဣနြေ္ဒက ဟေ့ .. မလာခဲ့နဲ့ … (မှန်ပါ့)။ သူက ဣနြေ္ဒက တားနေတယ် … (မှန်ပါ့ဘုရား)။ သဘောကျပြီလား … (ကျပြါ်ပီဘုရား)။
ဣနြေ္ဒက တားတယ်။ အဲဒါကြောင့် ဘုန်းကြီးတို့ဆီမှာ တရားအားသွားထုတ်တဲ့ ဒကာ ဒကာမတွေ အိမ်လည်း မပြန်တော့ဘူး။ မသွားလည်း မသွားချင်တော့ဘူး။ ဒီဟာနဲ့ပဲ နေချင်တယ် ဆိုသူ ခက်နေတယ် … (မှန်ပါ့)။ ရှင်းပြီလား … (ရှင်းပါပြီဘုရား)။ သဒ္ဓါက သဒ္ဓီနြေ္ဒဖြစ်နေတယ် … (မှန်ပါ့)။ သဘောကျပြီလား … (ကျပါပြီဘုရား)။ နောက်ကျတော့ သဒ္ဓိနြေ္ဒတောင် မကတော့ဘူး။ သဒ္ဓါက ဗိုလ် ဖြစ်လာတဲ့နေ့ ကျတော့ နိဗ္ဗာန်မြင်တယ် … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ ဒီဥစ္စာသည် ပွတ်နိုင်မှ ပြောင်တဲ့ သတ္ထုပစ္စည်းမျိုးလို … (မှန်ပါ့)။ ဒီမှာလည်း ကြိုးစားနိုင်သလောက် ကြိုးစားလို့ ရှိရင်ဖြင့် ငါ … ခရီးမှ ပေါက်ပါ့လားဆိုတာ ဒါ … ဘာမှ မစိုးရိမ်နဲ့ … (မှန်ပါ့)။
အားစိုက်ပါများတော့ ဣနြေ္ဒထိုက်တယ်
ဘာမှ တွေးမနေနဲ့ ဒကာ ဒကာမတို့။ ၀ီရိယကလေး တစ်ခုပဲ အားစိုက် … (မှန်ပါ့)။ စိုက်ပါများလာတော့ ၀ီရိယက ဣနြေ္ဒထိုက်တယ် … (မှန်ပါ့)။ ဣနြေ္ဒဆိုတာ သူတစ်ပါး တရားတွေ လာမယ်ဆိုရင် ဟေ့ … မလာခဲ့နဲ့။ သူက ကန့်ကွက်တယ် … (မှန်ပါ့ဘုရား)။ နောက် ဗိုလ်ထိုက်လာတဲ့ အခါကျတော့ ဒီ့ပြင် တရားတွေက အဖျက်တွေက လာငြားသော်လည်း အနားကို မသီရဲဘူး … (မှန်ပါ့)။ တရားက စောင့်သွားတယ် … (မှန်ပါ့)။ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။ ဒါဖြင့် တရားစောင့်လို့ တရားက စောင့်တယ်ဆိုတာကော ပေါ်ပလား … (ပေါ်ပါပြီဘုရား)။ တပည့်တော်တို့က ဘုရား … လုပ်တော့ လုပနေတာ ဘုရာ့း။ အဖျက်တွေက တယ်များတယ် … (မှန်ပါ့)။ အို … သဒ္ဓါ ရိုးရိုးနဲ့ လုပ်နေတာကိုး ခင်ဗျားက။ ဣနြေ္ဒမှ မထိုက်သေးဘဲ … (မှန်ပါ့)။ ဣနြေ္ဒ မထိုက်သေးတော့ ခင်ဗျားတို့က ဖျင်းလို့ လာကြတာပဲ … (မှန်ပါ့)။ ဒါပြောရမှာပဲ … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ ဒကာကြွယ် ဒါဖြင့် ကိုယ့်အဖျင်း လူထဲ ထုတ်ပြော မနေစမ်းပါနဲ့ … (မှန်လှပါဘုရား)။ တော်ပါ့မလား … (မတော်ပါ ဘုရား)။
