ကျေးဇူးတော်ရှင် - အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့ တွင် ဟောကြားတော်မူသော တရားတော်
“ ခန္ဓာကပြောလာတာ ယုံလိုက်စမ်းပါ ”
(၀ိပဿနာရှုနည်း)
ဟောကြားသည့်နေ့ (၅-၂-၆၂)
ဒကာ ဒကာမတို့ သင်္ခတ တရားကို ပဋိစ္စသမုပ္ပါဒ်တရားနှင့် သင်္ခတ တရားဟာ အတူတူပဲဆိုတာကို ယနေ့ ရှင်းပြမယ် …. (မှန်ပါ့ဘုရား)၊ အဲဒီတော့ ဒီမနေ့က ပြောခဲ့တဲ့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးဟာ ဝေဒနာက္ခန္ဓာ ကိုယ်ကြီးလို့ ပြောလိုက်တယ်၊ ဝေဒနာက္ခန္ဓာဆိုတာ ဒကာ ဒကာမတွေ မှတ်ထားပါ။ ဝေဒနာချည်းဖြစ်တယ်လို့ ဘယ်အခါကာလမှ မယူပါနဲ့ …. (မှန်ပါ့)၊ ခန္ဓာငါးပါးဟာ တည်ဆဲကာလမှာ တပေါင်းတည်း ဖြစ်တယ်လို့ ယူကြစမ်းပါ ….. (မှန်ပါ့ဘုရား)။
ခန္ဓာငါးပါးပေါင်းပြီးဖြစ်တယ်
ဝေဒနာဟာ ဝေဒနာချည်းဖြစ်သလား ကျန်တဲ့လေးပါးနဲ့ ပေါင်းနေသလား ….. (ပေါင်းနေပါတယ်)၊ ဒကာ ဒကာမတို့ ဝေဒနာဟာ ဝေဒနာချည်းဖြစ်သလား ….. ကျန်တဲ့လေးပါးနဲ့ လေးပါးနဲ့ ပေါင်းနေသလား ….. (ကျန်တဲ့လေးပါးနဲ့ ပေါင်းနေပါတယ်ဘုရား)၊ ကျန်တဲ့လေးပါးနဲ့ ပေါင်းနေတယ်ဆိုတာ သေသေချာချာမှတ်ပါ ….. (မှန်ပါဘုရား)။
အဲဒီတော့ ကျန်တဲ့လေးပါးနဲ့ ပေါင်းပြီးသကာလ နေတော့ ပြောတော့သာ ဝေဒနာက္ခန္ဓာလို့ ဆိုတာ ….. တဲ့ အားလုံးခန္ဓာငါးပါးပေါင်းပြီးသကာလ ဖြစ်တယ်လို့ ဒကာ ဒကာမတွေ အားလုံး မှတ်ထားပါနော် …… (မှန်ပါ)၊ ကောင်းပြီ ဒါဖြင့် ဒီခန္ဓာငါးပါးသည် ဘယ်ကလာသတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့၊ ကံ စိတ် ဥတု အာဟာရကြောင့် ရုပ်တရားလာတယ်ဆိုတာ သိကြမှာပဲ၊ အာရုံဒွါရကြောင့် နာမ်တရားလာတယ်ဆိုတာ မသိကြသေးဘူးလား …. (သိကြပါတယ်ဘုရား)။
အကြောင်းတွေက ပြုပြင်လို့ပေါ်လာတာ
ကောင်းပြီ …. ဒါဖြင့်ဒီခန္ဓာငါးပါးသည် အကြောင်းကင်းပြီးပေါ်သလား၊ အကြောင်းတွေက ပြုပြင်လို့ ပေါ်သလားဆိုတာ စဉ်းစားပါ …. (အကြောာင်းတွေက ပြုပြင်လို့ပေါ်တာပါ)၊ အကြောင်းတွေက ပြုပြင်လို့ ပေါ်လာတယ် ဆိုတာ သဘောကျပလား ….. (ကျပါတယ်)၊ ကောင်းပြီ အကြောင်းတွေက ပြုပြင်လို့ပေါ်လာတော့ ဤဟာသည်ကား ….. လို့ဆိုလို့ရှိရင် သင်္ခတ တရားလို့မှတ်လိုက်စမ်းပါ။
ဒီခန္ဓာငါးပါးကို ဘာတရားခေါ်ကြမယ် ….. (သင်္ခတ တရားပါဘုရား)၊ သင်္ခတ တရားလို့ သေသေချာချာ မှတ်ပါ။ ဘယ့်နှယ့်ကြောင့် သူ့ကို သင်္ခတ တရားလို့ ဆိုရသတုံး …. ဆိုတော့ သူက ပြုပြင်လို့ပေါ်နေတဲ့ တရားကိုး ….. (မှန်ပါ့)။ ဒကာ ဒကာမတို့ ဘယ့်နှယ့်ဆိုကြမယ် ….. (ပြုပြင်လို့ ပေါ်နေတဲ့ တရားပါ)၊ ဒါဖြင့် ပြုပြင်လို့ ပေါ်လာတဲ့တရားဟာ ပြုပြင်တဲ့ သတ္တိကုန်ရင် ဘာဖြစ်မယ် ထင်ကြသလဲ ….. (ပျက်သွားပါတယ်ဘုရား)။
ပျက်စီးသွားတယ်၊ ပြုပြင်တဲ့ သတ္တိကုန်ရင် …. (ပျက်စီးသွားပါတယ်)၊ ပျက်စီးသွားမယ် ဆိုတော့ သြော် …. တို့ခန္ဓာငါးပါးကြီးဟာ ကံကပြုပြင်၊ စိတ်ကပြုပြင်၊ ဥတုကပြုပြင်၊ အာဟာရပြုပြင်၊ အာရုံဒွါရကပြုပြင်၊ ပြုပြင်လို့ ခန္ဓာငါးပါး ရုပ် နာမ်နှစ်ပါးပေါ်နေတယ်၊ ပြုပြင်တဲ့တရား အရှိန်အစော် အာနုဘော်သတ္တိကုန်ဆုံးမယ် ဆိုလို့ရှိရင် ဒကာ ဒကာမတွေ ဘယ်လို ဆုံးဖြတ်ချက်ချကြမလဲ …. (မရှိတော့ပါဘုရား)၊ ပျက်စီးသွားမယ်။
ဒါဖြင့် ကျုပ်တို့ ခန္ဓာကိုယ်ကြီးဟာ ပြုပြင်လိုက်၊ ပြုပြင်လို့ပေါ်လာလိုက်၊ အရှိန်အစော်ကုန်လို့ ပျက်စီးလိုက်၊ ခန္ဓာငါးပါးကြီးဟာဖြင့် ဒကာ ဒကာမတို့ ဝေဒနာလဲ အတူတူပဲ၊ ကျန်တဲ့ခန္ဓာတွေလဲ အတူတူပဲ၊ ပြုပြင်လိုက်၊ ပြုပြင်လို့ ပေါ်လာလိုက်၊ အကြောင်းတရားကုန်သွားလိုက်၊ ပျက်စီးလိုက် ဆိုရင်လွဲပါ့မလား … (မလွဲပါဘုရား) ရှင်းကြပလား …. (မှန်ပါဘုရား)၊ ခန္ဓာငါးပါးသည် ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်အခါ ကာလမှမြဲလိမ့်မယ်၊ ခိုင်လိမ့်မယ်၊ တည်တံ့လိမ့်မယ်ဆိုတဲ့ ဥစ္စာ ပြောစရာ အချက်အလက် အကွက်ပါ ပါရဲ့လား … (မပါ ပါဘုရား)။
ပြုပြင်လို့ ပေါ်လာတဲ့ သင်္ခတ တရား
ဘာပြုလို့တုံး …. ဆိုလို့ရှိရင် ပြုပြင်လို့ပေါ်လာတဲ့ သင်္ခတ တရားလို့ မှတ်လိုက်စမ်းပါ …. (မှန်ပါ့ဘုရား)၊ ဘယ်လိုမှတ်ကြမယ် …… (ပြုပြင်လို့ ပေါ်လာတဲ့ သင်္ခတ တရားပါ)၊ ပြုပြင်လို့ပေါ်လာတဲ့ သင်္ခတ တရားဖြစ်တော့ ပြုပြင်တဲ့ အရှိန်အစော်လဲ ကုန်ပါရော ပျက်စီးခြင်းသို့ ရောက်ပါရော ဆိုလို့ရှိရင် သဘောကျပလား ….. (ကျပါတယ် ဘုရား)။
ဒါဖြင့် ခန္ဓာငါးပါးကို ဘာတရားလို့ ခေါ်ကြမယ် ….. (သင်္ခတ တရားပါ)၊ သင်္ခတ တရားလို့ ခေါ်ဖြစ်အောင် ခေါ်ကြပါ ဒကာ ဒကာမတို့ ….. (မှန်ပါ့)၊ သင်္ခတ တရားလို့ ခေါ်ဖြစ်အောင် ခေါ်လိုက်တဲ့အခါကျတော့ ရှင်းသွားတယ်၊ သြော် …. သင်္ခတ တရားဆိုတာ ပြုပြင်မှ ပေါ်တဲ့တရား၊ သင်္ခတ တရားဆိုတာ ဘာဆိုကြမယ် …. (ပြုပြင်မှပေါ်တဲ့ တရားပါဘုရား)၊ ပြုပြင်မှ ပေါ်တဲ့တရားကို ဘာတရားလို့ ခေါ်ကြမယ် ….. (သင်္ခတ တရားပါဘုရား)။
ကံ၊ စိတ်၊ ဥတု၊ အာဟာရက ပြုပြင်တာ
ဒါဖြင့် ဒကာ ဒကာမတို့ ရှေးတုန်းက ပြုပြင်လို့ ပေါ်ပြီးပြုပြင်တဲ့ တရားက အကြောင်းတွေ သိမ်းလိုက်တဲ့အခါကျတော့ သင်္ခတ ခန္ဓာကြီးဟာ ပျက်စီးခြင်းသို့ ရောက်ပါတယ် ….. (ရောက်ပါတယ်ဘုရား)၊ ဒီလို ရောက်လာတာ ဘယ်လောက်ကြာပြီလဲလို့ မေးလို့ရှိရင် ဘယ့်နှယ့်ဖြေကြမလဲ ….. (မရေတွက်နိုင်ပါဘုရား)၊ မရေတွက်နိုင်ဘူးဆိုတဲ့ အဖြေတွေ အများကြီးထွက်မယ် ….. (ထွက်ပါတယ်ဘုရား)၊ ကိုင်း …. ဒကာ ဒကာမတို့ ကံကပြုပြင်လိုက်၊ စိတ်ကပြုပြင်လိုက်၊ ဥတုက ပြုပြင်လိုက်တော့ ဒီခန္ဓာငါးပါးကြီးဟာ ပေါ်မလာဘူးလား …. (ပေါ်လာပါတယ်ဘုရား)။