ကဲ .. ဒါဖြင့် ဒီလိုလုပ်ကြပါ။ ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့ တွေ့တော့ ခင်ဗျားတို့က ရှေးဦးစွာ မေတ္တေယျ ဘုရားသခင်နဲ့ တွေ့ပြီး ကျွတ်တမ်း ၀င်ရပါလို၏လို့ တောင်းတဲ့ ပုဂ္ဂိုလ်တွေလည်း တစ်ပုံကြီးပေါ့ဗျာ … (မှန်ပါ့)။ မသိကြဘဲကိုး … (မှန်ပါ့ဘုရား)။
သဒ္ဓါသုံးဆင့်တက်ရမယ်
မသိကြတော့ ကိုယ်က သဒ္ဓါရိုးရိုး ကလေးနဲ့ အားထုတ်တယ် … (မှန်ပါ့)။ သဒ္ဓါ ရိုးရိုးကလေးနဲ့ အားထုတ်ထားတော့ သဒ္ဓါက တက်စရာက သဒ္ဓိနြေ္ဒဆိုတာ တက်ရဦးမယ် … (မှန်ပါ့)။ တစ်ဆင့် တက်ရဦးမယ် … (မှန်ပါ့)။ ပြီးတော့ သဒ္ဓါက ဗိုလ်ကျအောင် တစ်ဆင့်တက်ရဦးမယ်… (မှန်ပါ့)။ ဘယ်နှစ်ဆင့် ရှိပြီလဲ … (သုံးဆင့် ရှိပါပြီဘုရား)။ သဒ္ဓါတစ်ဆင့်၊ ဣနြေ္ဒထိုက်အောင်က … (တစ်ဆင့်ပါဘုရား)။ ဗိုလ်ထိုက်အောင်က … (တစ်ဆင့်ပါဘုရား) သုံးဆင့်မရှိ ဘူးလား … (မှန်ပါ့)။
ဘုရားနဲ့ တွေ့ရပါလို၏
အဲဒီတော့ ကိုယ်က တစ်ဆင့်လောက်နဲ့ပဲ ဘုရားနဲ့ တွေ့တယ် ထားပါတော့။ ဘုရားနဲ့လက်ဦးစွာ တွေ့ရပါလို၏ ဆိုပြီး တွေ့တယ် … (မှန်ပါ့)။ ကိုယ်က သဒ္ဓါလေးနဲ့ သွားတွေ့တယ် … (မှန်ပါ့)။ ဣနြေ္ဒက မထိုက်သေးဘူး … (မှန်ပါ့)။ ဗိုလ်ကကော … (မထိုက်သေးပါဘုရား)။ မထိုက်သေးတော့ ဘုရားက မရင့်သေဘူးဆိုပြီး သူ့အနားမကပ်ဘူး … (မှန်ပါ့)။ ဣနြေ္ဒမထိုက်သေးဘူးတဲ့ …. (မှန်ပါ့)။ ဗိုလ်ကော … (မထိုက်သေးပါဘုရား)။ မထိုက်သေးဘူးဆိုတော့ ဣနြေ္ဒမရင့်သေးဘူး ဆိုတာ ဒါကို ဆိုတာ … (မှန်ပါ့)။ ရိပ်မိပြီလား … (ရိပ်မိပါပြီဘုရား)။
အဲဒါ ခင်ဗျားတို့ ဆုတောင်းတော့ မပြည့်ဘူးလို့ မဆိုနိုင်ဘူးပေါ့ဗျာ … (မှန်ပါ့)။ ဘုရားနဲ့ တွေ့ရပါလို၏ ဆိုလည်း ပန်းတစ်ပွင့်နဲ့လည်း တွေ့ချင် တွေ့လိုက်မှာပဲ … (မှန်ပါ့)။ သို့သော်လည်း ငါတွေ့ပဲ အောက်မေ့။ ဒီက မရင့်လို့ ရှိရင် … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။
မရင့်သေးရင် တွေ့လည်း မကျွတ်ဘူး