သူ့ကို ဘာတရားခေါ်ကြမလဲ …(သင်္ခတ တရားပါ)၊ သင်္ခတ တရားသူပြုပြင်တဲ့ အကြောင်းတွေက သတ္တိတွေက ကုန်သွားတဲ့အခါကျတော့ ခန္ဓာငါးပါးကြီး ဘာလုပ်ကြမယ် …. (ပျက်စီးပါတယ်ဘုရား)၊ ပျက်စီးသွားတယ်ဆိုတာ ဦးခင်မောင်ကျေနပ်ပလား … (ကျေနပ်ပါပြီ)၊ ဒါဖြင့် သူ့ကို ဘာတရားခေါ်ကြမယ် …. (သင်္ခတ တရားပါဘုရား)။
သြော် …. ဒါဖြင့် ကျုပ်တို့ သင်္ခတနယ်ထဲ နေရတယ်ဆိုတာ သဘောကျပလား …. (ကျပါပြီ)၊ ဘယ်ထဲမှာ နေကြရတယ် …. (သင်္ခတနယ်ထဲ နေကြရပါတယ်)၊ သင်္ခတနယ်ထဲ နေရတယ်ဆိုတာ ဒကာ ဒကာမတို့ သဘောကျပလား ….. (ကျပါပြီ)။ ဒါဖြင့် သင်္ခတနယ်ထဲ နေလို့ရှိရင် ဖြစ်လိုက်၊ ပျက်လိုက် ဆိုတာ သေချာပလား …. (သေချာပါတယ်ဘုရား)၊ သင်္ခတနယ်ထဲနေရင် …. (ဖြစ်လိုက်၊ ပျက်လိုက်ပါဘုရား)။
ခဏခဏ ဖြစ်ပျက်နေတဲ့ ခန္ဓာ
သင်္ခတနယ်ထဲနေရင် ….. (ဖြစ်လိုက်၊ ပျက်လိုက်)၊ ဖြစ်လိုက်၊ ပျက်လိုက်နဲ့ နေရတော့မယ် ဆိုလို့ရှိရင် ဒကာ ဒကာမတွေက သြော် ….. ဒီခန္ဓာကြီး ရ ထားတာ ကောင်းကောင်းမနေရ၊ ခဏ ခဏ ပျက်နေတဲ့ ခန္ဓာကြီးပါကလား ဆိုလို့ရှိရင် လွဲသေးသလား ….. (မလွဲပါဘုရား)၊ ဘယ့်နှယ့်ကြောင့် ခဏ ခဏဖြစ်၊ ခဏ ခဏပျက်ပါလိမ့်မတုံးလို့ သူ့ကို မေးကြည့်ပြန်တော့ သူက သင်္ခတ တရားလို့ အစီအရင်ခံပါလိမ့်မယ်၊ သင်္ခတ တရားလို့ အစီအရင်မခံဘူးလား ….. (ခံပါတယ်ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သင်္ခတဓမ္မဆိုတာ ဒီဥစ္စာပါပဲ၊ ပြုပြင်နိုင်မှ ဖြစ်ပေါ်တဲ့ တရားကို ဘာတရား ခေါ်ကြမယ် …… (သင်္ခတ တရားပါ)၊ ကိုင်း …. ဒါဖြင့် ဒကာ ဒကာမတို့ သင်္ခတ ဒုက္ခ၊ သင်္ခါရဒုက္ခ၊ အတူတူပါပဲ၊ ဒီခန္ဓာကြီး ရထားကတည်းကိုက ဒကာ ဒကာမတို့ အစားနဲ့ ပြုပြင်ရတာက တစ်မျိုး၊ အ၀တ်နဲ့ ပြုပြင်ရတာက တစ်မျိုး၊ ကံနဲ့ ပြုပြင်ရတာကကော …(ပါ ပါတယ်ဘုရား)။
အာဟာရနဲ့ ပြုပြင်ရတာကော ….. (ပါ ပါတယ်)၊ အာရုံဒွါရနဲ့ ပြုပြင်ပေးနေရတာကော ….. (ပါ ပါတယ်)၊ ဒါဖြင့် ဒီထဲမှာ ခဏ ခဏ တစ်နေ့မှ မပြုပြင်ရတဲ့အချိန် မရှိ၊ တစ်နာရီ တစ်စက္ကန့်မှ မနားမနေ ပြုပြင်နေရတဲ့အချိန် ချည်းပဲလို့ ဆိုလို့ရှိရင် လွဲပါ့မလား …. (မလွဲပါဘုရား)။
ဒါဖြင့် ဘာတရားပါလိမ့် …. (သင်္ခတ တရားပါ)၊ ဒကာ ဒကာမတို့ ကျုပ်တို့ ခန္ဓာကိုယ်ကြီး ရထားတာကဖြင့် ပြုပြင်ပြိးသကာလ နေရတာပဲ၊ ဘာပြုလို့ ထပ်ပြန်တလဲလဲ ပြုပြင်နေရသလဲလို့ ဆရာဘုန်းကြီးကမေးလို့ရှိရင် ပျက် ပျက်သွားလို့၊ ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ ….. (ပျက် ပျက်သွားလို့ပါဘုရား)။
ပျက် ပျက်သွားတော့ မပြုပြင်ရင်လဲ အစားထိုးစရာ ရှိသေးရဲ့လား ….. (မရှိပါဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့ ခန္ဓာကိုယ်ကြီးကို ဘာတရားလို့ခေါ်ကြမလဲ ….. (သင်္ခတ တရားလို့ ခေါ်ပါတယ် ဘုရား)။
သင်္ခတဆိုတာ ဖြစ်မှုပျက်မှုရှိတယ်
အဲ …. သင်္ခတဆိုတာတော့ ဖြစ်မှု ပျက်မှုရှိတယ်လို့ မှတ်လိုက်စမ်းပါ ….. (မှန်လှပါဘုရား)၊ ဦးခင်မောင် ဘာခေါ်ကြမယ် …. (ဖြစ်မှု ပျက်မှုပါဘုရား)၊ ကိုမြရွှေ ဘာခေါ်မယ် ….. (ဖြစ်မှု ပျက်မှုပါဘုရား)၊ ဖြစ်မှု ပျက်မှုဆိုရင် ပြုပင်လိုက်ရင် ဖြစ်တာပဲ၊ မပြုပြင်လိုက်ရင် ….. (မဖြစ်ပါဘုရား)၊ ပြုပြင်လိုက်ရင် ဖြစ်တယ်၊ မပြုပြင်လိုက်ရင် ….. (မဖြစ်ပါဘုရား)။
ဒါဖြင့် ကျုပ်တို့ ခန္ဓာငါးပါးကြီးကို ဘာတရားခေါ်ကြမလဲ ….. (သင်္ခတ တရားပါဘုရား)၊ သင်္ခတ တရားခေါ်ကြတော့ သြော် …. ခန္ဓာကိုယ်ကြီးဟာ ပြုပြင်နိုင်မှ ဖြစ်ပေါ်ကြတဲ့ သင်္ခတ တရားတွေ ပါကလားလို့ ယနေ့သေသေချာချာ မှတ်ထားပါ ….. (မှန်လှပါဘုရား)။
ပဋိစ္စသမုပ္ပန္နတရား
အဲဒီတော့ ဒီသင်္ခတ တရားကိုပဲ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပန္နတရားလို့လဲ ဆိုပါ ဦးခင်မောင်ရ ….. (မှန်လှပါ ဘုရား)၊ ပဋိစ္စသမုပ္ပန္နတရားလို့ ဆိုလိုက်စမ်းပါ ….. (မှန်ပါ့)၊ ဘာပြုလို့တုံး၊ ဟေတု အကြောင်းတွေက ပြုပြင်တော့ ဒါဟာ အကျိုးတရားမဖြစ်ဘူးလား …. (ဖြစ်ပါတယ်)၊ ပဋိစ္စသမုပ္ပါဒ်အကြောင်းကြောင့် ပေါ်လာတဲ့ အကျိုးခန္ဓာကြီးဆိုရင်လည်း လွဲပါ့မလား …. (မလွဲပါဘုရား)။
ဒါဖြင့် သူ့ကို သင်္ခတ တရားလို့ကော ဆိုလိုလည်း ဆိုပါတော့၊ ပဋိစ္စသမုပ္ပန္နတရားလို့လဲ မဆိုနိုင်ဘူးလား ….. (ဆိုနိုင်ပါတယ်ဘုရား)။
ဒါဖြင့် သင်္ခတ တရားလို့လည်းဆိုနိုင်၊ ပဋိစ္စသမုပ္ပန္နတရားလို့လဲ ဆိုနိုင်တယ်ဆိုတာကော သဘောကျပလား …. (ကျပါပြီ)၊ ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်ပေါ်လာတဲ့ ဥပမာ ဒီထဲမှာ ဝေဒနာပါတယ်၊ ဝေဒနာက မကုန်သေးလို့ ဝေဒနာပစ္စယာတဏှာ ဆိုပြန်တော့ ဝေဒနာက မပြုပြင်ဘဲနဲ့ တဏှာပေါ်ပါ့မလား ….(မပေါ်ပါဘုရား)။
ဒါဖြင့် ဒီတဏှာကိုလည်း ဘာတရားခေါ်မလဲ ….. (သင်္ခတ တရားပါ)၊ သင်္ခတ တရားပဲခေါ် ရလိမ့်မယ်၊ သဘောကျပလား ….. (ကျပါပြီဘုရား)။
တဏှာပြီး ဥပါဒါန် ဆိုတာကော တဏှာက ပြုပြင်လို့ ဥပါဒါန်ဖြစ်လာသောကြောင့် သူ့ကို ဘာခေါ်ကြမလဲ ….. (ပဋိစ္စသမုပ္ပန္နတရား)၊ သင်္ခတ တရား ပဋိစ္စသမုပ္ပန္နတရား၊ စေတနာဆို အတည့်ပဲ …… (မှန်ပါ့)၊ မတည့်ဘူးလား …. (တည့်ပါတယ်)၊ ဥပဒါနပစ္စယာ ကမ္မဘဝေါ ဆိုတာကော ….. (သင်္ခတ တရားပါဘုရား)။
အင်း … သင်္ခတ တရား ပဋိစ္စသမုပ္ပန္နတရားလို့ အားလုံးတရားနာတဲ့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ …. (မှန်ပါ့)၊ ရှင်းပလား ….. (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဒီတရားတွေဟာ ပြုပြင်လိုက်၊ ပျက်လိုက်၊ ပြုပြင်လိုက်၊ ပျက်လိုက်၊ ပြုပြင်တဲ့ တရားကလည်း ပြုပြင်လိုက် ပျက်စီးသွားလိုက် ပြုပြင်လိုက် ပျက်စီးသွားလိုက်ဆိုတဲ့ အဓိပ္ပါယ်ရှင်းပလား ….. (ရှင်းပါပြီဘုရား)။