မရင့်လို့ ရှိရင်ဖြင့် တွေ့လည်း မကျွတ်ဘူး … (မှန်ပါ့)။ မှတ်မိကြပလား… (မှတ်မိပါပြီဘုရား)။ မရင့်လို့ ရှိရင် … (တွေ့လည်း မကျွတ်ပါ)။ တွေ့လည်း မကျွတ်ဘူးဆိုတာ သေသေချာချာ မှတ်ပါ … (မှန်ပါ့)။ ဘာကြောင့်တုံးလို့ မေးတဲ့ အခါကျတော့မှ ဒကာ ဒကာမတို့ သဒ္ဓါ ရိုးရိုးသာ ရှိသေးတယ် … (မှန်ပါ့)။ ဣနြေ္ဒက မထိုက်သေးဘူး … (မှန်ပါ့)။ ဗိုလ်က မဖြစ်သေးဘူး … (မှန်ပါ့)။ အဲဒီဖြစ်ကာနီးမှ ဘုရားက လာတာ … (မှန်ပါ့ဘုရား)။ ခင်ဗျားတို့အတွက် ဘုန်းကြီးတို့လို တစ်ခါတည်း ကကြီး ခကွေးက စပြီး ပြမှာ မဟုတ်ဘူး… (မှန်ပါ့ဘုရား)။ ဒီလိုသာ ပြရရင် ဘုရားက တစ်ယောက်ပြတာနဲ့ ဘုရားက ပရိနိဗ္ဗာန် စံမှာနဲ့ အတော် ဖြစ်နေတယ် … (မှန်ပါ့)။ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
ကိုယ့်ဟာကိုယ် ရင့်အောင်လုပ်
ခင်ဗျားတို့ သိမျှော်မနေနဲ့ … (မှန်ပါ့)။ မြန်မြန် ကိုယ့်ဟာကိုယ် ရင့်အောင်လုပ်ထား … (မှန်ပါ့) သဘောကျပြီလား … (ကျပါပြီဘုရား)။ ကဲ .. ရင့်တဲ့ အဆုံးကျတော့လည်း ဘုရားလိုသေးသလား မေးပြန်တော့လည်း … (မလိုတော့ပါ)။ မလိုတော့ပါဘူး။ ဘုရားရှိတဲ့ အခါသာ ရင့်ခါနီးလာတာ … (မှန်ပါဘုရား)။ ဘုရားမရှိတဲ့ အခါကျတော့ ကိုယ့်ဟာကိုယ် ရင့်ပြီး ကိုယ်ဟာကိုယ် အားထုတ်ရမှာပဲ … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ အဲဒီတော့ ဒကာ ဒကာမတွေ ပြောရတဲစကားကလည်း ဦးမာဒင်ရေ နည်းတာတွေ မဟုတ်ဘူး … (မှန်ပါ့)။ မနည်းဘူး။ မနည်းဘူး။ သင်ရတာ တစ်မျိုး၊ သိပါစေတော့လို့ ပြောရတာ တစ်မျိုး … (မှန်ပါ)။ ခင်ဗျားတို့ကလည်း အလွယ်က လိုချင်နဲ့၊ ကိုယ်ကလည်း ဘာမှ မဟုတ်နဲ့ ခက်လိုက်တာက … (မှန်ပါဘုရား)။ ကဲ ဒကာကြွယ် ဒါဖြင့် ခင်ဗျားတို့ အခု လုပ်လို့ ရှိရင်လည်း သဒ္ဓါသည် ဣနြေ္ဒထိုက်အောင်လုပ်ပါ … (မှန်ပါဘုရား)။
ဘုရားရှိ ရှိ၊ မရှိ ရှိ ရတယ်
ဣနြေ္ဒထိုက်ပြီး ဘာထိုက်အောင် လုပ်ရမလဲ … (ဗိုလ်ထိုက်အောင်လုပ်ရပါမယ်)။ မရ မရှိဘူး။ ဒီလိုသာ ထိုက်အောင်လုပ်။ အကုန်ရ … (မှန်ပါ့) ဘုရား ရှိရှိ၊ မရှိရှိ ရတယ် … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။ ဘုရားကလည်း ဒီ ကိလေသာ သတ်တာပဲ … (မှန်ပါ့)။ ဘုရားမရှိတော့ကော … (ကိလေသာ သတ်တာပါဘုရား)။ ကိလေသာ သတ်တဲ့အလုပ် လုပ်တာပဲ … (မှန်ပါ့)။ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။ ဘုရား မရှိသော်လည်း ဒီကိလေသာ ပဋိစ္စ သမုပ္ပာဒ် ပြတ်အောင် လုပ်ဖို့ပဲ … (မှန်ပါ့)။ ဘုရားရှိလည်း … (ကိလေသာ ပဋိစ္စ သမုပ္ပာဒ် ပြတ်ဖို့ ပါပဲ ဘုရား)။