ခန္ဓာကြီးမှာ ဖြစ်မှုပျက်မှုပဲရှိတယ်
ဒါကြောင့် ဒီခန္ဓာကြီးမှာ ပုံသေသဘော ဘာရှိပါလိမ့်မတုံးလို့ မေးကြပါစို့နော်၊ ဒကာ ဒကာမတွေ ဒီခန္ဓာကြီးမှာ ပုံသေသဘော ဘာရှိပါလိမ့်မတုံးလို့ မေးကြတဲ့အခါကျမှ ပြုပြင်တုံး ပေါ်တာပဲ၊ ပြုပြင်တဲ့ အချိန်ပေါ်၊ ပေါ်တဲ့အချိန် ပျက်စီးတာပဲဆိုတော့ ဒီခန္ဓာကြီးမှာ ဖြစ်မှုနဲ့ ပျက်မှုပဲရှိတယ် ….. (မှန်ပါ့)၊ ဘယ်လိုမှတ်ကြမလဲ ….. (ဖြစ်မှုနဲ့ ပျက်မှုပဲ ရှိပါတယ်ဘုရား)။
ခန္ဓာကိုယ်၏ စွမ်းရည်သတ္တိပြောစမ်းပါ
ဒီ …. ခန္ဓာကိုယ်ကြီး၏ စွမ်းရည်သတ္တိ ပြောစမ်းပါ၊ ဒကာ ဒကာမတွေ ဘယ်လိုပြောကြမလဲ …. (ဖြစ်မှု ပျက်မှုပဲ ရှိပါတယ်ဘုရား)၊ ဖြစ်မှုနဲ့ ပျက်မှုပဲရှိတယ်ဆိုတာ သဘောကျပလား ….. (ကျပါပြီဘုရား)။
သြော် ….. ဒါဖြင့် ဒကာ ဒကာမတို့ တစ်သံသရာလုံးမှာ ကျုပ်တို့သည် ဖြစ်ပျက်နဲ့ပဲ ဖြစ်လိုက် ပျက်လိုက် အင်း …… မွေးလိုက် သေလိုက် ဆိုကြပါစို့၊ မြန်မာလို ပြန်တော့နော် ….. (မှန်ပါ့)၊ မွေးလိုက် သေလိုက်နဲ့ အချိန်ကုန်လာကြတယ်ဆိုတာဟာ မရှင်းကြသေးဘူးလား ….. (ရှင်းပါပြီဘုရား)၊ အနားကောရှိခဲ့ရဲ့လား …. (မရှိပါဘုရား)။
မွေးလိုက် … (သေလိုက်ပါဘုရား)။
မွေးလိုက် …. (သေလိုက်ပါဘုရား)။
မွေးလိုက် သေလိုက်ပဲ ခင်ဗျားတို့ ကျုပ်တို့ နေခဲ့ရပါတယ်ဆိုတာ ဒကာ ဒကာမတွေ ငြင်းဖို့လိုသေးသလား ….. (မလိုပါဘုရား)။
ဒါဖြင့် ဒီဇာတ်ကို ခင်ဗျားတို့ ဘာဖြစ်လို့ မသိမ်းချင်ပါလိမ့်မလဲ၊ မွေးလိုက်၊ သေလိုက်၊ မွေးလိုက်၊ သေလိုက်၊ မွေးလို့ရှိရင်လည်း မသေဘဲနဲ့ ခိုင်မြဲနေလို့ရှိရင်လဲ တော်သေးရဲ့ …..၊ အခုတော့ မွေးလိုက်၊ သေလိုက်၊ ဖြစ်လိုက်၊ ပျက်လိုက်၊ မွေးလိုက်၊ သေလိုက်၊ ဖြစ်လိုက်၊ ပျက်လိုက် ဆိုတဲ့ ဥစ္စာ ဦးခင်မောင်တို့ …. ကိုမြရွှေတို့ ဘယ်အခါကာလမှ ၀ိပဿနာဥာဏ်နဲ့ ခန္ဓာတွေ မကြည့်ဖူးတာနဲ့ မွေးလိုက်၊ သေလိုက်ကို မတွေ့ဘူး ….. (မှန်လှပါဘုရား)၊ သဘောကျပလား … (ကျပါပြီ)။
ဝိပဿနာဥာဏ်နဲ့ မကြည့်ရင်
ဘယ်အခါကာလမှ ၀ိပဿနာဥာဏ်နဲ့ မကြည့်ဖူးတော့ ဘာတွေ့သတုံး …. (မွေးလိုက် သေလိုက်) မွေးလိုက် သေလိုက် တွေ့ကြရဲ့လား …. (မတွေ့ပါဘုရား)။
သြော် … မွေးလိုက်၊ သေလိုက် မတွေ့တာသည် ဒကာ ဒကာမတို့ ဒါဖြင့် သင်္ခတဒုက္ခ မသိဘူးပေါ့ …. (မှန်ပါ့)၊ ဒါ …. ဘာဆိုကြမယ် …. (သင်္ခတဒုက္ခ မသိဘူးပါဘုရား)။
အဲ ….. သင်္ခတဒုက္ခကို ဒကာ ဒကာမတွေက မတွေ့ဖူးတော့ သင်္ခတဒုက္ခကို တွေ့ဖူးမှသာလျှင် အသင်္ခတ ဆိုတာ ကြိုက်မယ်၊ သင်္ခတ ဒုက္ခတွေ့ဖူးမှ အသေင်္ခတ နိဗ္ဗာန်ကို ကြိုက်မယ် ….. (မှန်ပါ့)၊ ရှင်းပလား …. (မှန်ပါ့)၊ သင်္ခတဒုက္ခတွေ့ဖူးမှ ဘာကြိုက်မယ် …. (အသင်္ခတနိဗ္ဗာန်ကိုကြိုက်ပါမယ်ဘုရား)။
ဒါကြောင့် ယနေ့ …. တရားစ ကတည်းက ဦးခင်မောင်တို့ ဒကာသစ်တို့ …. ကိုမြရွှေတို့ သင်္ခတက စ၍ ပြောတယ် …. (မှန်လှပါဘုရား)။
သင်္ခတက စ၊ ပြောလာတာ ခင်ဗျားတို့ ….. သင်္ခတ အကြောင်း ကောင်းကောင်းမသိတဲ့ အခါကျတော့ သြော် …. ကိုယ့်ခန္ဓာကိုယ်ကြီးဟာ ခဏ ခဏ ဖြစ်ပေါ်လိုက်၊ ခဏ ခဏ ပျက်စီးလိုက်၊ ခဏ ခဏ ဖြစ်ပေါ်လိုက်၊ ခဏ ခဏ ပျက်စီးလိုက်ကို မသိအောင် အ၀ိဇ္ဇာက ဖုံးထားတဲ့ အခါကျတော့ ဦးခင်မောင် သိသေးရဲ့လား ….. (မသိပါဘုရား)။
ခန္ဓာကို အကောင်းထင်မှာစိုးလို့
မသိတော့ ဒီခန္ဓာကြီးဟာ တစ်နေ့ကြည့်လိုက်လည်း အကောင်း တစ်နေ့ကြည့်လိုက်လည်း အကောင်းပဲလို့ ဒီလို ထင်နေမှာစိုးတဲ့အတွက် သင်္ခတကို ယနေ့ရှင်းပြတယ် … (မှန်လှပါဘုရား)။ သဘောကျပလား …. (ကျပါပြီ)၊ ဘာရှင်းပါလိမ့် ….. (သင်္ခတကို ရှင်းပါတယ်ဘုရား)။
ဒါဖြင့် ဒီတရားပွဲတစ်ပွဲလုံး တရားဟောတဲ့ ပုဂ္ဂိုလ်ရော၊ တရားနာတဲ့ ဒကာ ဒကာမတွေရော ဘာတရားတွေတုံး မေးကြရင် ဘယ့်နှယ့်ပြောကြမလဲ ….. (သင်္ခတ တရားတွေ ပါဘုရား)။
သင်္ခတ တရားတွေဆိုတော့ သြော် …. ဟုတ်ပြီ၊ ဒါဖြင့် ယနေ့ဖြင့် သင်္ခတ သဘောသိပြီ၊ ဖြစ်လိုက် ပျက်လိုက် မွေးလိုက် သေလိုက်၊ ဖြစ်လိုက်၊ ပျက်လိုက် မွေးလိုက် သေလိုက် ဒီခန္ဓာကြီးအကြောင်း ကောင်းကောင်း မသိသေးဘူးလား …. (သိပါတယ်ဘုရား)။
သင်္ခတ တရားမို့ဖြစ်ပျက်
တဏှာကလေးလည်း ဖြစ်ပြီးပျက်လိုက်သေးတယ်၊ ဝေဒနာကလေးကလဲ ဖြစ်ပြီးပျက်သွားတော့ သင်္ခတ တရားဖြစ်ပျက်ပဲ မနေဘူးလား … (နေပါတယ်ဘုရား)၊ ဝေဒနာ နောက်ကလိုက်လာတဲ့ တဏှာကလေးကကော … (ဖြစ်ပျက်ပါဘုရား)၊ သင်္ခတ တရားမို့ ဖြစ်ပျက်တယ် …. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။
တဏှာနောက်က လိုက်လာတဲ့ ဥပါဒါန်ကလေးကကော ဘယ်လိုဆိုကြမလဲ ….. (ဖြစ်ပျက်ပါပဲ)၊ သင်္ခတ တရားမို့ ဖြစ်ပျက်ပါပဲ၊ ဥပါဒါန်နောက်ကလာတဲ့ ကံကလေးကကော …… (ဖြစ်ပျက်ပါပဲဘုရား)။
သြော် …. ဒါဖြင့် ကျုပ်တို့ သန္တာန်မှာ ရှိတဲ့ တရားဟူသရွေ့ သင်္ခတ တရားဖြစ်ပျက်ချည်းပဲ လို့ မှတ်လိုက်စမ်းပါ ….. (မှန်ပါ့)၊ ရှင်းပြီနော် … (ရှင်းပါပြီ)၊ ကျုပ်တို့ သန္တာန်ဖြစ်တဲ့ တရားဟူသရွေ့ ဘယ့်နှယ့်သရွေ့ ဘယ့်နှယ့်ဆိုကြပါ့မယ် …. (သင်္ခတ တရားချည်းပဲ)၊ သင်္ခတ တရားမို့ ဘယ်မှာ လမ်းဆုံးပါလိမ့် …… (ဖြစ်ပျက်မှာ ဆုံးပါတယ်ဘုရား)။
ဖြစ်မှု ပျက်မှုမှာ လမ်းဆုံးတယ်လို့ ရှင်းရှင်းလင်းလင်း မှတ်ထားလိုက်စမ်းပါ ဒကာ ဒကာမတို့နော် … (မှန်ပါ့)၊ သင်္ခတ တရားဟာ ဘယ်မှာလမ်းဆုံးပါလိမ့် ….. (ဖြစ်မှု ပျက်မှုမှာ လမ်းဆုံပါတယ်)၊ ဖြစ်မှု ပျက်မှုမှာ လမ်းဆုံးတယ် ဆိုတာ ဒကာ ဒကာမတွေ သဘောကျပလား. ….. (ကျပါပြီဘုရား)။
အိမ်ကျတော့ ဥာဏ်ကလေးနဲ့ ကြည့်စမ်းပါ
ကောင်းပြီ …. ဒါက ဒကာ ဒကာမတို့ ဘုန်းကြီးများက ဟောရတာက သင်္ခတ တရားမို့ ဖြစ်ပါတယ် ပျက်ပါတယ် ဆိုတာ အခု တရားပွဲထဲမှာ ပြောနေငြားသော်လည်း အိမ်ကျတဲ့ အခါကျတော့ ဥာဏ်ကလေးနဲ့ ကြည့်စမ်းပါနော် ….. (မှန်ပါဘုရား)၊ အိမ်ကျတော့ ဥာဏ်ကလေးနဲ့ ကြည့်စမ်းပါ၊ ဥာဏ်ကလေးနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ခန္ဓာကိုယ်ထဲက ဟိုနေရာကလည်း ရွရွ ရွရွ၊ ဒီနေရာကလည်း ရွရွ ရွရွ ဟိုနေရာက ယားသလိုလို၊ ဒီနေရာက ယံသလိုလို၊ မလာပေဘူးလား ….. (လာပါတယ်ဘုရား)။
အဲဒါကလေးတွေက ဘာကလေးတွေလို့ ခင်ဗျားတို့ ထင်ကြမလဲ …. (ဖြစ်မှု ပျက်မှုပါဘုရား)၊ အင်း ….. သင်္ခတ တရားမို့ သူတို့သည် ပေါ်လိုက်၊ ပျက်လိုက်၊ ပေါ်လိုက်၊ ပျက်လိုက်၊ ဒီလိုမနေပေဘူးလား …. (နေပါတယ်ဘုရား)၊ အဲဒါ ခန္ဓာရတဲ့ ပုဂ္ဂိုလ်မှာဖြင့် ပေါ်လိုက်၊ ပျက်လိုက်နဲ့ သင်္ခတ တရားနဲ့ပဲ အချိန်ကုန်ရမယ်ဆိုတာ သဘောကျပလား …. (ကျပါပြီဘုရား)။
ခန္ဓာရတဲ့ ပုဂ္ဂိုလ်သည် သင်္ခတ ခန္ဓာကိုယ်ကြီးဖြစ်လေသောကြောင့် ဒကာ ဒကာမတို့ မွေးလိုက်၊ သေလိုက်၊ မွေးလိုက်၊ သေလိုက်နဲ့ လမ်းဆုံးရမယ်ဆိုတာ ကျေကျေနပ်နပ် သဘောကျပလား ….. (ကျပါပြီ)။
ဒုက္ခသစ္စာကြီးနဲ့ ပျော်နေတယ်
ဒါဖြင့် ခင်ဗျားတို့ ဒီအထဲမှာပဲ ပျော်နေတဲ့ ပုဂ္ဂိုလ်ဟာ သြော် …. ဒုက္ခသစ္စာနဲ့ ပျော်နေတယ်လို့ ဆိုကြပါစို့ ….. (မှန်ပါ့)၊ ဒီအထဲ ပျော်နေတဲ့ ပုဂ္ဂိုလ်များ ….. (ဒုက္ခသစ္စာနဲ့ ပျော်နေပါတယ်)။
ဖြစ်တဲ့တရားကလည်း သင်္ခတ တရား၊ ပျက်တဲ့တရားကလဲ သင်္ခတ တရားပဲ၊ ပြုပြင်နိုင်မှ ပေါ်လာတဲ့တရား၊ မပြုပြင်ရင် ပျက်တဲ့တရားဆိုတော့ ခင်ဗျားတို့သည် သင်္ခတ တရားထဲမှာ ပျော်နေတယ် (၀ါ) ဒုက္ခသစ္စာကြီးနဲ့ ပျော်နေတယ်လို့ ဆိုကြပါစို့ …… (မှန်လှပါဘုရား)၊ သဘောကျပလား …. (ကျပါပြီ)၊ ဘာနဲ့ပျော်နေသလဲ …. (ဒုက္ခသစ္စာနဲ့ပျော်နေပါတယ်)၊ ဒုက္ခသစ္စာကြီးနဲ့ ပျော်နေတယ်ဆိုတာ ကျေနပ်ပလား …. (ကျေနပ်ပါပြီ)၊ သင်္ခတ တရားဟာ ဖြစ်လိုက် ပျက်လိုက် မနေဘူးလား …. (နေပါတယ်ဘုရား)။
ဖြစ်လိုက် ပျက်လိုက်ဆိုတော့ ဖြစ်တာလည်း ဒကာ ဒကာမတွေ ဟောပြီးသား ဖြစ်နေတယ်၊ ဖြစ်ရတာလည်း ပျက်မလို့ ဖြစ်လာတာ …. (မှန်ပါ့)၊ တော်တော်ကြာကျတော့ ဒီပျက် မလို့ဖြစ်လာတော့ ပျက်လည်း မသွားဘူးလား …. (ပျက်ပါတယ်)၊ သဘောပါပလား ….. (ပါ ပါပြီ)၊ ဖြစ်လိုက်ပြီးတော့ ဘာဖြစ်သွားပြန်သတုံး …. (ပျက်သွားပါတယ် ဘုရား)။
ဒါဖြင့် သူ့ကို ဘာတရားခေါ်ကြမယ် ….. (သင်္ခတ တရားပါဘုရား)၊ ဒါဖြင့် သဗ္ဗေသင်္ခါရာ ဒုက္ခာ ဆိုတော့ သူဟာ ဒုက္ခသစ္စာမဖြစ်ဘူးလား …. (ဖြစ်ပါတယ်)၊ ဘာဖြစ်သွားပါလိမ့် …. (ဒုက္ခသစ္စာ ဖြစ်သွားပါတယ်)၊ ဒုက္ခသစ္စာ ဖြစ်သွားတော့ ဒကာ ဒကာမတွေ ပျော်နေတာ ဘယ့်နှယ့်ကြောင့် ပျော်ပါလိမ့်မတုံးဆိုတော့ သင်္ခတလည်းမသိ၊ သင်္ခတဟာ ဒုက္ခသစ္စာပဲလို့ကော ဦးခင်မောင်တို့က ဥာဏ်ဝင်သေးရဲ့လား ….. (မ၀င်ပါဘုရား)။
ဥာဏ်မ၀င်တော့မသိ ပျော်ပျော်နေတယ်
ဥာဏ်မ၀င်တော့ကို ….. တဲ့ ဒကာ ဒကာမတို့ မသိပျော်၊ ပျော်နေတယ်လို့ ဆိုကြပါစို့ ….. (မှန်လှပါ)၊ ဘယ့်နှယ့်ဆိုကြမယ် ….. (မသိပျော်၊ ပျော်နေပါတယ်ဘုရား)၊ ဘာမသိတာပါလိမ့် ….. (ဒုက္ခလို့ မသိတာပါဘုရား)၊ သင်္ခတ တရားလို့လည်း မသိဘူး၊ ဒီသင်္ခတ တရားသည် ဒုက္ခသစ္စာပါပဲ လို့ကော ….. (မသိပါဘုရား)။
သြော် …. ဒါဖြင့် ဒကာ ဒကာမတို့ သေရင်း ပျော်နေတာပဲလို့ ဆိုရင်တော့ လွဲပါ့မလား ….. (မလွဲပါဘုရား)၊ မွေးရင်းပျော်နေတာပဲဆိုရင်ကော ….. (မလွဲပါဘုရား)၊ မွေးလိုက် သေလိုက် အပေါ်မှာ ပျော်နေတာပဲဆိုရင်ကော …… (မလွဲပါဘုရား)။
ဒါဖြင့် ဦးခင်မောင်တို့ ဒကာသစ်တို့ ကိုမြရွှေတို့ စဉ်းစားတာပေါ့၊ သြော် …. သေရင်း ပျော် ပျော်နေတာပါကလား၊ သင်္ခတ မမြင်ဘဲနဲ့ မီးတွေမမြင်ဘဲနဲ့ ပျော်နေတာပါကလားဆိုရင် လွဲပါ့မလား …. (မလွဲပါဘုရား)။
ဒါကြောင့် အိမ်ပြန်တဲ့အခါမှာ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကို စောင့်ပြီးသကာလ ကြည့်စမ်းပါ၊ ဆရာဘုန်းကြီးက ဟောလိုက်တယ်၊ ဘုရားက ဟောလိုက်တယ်၊ သင်္ခတ ဓမ္မာလို့ ဟောလိုက်တယ်။
အဲဒီ သင်္ခတ တရား ဟုတ် မဟုတ်၊ ပေါ်လိုက်၊ ပျက်လိုက်မှ ဟုတ်ပါရဲ့လားလို့ အိမ်ကျရင် ပြန်ကြည့်ကြပါနော် ….. (မှန်ပါ့)၊ ပြန်ကြည့်တဲ့အခါကျတော့ ခန္ဓာက သင်္ခတ သဘောဖြစ်နေသော ကြောင့် ဦးခင်မောင်ဘာပဲ ပြောမယ်ထင်သလဲ၊ သင်္ခတ လက္ခဏာပဲ ပြောမယ် …. (မှန်လှပါဘုရား)။
ဥာဏ်နားကလေးနဲ့ ထောင်ကြည့်စမ်းပါ
ဒကာ ဒကာတွေ ဘာပြမယ်ထင်သလဲ …. (သင်္ခတလက္ခဏာပဲ ပြပါတယ်ဘုရား)၊ သင်္ခတ သဘောရှိလည်း ဘာပြောမယ်ထင်တုံး၊ ဖြစ်ပျက်ပြောမယ်၊ သင်္ခတ လက္ခဏာပဲ မပြောပေဘူးလား …. (ပြောပါတယ်ဘုရား)၊ အဲဒီလို ပြောတာကို ဒကာ ဒကာမတွေက ဥာဏ်နားကလေးနဲ့ ထောင်ကြည့်စမ်းပါ ….. (မှန်ပါ)၊ ရှင်းပလား …. (ရှင်းပါပြီ)။
သင်္ခတ လက္ခဏာတွေကို သူမပြောပေဘူးလား ….. (ပြောပါတယ်)၊ ပြောတာကို ဘာနဲ့ထောင်ကြည့်ရမယ် …. (ဥာဏ်နားနဲ့ထောင်ကြည့်ရပါမယ်)၊ ဥာဏ်နားနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ထောင်ကြည့်လိုက်တဲ့အခါကျတော့မှ သြော် …. ဒါဖြင့် တို့ဟာ သင်္ခတ နယ်ထဲရှိပါသေးကလား ….. (မှန်ပါ့)၊ ဘယ်နယ်ထဲရှိသတုံး …. (သင်္ခတ နယ်ထဲရှိပါတယ်ဘုရား)။
သင်္ခတ နယ်ထဲ ရှိပါသေးကလားဆိုတာ ဥာဏ်ထဲမှာ စိုက်ကြည့်တဲ့ ပုဂ္ဂိုလ်ကျတော့ တွေ့လည်း တွေ့ပြီဆိုတော့ မပြောပေဘူးလား …… (ပြောပါတယ်ဘုရား)။
ထိုင်နေရင်းလည်း ဖြစ်လိုက်ပျက်လိုက်
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်လို လုပ်ကြမယ်၊ သင်္ခတ နယ်ထဲမှာ ဖြစ်ပြီးပျက်တာမှ တစ်ပါး ဘာရှိသေးသတုံး …. (ဘာမှမရှိပါဘုရား)။