သီဟိုဠ်ကျွန်းမှာ ကျွတ်တာတေါ
ဒါကြောင့် ဘုရားရှိတုန်း ကျွတ်တာနဲ့ ဘုရားမရှိမှ ကျွတ်တာနဲ့ ဘုရားမရှိတဲ့ နောက်မှာ သီဟိုဠ်ကျွန်းမှာ ကျွတ်လိုက်တာတွေ … (မှန်ပါ့ဘုရား)။
ဓမ္မာသောကမင်းလက်ထက်မှာ
အိန္ဒိယထဲမှာ ဓမ္မာသောက လက်ထက်မှာ ကျွတ်လိုက်တာတွေ စပါးလှန်းလို့တောင် မရအောင် ကောင်းကင်မှာ ရဟန္တာတွေ … (မှန်ပ့ါဘုရား)။ ဒါတွေ ဘယ်နှယ့်ကြောင့် ကျွတ်ပါလိမ့် ဒကာသစ်ရေ။ ဘုရားမရှိဘဲ ကျွတ်တာ … (မှန်ပါ့)။ ဣနြေ္ဒရင့်လို့ ကျွတ်တာ … (မှန်ပါ့)။ ပေါ်ပလား … (ပေါ်ပါပြီဘုရား)။ ဘာဖြစ်လို့ ပါလိမ့် … (ဣနြေ္ဒရင့်လို့ ကျွတ်တာပါ)။ နို့ .. ခင်ဗျားတို့ ဣနြေ္ဒရင့်လို့ ကျွတ်တယ် ဆိုတာ သူများက လုပ်ပေးရတာလား။ ကိုယ့်ဟာကိုယ် ၀ီရိယ တိုးတိုး၊ တိုးတိုးသွားရတာလား … (ကိုယ့်ဟာကိုယ် ၀ီရိယ တိုး သွားတာပါ)။ ဒါဖြင့် ဘုရားနဲ့ မဆိုင်ဘူး ခင်ဗျားတို့ … (မှန်ပါ့ဘုရား)။
အစ နည်းပေးမှာ ဘုရားနည်းကို ယူ … (မှန်ပါ့)။ နောက် အလုပ်ခွင် ခရီးပေါက်မှုမှာ ကိုယ့်တာဝန်လုပ် …(မှန်ပါ့)။ ပေါ် ကြပလား … (ပေါ်ပါပြီဘုရား)။ ဒါဖြင့် ဒကာသစ်ရေ ဘုန်းကြီးကတော့ ဖြင့် ဘုရား ဒေသနာတော်တွေ ဘုရား မရှိသည့်နောက် ဒါတွေ ဆရာတွေပဲ ကွလို့ ဘုရားက ဟောတော်မူခဲ့လို့ ဘုရားဟောသလို ဟောနေရတာ … (မှန်ပါ့ဘုရား)။
ခင်ဗျားတို့ ဣနြေ္ဒရင့်ဖို့ကျတော့ ဟောလို့ ရင့်မှာလား။ လုပ်မှရင့်မှာလား … (လုပ်မှ ရင့်မှာပါ)။ ဒကာကြွယ်ရေ .. သဘောပါပလား … (ပါပါ ပြီဘုရား)။ ဘယ်လိုမှ ရင့်မှာတုံး … (လုပ်မှ ရင့်မှာပါ)။ ဒါဖြင့် ဒီလိုလုပ်ပါ၊ ခင်ဗျားတို့ သဒ္ဓါသည် သဒ္ဓါတရားသည် ပေါ့ဗျာ … (မှန်ပါ့)။ ရိုးရိုးနဲ့ မလုပ်နဲ့ ဣနြေ္ဒထိုက်အောင်လုပ်ပါ … (မှန်ပါ့)။ ဣနြေ္ဒထိုက်အောင်လုပ်ပါ ဆိုတော့ သူက ဣနြေ္ဒဆိုတာ ကြီးစိုးတယ် … (မှန်ပါ)။ အလုပ် လုပ်နေတဲ့အထဲမှာ မဂ္ဂင်ထဲမှာ သူက ကြီးစိုးတယ် … (မှန်ပါ့)။ ကြီးစိုးလာတော့ ဒီ့ပြင် ဘေးက ကိစ္စ၊ ၀ိစ္စတွေကို သူက အကုန်ဖယ်ထုတ်တယ် … (မှန်ပါ့)။