ဒါဖြင့် သင်္ခတ နယ်ထဲနေသရွေ့ ကာလပတ်လုံးဖြင့် ခိုင်ပါစေတော့၊ မြဲပါစေတော့၊ တည်တံ့ပါစေတော့ဆိုတဲ့ သဘောတွေရပါ့မလား ….. (မရပါဘုရား)၊ ဖြစ်လိုက်ပျက်လိုက်ပဲ နေရမယ် မဟုတ်လား ….. (နေရပါမယ်)၊ ထိုင်နေရင်းလည်း ဖြစ်လိုက်ပျက်လိုက်ပဲ၊ သွားနေရင်းလည်း …… (ဖြစ်လိုက်ပျက်လိုက်) ရပ်နေရင်းလည်း …… (ဖြစ်လိုက်ပျက်လိုက်ပါပဲ ဘုရား)။
အေး …. ဒါကြောင့် ဖြစ်လိုက် ပျက်လိုက် ချည်းပဲ အချိန်တွေက အကုန် ကုန်ပြီးသကာလ ဖြစ်ပျက်နဲ့ပဲ အချိန်ကုန်နေရတော့ နောက်တစ်ခါ ခန္ဓာဆုတောင်းလိုက်ပြန်တော့ ခန္ဓာရလာတာပဲ …. (မှန်ပါ့)၊ သင်္ခတ ခန္ဓာကြီးပဲ ရပြန်တယ် ဦးခင်မောင်ရ …… (မှန်ပါ့ဘုရား)၊ ဘာရပြန်သတုံး …. (သင်္ခတ ခန္ဓာကြီးပဲ ရပြန်ပါတယ်)၊ ရပြန်တော့ ဘာတွေများ ကျုပ်တို့အနေနဲ့ ပိုင်ပိုင်ဆိုင်ဆိုင် ရပါလိမ့်မတုံး …… ဆိုတော့ ဖြစ်ပျက်ပဲ ပြန်ရတယ်၊ သဘောကျပလား …. (မှန်ပါဘုရား)၊ ဖြစ်ပျက်ပဲ ပြန်မရဘူးလား …. (ရပါတယ်ဘုရား)။
ဒါဖြင့် ကျုပ်တို့ ဆုတောင်းတာသည် ဒကာ ဒကာမတို့ ဖြစ်ပြီးပျက်တဲ့ ဒုက္ခ ရ ရပါလို၏ ….. တောင်းတာနဲ့ ထူးသေးသလား ….(မထူးပါဘုရား)၊ လူဖြစ်ရပါလို၏ ဆိုတော့ ဖြစ်ပျက် သင်္ခတဒုက္ခ ရ ရပါလို၏ သဘောကျပလား ….. (မှန်ပါ့)၊ နတ်ဖြစ်ရပါလို၏ ဆိုရင်ကော ….. (သင်္ခတဒုက္ခ ရ ရပါလို၏)၊ ဖြစ်ပျက် သင်္ခတ ဒုက္ခရ ရပါလို၏၊ ဗြဟ္မာဖြစ်ရပါလို၏ ဆိုရင်ကော …. (ဖြစ်ပျက်သင်္ခတ ဒုက္ခရ ရပါလို၏)။
ဆုတောင်းယူတာရူးလို့
ဒါဖြင့် …. ဦးခင်မောင်တို့၊ ကိုမြရွှေတို့ စဉ်းစားပါ၊ ဒုက္ခသစ္စာ ဆုတောင်းယူတဲ့ ပုဂ္ဂိုလ်ဟာ ရူးလို့လား၊ မရူးလို့လား အကဲခတ်ကြည့်စမ်း ….. (ရူးလို့ပါဘုရား)၊ ပေါ်ကြပလား ဒကာ ဒကာမတို့ …. (ပေါ်ပါပြီဘုရား)။
ဒုက္ခသစ္စာ ဆုတောင်းယူတာ သင်္ခတဒုက္ခ ဆုတောင်းယူတဲ့ပုဂ္ဂိုလ်များ ရူး မရူးအကဲခတ်ကြည့်စမ်း …. (ရူးပါတယ်ဘုရား)၊ ပုထုဇ္ဇနော ဥမ္မတ္တကော ဆိုတာ သဘောကျပလား ….. (ကျပါပြီ)၊ အန္ဓပုထုဇဉ် အကန်းဆိုတာကော သဘောကျပလား ….. (ကျပါပြီဘုရား)။
ကိုင်း …. ဒါဖြင့် အခုတရားတစ်ပွဲလုံး တရားနာနေတဲ့ ပုဂ္ဂိုလ်တွေ များပါတယ်၊ ဘာခန္ဓာတွေပါလိမ့် ….. (သင်္ခတ ခန္ဓာတွေပါဘုရား)၊ သင်္ခတ ခန္ဓာသဘောကျပြီနော် …… (မှန်ပါ့)၊ သင်္ခတ ခန္ဓာဆိုတာ ဘာပါလိမ့် …… (ဖြစ်ပျက်ပါဘုရား)၊ ဖြစ်ပြီးပျက်နေတဲ့ တရားတွေပဲရှိတယ် …. (မှန်ပါ့)၊ ခိုင်တဲ့ မြဲတဲ့ တရား ဒီအထဲမှာ ပါသေးသလား ….. (မပါ ပါဘုရား)၊ ဘယ်တရားတွေသာ ရှိပါလိမ့် ….. (ဖြစ်ပြီးပျက်တဲ့ တရားပဲ ရှိပါတယ်ဘုရား)၊ ဖြစ်ပြီးပျက်တဲ့ တရားမှတစ်ပါး ဘာရှိသေးသလဲ ….. (ဘာမှမရှိပါဘူး)၊ အကြိမ်ပေါင်းများစွာ ဖြစ်ပျက်နေတယ် ဆိုတာကော မသေချာဘူးလား ….. (သေချာပါတယ်ဘုရား)။
သင်္ခတသိမှ အသင်္ခတကူးပါ
အဲဒါဖြင့် သေချာတော့မှ သြော် …. တို့သည်ကားလို့ဆိုလို့ရှိရင် သင်္ခတသိမှ ဘုန်းကြီးက ဒကာ ဒကာမတို့ အသင်္ခတဆိုတာ ကူးကြပါလို့ ပြောရဲတယ် ….. (မှန်လှပါ ဘုရား)၊ သင်္ခတမှ လည်လည်ပတ်ပတ် ဘုန်းကြီးက ပြောလို့ ဒကာ ဒကာမတွေက နားမ၀င်ကြသေးဘူးဆိုရင် သင်္ခတပဲ ပြောနေရမယ်….. (မှန်ပါ့)၊ သဘောကျပလား ….. (ကျပါပြီဘုရား)။
သင်္ခတမှ သဘောမကျလို့ရှိရင် အသင်္ခတနိဗ္ဗာန်ကို ဒကာ ဒကာမတို့ ဘယ်သူသွားချင်မလဲ …. (မှန်လှပါ)၊ သွားချင်ပါ့မလား ….. (မသွားချင်ပါဘုရား)၊ သင်္ခတဒုက္ခကိုမှ နားမလည်တဲ့ ပုဂ္ဂိုလ်များသည် အသင်္ခတဓာတ်နိဗ္ဗာန်မြတ်ကို ဘယ်လိုရောက်ချင်စိတ်ဟာ ဘယ်လိုကူးကူး မပေါ်ဘူး ….. (မှန်လှပါဘုရား)၊ ဦးခင်မောင် ပေါ်ပါ့မလား ….. (မပေါ်ပါဘုရား)၊ ကိုမြရွှေပေါ်ပါ့မလား …… (မပေါ်ပါဘုရား)၊ ဘာသိမှတုံး ဒါဖြင့် ….. (သင်္ခတသိမှပါဘုရား)၊ သင်္ခတဒုက္ခသိမှ အသင်္ခတသုခကို ကြိုက်မယ် ….. (မှန်ပ့ါ)၊ အသင်္ခတဆိုတာ နိဗ္ဗာန်၊ သုခက ချမ်းသာကိုခေါ်တာ ….. (မှန်ပါ့)၊ သဘောကျပလား ….. (ကျပါပြီဘုရား)။
ဒါဖြင့် ….. နိဗ္ဗာန်သွားချင်တဲ့ ပုဂ္ဂိုလ် ဒုက္ခခပ်သိမ်း ကင်းငြိမ်းသော နိဗ္ဗာန်သွားချင်တဲ့ ပုဂ္ဂိုလ်ဟူသရွေ့သည် ဒီအတိုင်းသွားလို့ ဖြစ်သလား …. တဲ့၊ သင်္ခတက ဆင်းပြီးသွားရမှာလား ဆိုတာ ယနေ့ တရားပွဲမှာ ရှင်းရှင်းလင်းလင်း ပြောမယ် …… (မှန်လှပါဘုရား)။
သင်္ခတ မမြင်ရင် နိဗ္ဗာန်မရောက်
သင်္ခတ မမြင်တဲ့ပုဂ္ဂိုလ် ဘယ်တော့မှ မရောက်လို့ မှတ် ….. (မှန်ပါဘုရား)၊ ဘယ်လိုမှတ်ကြမယ် ….. (သင်္ခတ မမြင်တဲ့ ပုဂ္ဂိုလ်ဘယ်တော့မှ မရောက်ပါ)၊ သင်္ခတ ဒုက္ခမမြင်တဲ့ ပုဂ္ဂိုလ် ဘယ်တော့မှ အသင်္ခတဆိုတဲ့ နိဗ္ဗာန်ဘက်ကို ….. (မရောက်ပါဘုရား)၊ ရောက်နိုင်ပါ့မလား …. (မရောက်ပါဘုရား)။
ဒါဖြင့် ခင်ဗျားတို့ …. ကျုပ်တို့ နိဗ္ဗာန်ကို ကွေကွင်းသွားခဲ့သလို အခြားပုဂ္ဂိုလ် သတ္တ၀ါတွေလည်း အများကြီးကျန်ရစ်တယ်ဆိုတာ မေးရင် ခင်ဗျားတို့ ရှင်းလောက်ပါပြီ ….. (မှန်ပါဘုရား)၊ သင်္ခတ ဒုက္ခကို မသိတဲ့ပုဂ္ဂိုလ်ဟူသရွေ့သည် နိဗ္ဗာန်ကို မရောက်၊ အများကြီး ကျန်ရစ်လိမ့်မယ်ဆိုတာ ဆုံးဖြတ်ချက်ကို ချပါ ….. (မှန်လှပါဘုရား)၊ ရှင်းပြီနော်….. (ရှင်းပါပြီ)၊ သင်္ခတဒုက္ခမှ မမြင်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ့်နှယ့်ဆိုကြပါမယ် ….. (အကုန်ကျန်ရစ်ပါလိမ့်မယ်ဘုရား)။
ဘုရားအဆူဆူက တရားမဟောလို့လား
အကုန် ကျန်ရစ်လိမ့်မယ်ဆိုတာ ကျုပ်တို့ တရားအဆူဆူသည် တရားမဟောလို့ ကျန်ရစ်တာလား၊ ကျုပ်တို့ ကိုယ်တိုင်ဥာဏ်နဲ့ သင်္ခတဒုက္ခကို ဘုရားဟောတဲ့အတိုင်း မမြင်လို့ ကျန်ရစ်တာလားဆိုတာ သေသေချာချာ စဉ်းစားပါ ….. (မမြင်လို့ ကျန်ရစ်တာပါဘုရား)၊ မမြင်လို့ ကျန်ရစ်တယ်လို့ ဒီဒကာ ဒကာမတွေ ၀န်ခံနိုင်ကြပါ့မလား ….(ခံနိုင်ပါတယ်ဘုရား)။
ဒါဖြင့် ဒီဘ၀လ ဆရာဘုန်းကြီးက ဟောပြောတာပဲ၊ သင်္ခတဒုက္ခကို မြင်အောင်ကြည့်ပါ …. (မှန်ပါ့)၊ ဟောပြီ ဦးခင်မောင်ရဲ့ ….. (မှန်လှပါ)၊ မဟောရပေဘူးလား …… (ဟောရပါတယ်ဘုရား)၊ ဒီဟာတွေမမြင်ဘူး ဆိုလို့ရှိရင်တော့ သုံးဆယ့်တစ်ဘုံအတွင်း အိုဘေး၊ နာဘေး၊ သေဘေးနဲ့ပဲ ကျန်ရစ်ပေတော့ …… (မှန်ပါ့)၊ မဆိုနိုင်ဘူးလား …. (ဆိုနိုင်ပါတယ်ဘုရား)။
ငွေတွေ၊ ရွှေတွေ၊ ဘာတွေအမျိုးမျိုး အဖုံဖုံတွေနဲ့ နေရစ်ခဲ့ကြပေတော့၊ ဘာကြောင့်တုံး ဆိုတော့ ကိုယ့်သင်္ခတ ကိုယ်မမြင်တော့ အသင်္ခတ ကိုယ့်ဥာဏ်နဲ့ ကြိုက်ပါ့မလား …… (မကြိုက်ပါဘုရား)။
ဝိပဿနာဥာဏ်နဲ့ ကြည့်ပေးရမယ်
ဒါဖြင့် သင်္ခတဒုက္ခမမြင်တဲ့ ပုဂ္ဂိုလ်များသည် အသင်္ခတသုခကို ဘယ်နည်းနဲ့ ကြိုက်ကြမယ် …. (မကြိုက်ပါဘုရား)။
ဒါကြောင့် ခင်ဗျားတို့ သင်္ခတဒုက္ခဖြစ်အောင် ၀ိပဿနာဥာဏ်နဲ့ ကြည့်ရမယ်၊ ရှင်းကြပလား …. (ရှင်းပါပြီ)၊ သင်္ခတဒုက္ခမြင်အောင် ….. (၀ိပဿနာဥာဏ်နဲ့ ကြည့်ရပါမယ်)၊ ၀ိပဿနာဥာဏ်နဲ့ ကြည့်ပေးရမယ်၊ နားမလည်ရင် နားလည်အောင်ထောင်ပါ ဒကာ ဒကာမတို့၊ ဒီဟာ အင်မတန် အရေးကြီးနေတယ် ….. (မှန်ပါ့ဘုရား)၊ ဒကာတွေဘက်က စဉ်းစားမိကြရဲ့ မဟုတ်လား …. (စဉ်းစားမိပါတယ် ဘုရား)။
သင်္ခတ မမြင်တဲ့ပုဂ္ဂိုလ်ဟာ အသင်္ခတနိဗ္ဗာန်ရောက်လိမ့်မယ်လို့ ကိုမြရွှေတို့ မယုံနဲ့ …. (မရောက်ပါဘုရား)၊ ရောက်ချင်တဲ့စိတ်ကော ပေါ်ပါ့မလား …. (မပေါ်ပါဘုရား)။
ရောက်ချင်တဲ့စိတ်လည်း ပေါ်မှာမဟုတ်ဘူး၊ ရလဲ ရမှာမဟုတ်ဘူးဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ ဧကန်ပဲလို့ ဆုံးဖြတ်ချက်ချစမ်းပါ …. (မှန်ပါ့ဘုရား)၊ ရှင်းကြပလား ….. (ရှင်းပါပြီဘုရား)။
ဒါဖြင့် မောင်ထွန်းအောင်တို့ ဘာကိုမြင်အောင် ကြည့်ရမယ် …… (သင်္ခတဒုက္ခကို မြင်အောင် ကြည့်ရပါမယ်) သင်္ခတဒုက္ခကို မြင်အောင်ကြည့်ရမယ်၊ သင်္ခတမြင်ရင် ဒုက္ခက ပါလာတာပဲ ….. (မှန်ပါ့)၊ ဖြစ်တာ ပျက်တာ သင်္ခတ မဟုတ်လား … (မှန်လှပါ)၊ အဲဒီ အဖြစ်အပျက်ဟာ ဒုက္ခသစ္စာပဲ၊ သဘောပါကြပလား …. (ပါ ပါပြီဘုရား)။
ဖြစ်ပျက်ဟာ ဘာတရားပါလိမ့်
ဒါဖြင့် ဖြစ်ပျက်တာ ဘာတရားပါလိမ့် ….. (သင်္ခတ တရားပါဘုရား)၊ သင်္ခတ တရားပဲ၊ သစ္စာဖွဲ့လိုက်တော့ ….. (ဒုက္ခသစ္စာပါဘုရား)၊ ဒုက္ခသစ္စာပဲဆိုတာကော သေချာပလား….. (သေချာပါတယ်ဘုရား)။
ဒါဖြင့် ဒီသင်္ခတဒုက္ခကိုမှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ဥာဏ်နဲ့ ကိုယ့်ခန္ဓာစိုက်လိုက် လို့ မသိသေးဘူးဆိုရင်ဖြင့် ဒီပုဂ္ဂိုလ်ဟာ အသင်္ခတ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ ဦးခင်မောင် ဘယ်တော့မှမယုံနဲ့ ….. (မှန်ပါ့ဘုရား)၊ ရှင်းပလား ….. (ရှင်းပါပြီ)၊ ဒါကို တရားစစ် တရားမှန်လို့ သေသေချာချာ မှတ်စမ်းပါ ….. (မှန်ပါဘုရား)၊ ဘယ်လိုမှတ်ကြမယ် …. (တရားစစ် တရားမှန်ပါဘုရား)။
တရားစစ် တရားမှန်ပဲ သင်္ခါရတဒုက္ခကို မမြင်ဘဲနဲ့ ဒကာသစ်ရေ၊ အသင်္ခတ နိဗ္ဗာန်ဘက်ကို သူပြေးချင်ပါတယ်ဆိုတဲ့ ဥစ္စာဖြစ်နိုင်ပါ့မလား …. (မဖြစ်နိုင်ပါဘုရား)၊ သဘောပါကြပလား …. (ပါ ပါပြီဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့တရားစကတည်းက ခပ်နက်နက်ပဲ နေတယ်၊ မပျင်းကြနဲ့ တော်တော် အရေးကြီးတယ်လို့ ဆုံးဖြတ်ချက်ချပါ ….. (မှန်ပါ့ဘုရား)၊ သင်္ခတ မမြင်တဲ့ပုဂ္ဂိုလ်ဟာ အသင်္ခတ နိဗ္ဗာန်ကို မည်သည့်နည်းနှင့် မကြိုက်ဘူးဆိုတာတော့ သဘောကျပလား ….. (ကျပါပြီဘုရား)။
ခန္ဓာကိုယ်ဟာ သင်္ခတဒုက္ခ
ကဲ …. ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ သင်္ခတက ဘယ်သူပါလိမ့်မတုံးဆိုတော့ ခင်ဗျားတို့ ခန္ဓာကိုယ် ….. (မှန်ပါဘုရား)၊ သဘောကျပလား …. (ကျပါပြီ)၊ သင်္ခတဒုက္ခက အားလုံး ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ဆိုရင် လွဲပါ့မလား ….. (မလွဲပါဘုရား)၊ အဲဒါကို ဥာဏ်နဲ့ကြည့်ရမယ်…… (မှန်ပါ့)၊ ဥာဏ်နဲ့ကြည့်တော့မှ ဒီသင်္ခတ ဒုက္ခသစ္စာဆိုတဲ့ ဒုက္ခသစ္စာကို ခန္ဓာကိုယ်ထဲမှာ ကိုယ့်ဥာဏ်ထဲမှာ မတွေ့ပေဘူးလား …… (တွေ့ပါတယ်ဘုရား)။
တွေ့လာတဲ့အခါကျတော့မှ သြော် …. မိမိဖြစ်နေတဲ့ ခန္ဓာကြီးဟာ အဖြစ်ဆိုးကြီးပါလား ဆိုတာ ပေါ်သင့် မပေါ်သင့် …… (ပေါ်သင့်ပါတယ်ဘုရား)၊ ရှင်းပလား ….. (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဒီအဖြစ်ဆိုးကြီး မြင်တော့မှ အင်း …. ဒီဝဋ်ကျွတ်မှ ကောင်းမှာပဲဆိုတာ လာလိမ့်မယ်နော် ….. (မှန်လှပါဘုရား)၊ ဒီဝဋ် မကျွတ်ရင် ကောင်းနိုင်ပါ့မလား ….. (မကောင်းနိုင်ပါဘုရား)၊ အဲဒါတွေကို ဒကာ ဒကာမတွေက ဒီအကြောင်း ဆရာပြောရုံနဲ့လည်း တရားနာရုံနဲ့လည်း မသိသေးဘူးလို့ မှတ်လိုက်စမ်းပါ …. (မှန်ပါ)၊ ဘယ်လိုပါလိမ့် …… (ဆရာပြောရုံနဲ့လည်း မသိသေးပါဘုရား)၊ ခန္ဓာမြင်အောင် စိုက်ပြီးကြည့်မှ ပြီးကြမယ် ….. (မှန်ပါ့ဘုရား)၊ သဘောပါကြပလား ….. (ပါ ပါတယ်)၊ ဘာလုပ်ရမယ် …. (ခန္ဓာမြင်အောင် စိုက်ကြည့်ရပါမယ် ဘုရား)။
ခန္ဓာမြင်အောင် စိုက်ပြီးကြည့်တဲ့အခါကျတော့မှ သြော် …. သင်္ခတ ဒုက္ခတွေပါကလား၊ ဖြစ်ပျက်နေတာမှ တစ်ပါး ဘာမှမရှိတော့ပါလား ဆိုတော့မှ ကိုယ့်ခန္ဓာကြီးဟာ အရတော်လေစွလား၊ အရဆိုးလေစွလား၊ ဆုံးဖြတ်ချက်ချပေးစမ်း ….. (အရဆိုးလေစွပါဘုရား)၊ အရဆိုးလေစွလို့ မလာဘူးလား ….. (လာပါတယ်ဘုရား)။
ကောင်းပြီ ….. ဒါဖြင့် အရဆိုးလေစွဆိုတဲ့ စိတ်ကလေး ဥာဏ်ကလေး ဦးခင်မောင် ပေါ်လာမှ အသင်္ခတဘက်ကျမှ ကောင်းတာပဲဆိုတာ ဖြစ်အောင်ပြောင်းယူ ….. (မှန်လှပါ)၊ နို့မို့ရင် ပြောင်းပါ့မလား ….. (မပြောင်းပါဘုရား)။