သိဒ္ဓိနြေ္ဒထိုက်ပြီဆိုရင်
ဒါဖြင့် သူက ဖယ်ထုတ်လိုက်ပြီ ဆိုကတည်းက ဘာထိုက်ပြီဆိုတာ ခင်ဗျားတို့ ရိပ်မိပြီ။ သိဒ္ဓိနြေ္ဒ ထိုက်ပြီ … (မှန်ပါ့) ရိပ်မိပြီလား … (ရိပ်မိပါပြီဘုရား)။ သိဒ္ဓိနြေ္ဒ ထိုက်ပြီဆိုလို့ ရှိရင် အို … နေရာကျပြီ။ တော်တော့ ကိစ္စတွေကို ငါ ပယ်နိုင်ပြီ … (မှန်ပါ့) သူတက်လာတယ် … (မှန်ပါ့)။ ရိပ်မိပြီလား … (ရိပ်မိပါပြီဘုရား)။
ဗိုလ်ထိုက်ပြီဆိုရင်
ကဲ .. ဒါလောက်နဲ့လည်း မရသေးဘူးတဲ့။ တို့ ဆရာ ဘုန်းကြီးကလည်း ဟောတယ်။ ဘုရားဟောတော်မူတာနဲ့။ ဗိုလ်ထိုက်အောင် လုပ်ရဦးမယ် … (မှန်ပါ့)။ ဗိုလ်ထိုက်အောင် လုပ်ရဦးမယ်ဆိုတော့ ပိုမိုပြီး သကာလ ဖြစ်ပျက်တွေကို အရင်ထက် မြင်အောင် ကြည့်တာ ပေါ့ဗျာ … (မှန်ပါ)။ မနေမနားကလေး ကြည့်ပေးလိုက်ပါ … (မှန်ပါ့)။ ကြည့်ပေးလိုက်တဲ့ အခါ ကျလို့ ရှိရင်ဖြင့် ဘုရားအပေါ်၌ ယုံကြည်မှု၊ တရားဆိုတဲ့ သစ္စာအပေါ်၌ ယုံကြည်မှုတွေ မလာဘူးလား … (လာပါတယ်ဘုရား)။
ဒုက္ခသစ္စာတွေ ပျောက်သွားတယ်
အဲ .. သူက ဧကန် ဒုက္ခသစ္စာပဲလို့ သိဒ္ဓိနြေ္ဒက ဆုံးဖြတ်ချက် ချလိုက်တယ် … (မှန်ပါ့)။ ချသည်နှင့် တစ်ပြိုင်နက်တည်း သူလည်း ဆုံးဖြတ်ချက် ချလိုက်ရော ဒုက္ခသစ္စာတွေ ပျောက်သွားတယ် … (မှန်ပါ)။ ဟိုဘက်က နိဗ္ဗာန်တွေ တစ်ခါတည်း ပေါ်တာပဲ … (ပေါ်ပါတယ်)။ ဒုက္ခက နိဗ္ဗာန် ဖုံးထားတယ် … (မှန်ပါ့ဘုရား)။ ကဲ … သူလည်း ဗိုလ်ဖြစ်ပါရော ဧကန် ဒုက္ခသစ္စာပဲ လို့လဲ သိဒ္ဓိနြေ္ဒက ဆုံးဖြတ်ချက် ချပါရော ဒကာ ဒကာမတို့ ဒုက္ခသစ္စာတွေ ဘာဖြစ်သွားသတုံး … (ပျောက်သွားပါတယ်ဘုရား)။
နိဗ္ဗာန်ပေါ်လာတယ်
ဘာပေါ်လာသတုံး … (နိဗ္ဗာန်ပေါ်လာပါတယ်)။ ဟော နိရောဓသစ္စာ ပေါ်လာတယ် … (မှန်ပါ)။ သူဗိုလ်ဖြစ်လာရင် ပေါ်တော့တာပဲ … (မှန်ပါ့ဘုရား)။ ဟ … ဒါဖြင့် တို့ တည်းတည်း ကျန်ပါတော့လား … (မှန်ပါ့)။ ဆုံးဖြတ်ချက်ချ ပြီလား … (ချပါပြီဘုရား)။ ဦးမာဒင် ဘယ်လို ဆုံးဖြတ်ချက် ချသလဲ … (တည်းတည်း ကျန်ပါတော့တယ်ဘုရား)။ ဟာ .. တည်းတည်းဖြင့် ပြီးအောင်လုပ်မယ် … (မှန်ပါ့)။ ဒကာကြွယ် ဘယ့်နှယ် ဆုံးဖြတ်မလဲ … (တည်းတည်းဖြင့် ပြီးအောင်လုပ်ရ ပါမယ်ဘုရား)။
တို့တည်းတည်းလေးကျန်တော့တယ် တည်းတည်းကလေး ကျန်တော့တယ်ကွ။ မင်းဟာ ရှေ့ တစ်ခုန်လောက်သာ ကျန်တော့တယ်ဆိုတော့ ဒကာသစ် ဘယ့်နှယ် လုပ်မယ် … (ပြီးအောင်လုပ်ပါမယ်)။ အားကုန် ထုတ်လိုက်ပါလားဗျ … (မှန်ပါ့)။ အားကုန် ထုတ်လိုက်ရင် မရောက်ပေဘူးလား … (ရောက်ပါတယ်ဘုရား)။ အဲဒါကြောင့် ယနေ့ ဟောတဲ့ တရားမှာဖြင့် တိုက်တွန်းလုံးကိုလည်း ခင်ဗျားတို့က ပါတယ်လို့ ထင်လိမ့်မယ်။ မဟုတ်ဘူး ခင်ဗျားတို့ ဉာဏ် ရင့်တာကို ပြောတာ … (မှန်ပါ့)။ ရှင်းပလား … (ရှင်းပါပြီဘုရား)။ သဒ္ဓါက သဒ္ဓါရိုးရိုး တစ်မျိုး၊ ဣနြေ္ဒထိုက်တဲ့ သဒ္ဓါ … (တစ်မျိုးပါ)။ ဗိုလ်ထိုက်တဲ့ သဒ္ဓါက … (တစ်မျိုးပါဘုရား)။
ပညာကလည်း သုံးမျိုး
ပညာကလဲ ပညာ ရိုးရိုးတစ်မျိုး … (မှန်ပါ့)။ ဣနြေ္ဒထိုက်တဲ့ ပညာ … (တစ်မျိုးပါ)။ ဗိုလ်ထိုက်တဲ့ ပညာ … (တစ်မျိုးပါ)။ အဲဒါတွေ တစ်ပြိုင်နက် တက်လို့ရှိရင် ရတယ် … (မှန်ပါ့)။ ရိပ်မိပြီလား … (ရိပ်မိပါပြီဘုရား)။ ဒါဖြင့် နိဗ္ဗာန် ဝေးသလား၊ နီးသလား … (နီးပါတယ်ဘုရား)။
မရင်သေးလို့ မရသေးတာ
နီးလျကနဲ့ ကျုပ်တို့ ဘာဖြစ်လို့ မရသေးပါလိမ့်မတုံး ဆိုတော့ မရင်သေးလို့ … (မှန်ပါ့)။ မရင့်တာက ဖျင်းလို့ ပျင်းလို့ … (မှန်ပါ့)။ ရိပ်မိပြီလား … (ရိပ်မိပါပြီဘုရား)။ မရင့်တာက ဘယ်လိုပါလိမ့် … (ဖျင်းလို့ ပျင်းလို့ပါ ဘုရား)။ အဲဒါဖြင့် အဖျင်းနဲ့ အပျင်း ထုတ်လိုက်ရင် … (ရပါတယ်)။ ရိပ်မိပြီလား …. (ရိပ်မိပါပြီဘုရား)။
ရင့်ရင် ကိစ္စပြီးပေါ့လို့ ဆုံးဖြတ်
ဒါဖြင့် အဖျင်းနဲ့ အပျင်း ဖြုတ်ပစ်လို့ရှိရ် ဣနြေ္ဒထိုက်ပြီး ဗိုလ်အဖြစ်သို့ ရောက်ပါလိမ့်မယ် … (မှန်ပါ့)။ ရောက်သည်နှင့် တစ်ပြိုင်နက် တည်း ကိစ္စ ပြီးပေါ့လို့ ဆုံးဖြတ်ချက်ချ … (မှန်ပါ့) ။ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ကဲ … ဒီနေ့ ဒီတွင် တော်ကြဦးစို့
သာဓု … သာဓု … သာဓု