အဲဒါ ဒကာ ဒကာမတွေ အခုတရားပွဲလာတာ နာရီဝက်ဆိုသလိုပဲတဲ့ နီးပါပြီ၊ နာရီဝက်တောင် နည်းနည်းကျော်သွားပါပြီ ဒီတစ်လုံးကိုပဲ ပြောနေတယ်၊ သင်္ခတ မမြင်ဘဲ အသင်္ခတ ဆိုတဲ့ နိဗ္ဗာန် မရဘူးလို့ ရှင်းပလား ….. (ရှင်းပါပြီ)၊ သင်္ခတ ဒုက္ခကို မမြင်ရင် …… (အသင်္ခတနိဗ္ဗာန်ကို မရပါ)၊ အသင်္ခတနိဗ္ဗာန် ….. (မရပါဘုရား)၊ မရနိုင်ဘူး ဒကာ ဒကာမတို့။
ခန္ဓာကိုယ်ထဲ ဥာဏ်နဲ့ ကြည့်စမ်းပါ
အဲဒါကြောင့် မပျင်းမရိဘဲနဲ့ တရားကိုတော့ သြော် ကြည့်နည်းက ဒီလိုကြည့်ရမှာပါကလား ….. (မှန်ပါ့)၊ ကျင့်နည်းက ဒီနည်းပဲ ကျင့်ရမယ်နော် …. (မှန်ပါ့)၊ ခန္ဓာကိုယ်ထဲဥာဏ်နဲ့ ကြည့်စမ်းပါ၊ ဖျတ်ဖျတ်နဲ့ ဘာလုပ်နေတာတုံး မေးစမ်း၊ ခန္ဓာကိုယ်ထဲမှာ ….. (ဖြစ်ပျက် သင်္ခတ ဒုက္ခတွေ ဖြစ်နေတာပါဘုရား)။
ဖြစ်ပျက် သင်္ခတဒုက္ခတွေက ကျုပ်တို့ရဲ့ဥာဏ်ကို ပြောနေတာမဟုတ်လား ….. (မှန်ပါ့)၊ ဘာတွေများ ပြောနေသလဲ ….. (ဖြစ်ပျက်တွေပြောနေပါတယ်)၊ ကျုပ်တို့ဟာ သင်္ခတတွေဗျလို့ ခန္ဓာကိုယ်ကြီးက မပြောဘူးလား …. (ပြောပါတယ်ဘုရား)။
အဲဒီလို ခန္ဓာကိုယ်က ပြောတာကို ဥာဏ်ကကြည့်ပေးရမယ်နော် …. (မှန်ပါ့ဘုရား)၊ မကြည့်တတ်တဲ့ ပုဂ္ဂိုလ်ကို ခန္ဓာကမပြောပါဘူး …. (မှန်ပါ့ဘုရား)၊ ကြည့်တတ်တဲ့ ပုဂ္ဂိုလ်ကျတော့ …. (ပြောပါတယ်ဘုရား)။
ခန္ဓာကပြောလာတာ ယုံလိုက်စမ်းပါ
ခန္ဓာက ပြောလာတဲ့အခါကျတော့မှ သူ …. ပြောတာကို ခင်ဗျားတို့က သူများပြော မဟုတ်သောကြောင့် အယုံကြီး ယုံလိုက်စမ်းပါလို့ ဘုန်းကြီးက သတိပေးလိုက်ပါတယ် …. (မှန်လှပါ)၊ သူများပြောတာလား၊ ခန္ဓာက ပြောတာလား ….. (ခန္ဓာကပြောတာပါဘုရား)။
အဲ …. ခန္ဓာကပြောတာကိုမှ အယုံကြီးယုံလိုက်တဲ့ အခါကျတော့မှ သြော် …. တို့သည်ကားလို့ဆိုရင် ဘယ်သူနဲ့ အတူတူ နေရပါလိမ့်မတုံးဆိုတော့ သင်္ခတဒုက္ခသစ္စာကြီးနဲ့ အတူတူနေရတယ်ဆိုတာ ပေါ်မလာဘူးလား ….. (ပေါ်လာပါတယ်ဘုရား)၊ အဲဒါ များများကြည့်ပေး ရမယ်၊ ရှင်းပလား ….. (ရှင်းပါပြီ)။
ဒါဖြင့် ….. ဘာကို များများကြည့်ရမယ် ….. (သင်္ခတ ဒုက္ခကို များများကြည့်ရပါမယ်)၊ သင်္ခတဒုက္ခကို များများကြည့်ရမယ်ဆိုသဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ သင်္ခတဒုက္ခမှတစ်ပါး၊ ဒီ့ပြင် ဘာများရှိသေးသလဲ ….. (မရှိပါဘုရား)၊ ဘာမှ မရှိဘူးဆိုတာ သေချာပလား …. (သေချာပါပြီဘုရား)။
အဲဒီတော့ သေချာအောင် သြော် …. သင်္ခတ ဒုက္ခမှတစ်ပါး ဘာမှမရှိပါကလား၊ သင်္ခတဒုက္ခ အစုအပုံတွေသာ ရှိနေပါကလားလို့ ကြည့်ပေးစမ်းပါ …. (မှန်ပါ့)၊ သဘောကျပလား …. (ကျပါပြီဘုရား)။
ကိုင်း …. အဲဒီ သင်္ခတ တွေကြည့်လို့ ခင်ဗျားတို့က ခန္ဓာကိုယ်ထဲမှာ မြင်ပြီ၊ ခန္ဓာကိုယ်ထဲမှာ ဝေဒနာကလေးပေါ်လာလိုက်၊ သင်္ခတ ဒုက္ခစိတ်ကလေးလည်း ပေါ်လာလိုက်၊ ပျက် ပျက်သွားပြန်တော့ ဘာပါလိမ့် ….. (သင်္ခတ ဒုက္ခပါဘုရား)၊ အင်း …. ရုပ်ကလေးက ပေါ်လာတာ ကြည့်လိုက်ပြန်တော့လဲ ….. (သင်္ခတ ဒုက္ခပါဘုရား)။
ဝိပဿနာ ရှုနည်းသင်နေတာ
နို့ …. ဒါဖြင့် ဒကာ ဒကာမတွေ ဘာတွေချည်းကြည့်နေရသလဲ ….. (သင်္ခတဒုက္ခတွေပါဘုရား)၊ အဲ ….. သင်္ခတဒုက္ခတွေချည်း ဦးခင်မောင်တို့က တွေ့ကြပါလိမ့်မနော် …. (မှန်လှပါဘုရား)၊ ဒါဟာ …. ဘာသင်နေတာတုံးလို့ ဒကာ ဒကာမတွေက မမေးပါနဲ့၊ ၀ိပဿနာရှုနည်း သင်နေတာလို့ မှတ်လိုက်စမ်းပါ …. (မှန်လှပါဘုရား)၊ ရှင်းပြီနော် …. (ရှင်းပါပြီ)၊ ဒါ ….. ဘာသင်နေတာလဲ ….. (၀ိပဿနာရှုနည်း သင်နေတာပါဘုရား)။
ခန္ဓာကိုယ်ကို စိုက်သာကြည့်၊ လိုက်ပြီးတော့ ကြည့်ရင် ခန္ဓာကိုယ်က နာသလိုလို၊ ယားသလိုလို စိတ်တွေအမျိုးမျိုး ပေါ်ပြီးပျောက်၊ ပျောက်သွားတာတွေ၊ အင်း …. ရုပ်တွေ အမျိုးမျိုးပေါ်ပြီး ဖောက်ပြန်သွားတာတွေ မပြောပေဘူးလား ၊ ပြောမလား …. (ပြောပါတယ်ဘုရား)၊ အဲ …. ဘာဒုက္ခတွေလို့ သူကပြောသလဲ ….. (သင်္ခတဒုက္ခတွေပါဘုရား)၊ သင်္ခတတွေလို့ ဘယ်သူက ပြောပါလိမ့် ….. (ခန္ဓာကပြောပါတယ် ဘုရား)၊ ခန္ဓာက ပြောတယ် …..(မှန်ပါ့)၊ ရိပ်မိပလား …. (ရိပ်မိပါပြီဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်ချင်ရင် အရိယာမျက်လုံး တပ်ပေးရလိမ့်မယ် ဦးခင်မောင်၊ နိဗ္ဗာန်ရောက်ချင်ရင် ….. (အရိယာမျက်လုံးတပ်ပေးရပါမယ်)၊ အဲ …. သင်္ခတဒုက္ခကို မြင်တဲ့မျက်လုံးကို ခင်ဗျားတို့ကို ဆရာဘုန်းကြီးက တပ်ပေးနေတယ်လို့ မှတ်လိုက်စမ်းပါ …. (မှန်ပါ့ဘုရား)။
အရိယာမျက်လုံး တပ်ပေးတဲ့နေ့
ဒါဟာ အရိယာမျက်လုံး တပ်ပေးတဲ့နေ့ပဲ …. (မှန်ပါ့ဘုရား)၊ ရှင်းပလား ….. (ရှင်းပါပြီ)၊ နိဗ္ဗာန်ရောက်ချင်ရင် ဘာတပ်ပေးရမယ် ….. (အရိယာမျက်လုံး တပ်ပေးရပါမယ်)၊ အရိယာမျက်လုံး တပ်ပေးရမယ်ဆိုတာကော သေချာပလား ….. (သေချာပါပြီဘုရား)။
ခင်ဗျားတို့ ပင်ကိုမျက်လုံးနဲ့တော့ဖြင့် လှတာရယ်၊ အရုပ်ဆိုးတာရယ်၊ အကျည်းတန်တာရယ် ဦးခင်မောင် ဒါပဲမြင်မယ် …. (မှန်ပါ့)၊ သင်္ခတ ဒုက္ခကိုတော့ …. (မမြင်ပါဘုရား)။ မမြင်နိုင်ဘူးဆိတာ သေချာကြပလား …. (သေချာပါပြီဘုရား)။
အဲဒီတော့ ယနေ့သည် ဘယ့်နှယ့်ကြောင့် ဆရာဘုန်းကြီး ဒီဥစ္စာ ဟောရပါလိမ့်မတုံးလို့ ခင်ဗျားတို့က မေးချင်မေးကြလိမ့်မယ်နော် …. (မှန်လှပါ) ခင်ဗျားတို့က စိတ် သင်္ခတ ဒုက္ခမြင်လို့ရှိရင်ဖြင့် ဘုန်းကြီးက အသင်္ခတ ဘက် ခင်ဗျားတို့ စိတ်ပြေးလိမ့်မယ်ဆိုတာ သေသေချာချာ ဟောထားပါတယ် ….. (မှန်ပါ့)၊ သင်္ခတ ဒုက္ခမြင်ရင် ….. (အသင်္ခတဘက် ပြေးလိမ့်မယ်)၊ အသင်္ခတဘက်ကို ခင်ဗျားတို့ ဥာဏ်ပြေးတော့မယ် ….. (မှန်ပါ့)၊ သင်္ခတဒုက္ခမြင်တဲ့ ဥာဏ်သည် နောက်ဆုံးပိတ် ဘယ်ဘက်ပြေးမယ်ထင်သတုံး …. (အသင်္ခတဘက် ပြေးပါတယ် ဘုရား)။
အဲ ….. ၀ိပဿနာနှစ်လုံးတည်းနဲ့ ပြီးပါတယ်၊ ဒီနေ့ဟောတဲ့တရားမှာ ပထမရှေးဦးစွာ သင်္ခတဒုက္ခမြင်ဖို့ …. (မှန်ပါ့)၊ ပထမရှေးဦးစွာ ဘာမြင်ရမယ် … (သင်္ခတဒုက္ခမြင်ရပါမယ်ဘုရား)။
သင်္ခတ ဒုက္ခမြင်ရမယ်၊ အဲဒီ သင်္ခတဒုက္ခမြင်ဖန်များလာပြီဆိုမှဖြင့် ဒုက္ခအစစ်ပဲလို့ ဝေဖန်နိုင်ပြီး လာတဲ့အခါကျလို့ ရှိရင် ဒကာသစ် ဥာဏ်ဘယ်ဘက်ပြေးသွားလိမ့်မယ် ထင်သတုံး …. (အသင်္ခတဘက်ပါဘုရား)၊ အသင်္ခတ သုခဘက်ပြေးလိမ့်မယ် …… (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီ)။
နာမရူပ ပရိစ္ဆေဒကျမ်း
အဲဒီတော့ ဒါဟာ …. တဲ့၊ ဒကာ ဒကာမတို့ ဒါ ….. နာမရူပ ပရိစ္ဆေကျမ်းက လာတယ်လို့ မှတ်ထားလိုက်စမ်းနော် ….. (မှန်ပါ့)။
ဇနေတာ နုတ္တရံ မဂ္ဂ၊
မာသေ၀န ၀ိသေသတော။
ကဋ္ဌသံဃဋ္ဋနာ ဇာတာ၊
အစ္စိဓူမာဝ ဘာသုရံ။ ။
ဆိုတဲ့ ပါဠိဂါထာဟာ နာမရူပ ပရိစ္ဆေကျမ်းမှာ လာတယ်လို့ မှတ်လိုက်စမ်းပါ။
အဲဒီတော့ကွာ နိဗ္ဗာန်ကူးဖို့ နိဗ္ဗာန်ဘက်ကို ရောက်သွားတဲ့ဥာဏ်၊ နိဗ္ဗာန်ဘက်ကို ကူးသွားတဲ့ဥာဏ်ဟာ ဘယ်လိုမြင်လို့ ဘယ်လိုများ ကူးသွားပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့မှ ဒကာ ဒကာတို့ သိတဲ့အတိုင်း …. တဲ့၊ သင်္ခတဒုက္ခမြင်တဲ့ ဥာဏ်ရင့်လာလို့ရှိရင် ဒီဥာဏ်သည် သင်္ခတဒုက္ခဘက်မှ အသင်္ခတဘက်သို့ ကူးသွားတယ်၊ ရှင်းပလား …….(ရှင်းပါပြီဘုရား)။
ကဲ …. ခင်ဗျားတို့ သင်္ခတဒုက္ခ မြင်တဲ့ဥာဏ် ရင့်သွားရင် ဒီဥာဏ် ဘယ်သွားမယ်ထင်တုံး ….. (အသင်္ခတဘက်သွား ပါတယ်)၊ ဒါဖြင့် ၀ိပဿနာဥာဏ်ပြီးတော့ မဂ်ဥာဏ်လာတာပဲ ….. (မှန်ပါ့)။ ရှင်းပလား ….. (ရှင်းပါပြီ)၊ ၀ိပဿနာဥာဏ်ပြီးတော့ …. (မဂ်ဥာဏ်လာပါတယ်ဘုရား)။
ဒါဖြင့် သင်္ခတဒုက္ခတွေကို မြင်နေပြီ၊ အားလုံး ဒကာ ဒကာမတွေကို ရှုခိုင်းလို့ မြင်ကြပါပြီ၊ ထိုသို့ မြင်ပြီးသကာလ နေရုံမတ္တနဲ့ ဖျက်ဆို ဒကာ ဒကာမတို့ သင်္ခတဒုက္ခ တွေကို မတွေ့တော့ဘူး ….. (မှန်ပါဘုရား)၊ သင်္ခတဒုက္ခတွေကို မတွေ့တော့ အလျင်က သင်္ခတဒုက္ခတွေ မြင်တဲ့ဥာဏ် ဖျတ်ခနဲ မနေဘူးလား ….. (နေပါတယ်ဘုရား)၊ ဒီရှုနေတဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ …… (မှန်ပါ့ဘုရား)။
ဒီဥာဏ်ဘယ်ဘက်သွားပါလိမ့်
နောက်ကျတော့ ဒီဥာဏ်ဘယ်ဘက်သွားပါလိမ့်မလဲ …… လို့ မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတို့ သင်္ခတဒုက္ခမရှိတဲ့ဘက် ကျုပ်တို့ရှုနေတဲ့ ဥာဏ်က သွားပါတယ် ….. (မှန်ပါဘုရား)၊ ရှင်းပလား ….. (ရှင်းပါပြီ)၊ ပထမဥာဏ်သည် ဘယ်ဘက်မှာနေသတုံး ….. (သင်္ခတ ဘက်မှာနေပါတယ် ဘုရား)။
အေး …. ဥာဏ်သည် ဒကာ ဒကာမတွေ ရှင်းရှင်းလင်းလင်း မှတ်လိုက်စမ်း၊ ပထမ သင်္ခတ ဒုက္ခဘက်မှာ ယခုရှိနေတယ် ….. (မှန်လှပါဘုရား)၊ ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက်၊ ဖြစ်ပျက်ဒုက္ခသစ္စာထဲ သူ …. မရှိဘူးလား ….. (ရှိပါတယ်)၊ နောက်တော့ ဦးခင်မောင်ရေ …. ဒီဥာဏ်ဘယ်ဘက်ကူးသွားသလဲ ….. (အသင်္ခတဘက် ကူးသွားပါတယ်ဘုရား)။
နိဗ္ဗာန်ဘက်ကို သူ့ဟာသူကူးသွားတယ်
အသင်္ခတသုခဘက် ကူးသွားတယ်ဆိုလို့ရှိရင်ဖြင့် ဖြစ်ပျက်တွေ အကုန်လွတ်သွားတယ် ….. (မှန်လှပါဘုရား)၊ ရှုရင်းမတ္တနဲ့ ဒီဥာဏ်သည် ဖြစ်ပျက်တွေ ဘယ့်နှယ့် …. (လွတ်သွားပါတယ်)၊ လွတ်သွားပြီးသကာလ သြော် ….. ခိုင်မြဲတဲ့ နိဗ္ဗာန်ဘက်ကို သူ့ဟာသူ ကူးသွားတယ် ….. (မှန်ပါဘုရား)။
ဒကာ ဒကာမတို့ သူများပေးလို့ရသလား၊ သူ့ဟာသူဥာဏ်တက်ပြီး ကူးသွားတာလား ….. (သူ့ဟာသူ ဥာဏ်တက်ပြီး ကူးသွားတာပါဘုရား)။
ဒါ … သေသေချာချာ မှတ်ပါ၊ အလုပ်တရားမှာ နှစ်လုံးတည်းနဲ့ ပြီးအောင်လုပ် …. (မှန်လှပါ)၊ ဟောနေတယ် ဒကာ ဒကာမတွေ အလုပ်တရားမှာ နှစ်မျိုးတည်းရှိပါတယ်။ ပထမရှုနေတဲ့ ၀ိပဿနာဥာဏ်သည် ဒကာ ဒကာမတို့ သင်္ခတ ဒုက္ခဘက်ကို အမြဲလှည့်နေတာပဲ …. (မှန်လှပါဘုရား)။
ပထမရှုနေတဲ့ဥာဏ်သည် ဘယ်ဘက်လှည့်နေသတုံး …… (သင်္ခတဒုက္ခဘက် လှည့်နေပါတယ်)၊ သင်္ခတဒုက္ခဘက်လှည့်နေတာပဲ ဆိုတာ သေချာပလား …. (သေချာပါပြီဘုရား)။
အဲဒါ ….. သင်္ခတဒုက္ခဘက် လှည့်နေတယ်ဆိုတာ ဖြစ်ပျက်အနိစ္စဘက် လှည့်နေတယ်ဆိုတာ ဟုတ်တာပဲ ….. (မှန်ပါ့)၊ ဖြစ်ပျက်ဒုက္ခဘက် လှည့်နေတယ်ဆိုရင်ကော …. (ဟုတ်ပါတယ်)၊ ဖြစ်ပျက် အနတ္တဘက် လှည့်နေတယ်ဆိုရင်ကော ….. (ဟုတ်ပါတယ်ဘုရား)။
အဲဒီ ….. လှည့်ရာကနေပြီးသကာလ ဒီဥာဏ်တွေအရ ရှုနေတဲ့ ဥာဏ်တွေက ဒါက သင်္ခတ ဒုက္ခတွေထားပါတော့၊ ဒီဘက်ကဟာတွေ …. (မှန်ပါ့)၊ ဒီသင်္ခတဒုက္ခတွေကို တစ်ခုပေါ်လိုက် တစ်ခုပျက်လိုက်နဲ့ ….. လိုက်လိုက်၊ လိုက်လိုက်ပြီး သကာလသွားတဲ့အခါကျတော့ သင်္ခတဒုက္ခတွေကို ဒီဥာဏ်တွေက မမြင်ပေဘူးလား … (မြင်ပါတယ်ဘုရား)။
အသင်္ခတသုခဘက် လှည့်သွားတယ်
အဲ ….. မြင်ရာကနေပြီးသကာလ နောက်ဒီဥာဏ်က ဘယ်ဘက်လှည့်သွားသတုံး …. လို့ မေးရင် ဘယ့်နှယ့်ဖြေကြမယ် ….. (အသင်္ခတသုခဘက် လှည့်သွားပါတယ်)၊ ဟော ….. သင်္ခတ ဒုက္ခတွေချုပ်တဲ့ဘက် လှည့်သွားပါတယ်၊ သင်္ခတ ဒုက္ခတွေ အကုန်ချုပ်တော့ အသင်္ခတ သုခလို့ ဦးခင်မောင်ဆိုလိုက်စမ်း …. (မှန်လှပါဘုရား)၊ ဘယ်လို ဆိုကြမယ် ….. (အသင်္ခတသုခပါဘုရား)၊ အသင်္ခတသုခ ဆိုတာ ဒကာ ဒကာမတို့ အသင်္ခတနိဗ္ဗာန်၊ ရှုင်းပလား ….. (ရှင်းပါပြီ)။ အသင်္ခတဆို တာ ဦးခင်မောင် … ရှင်းပလား.. ( ရှင်းပါပြီ ဘုရား ) ၊ နောက်က ဒကာ ဒကာမတွေ .. ( ရှင်းပါပြီ ဘုရား ) ။
ဒါဖြင့် ဒီဥာဏ်ဟာ အခု ဒါက ဒကာ ဒကာမတွေ ခန္ဓာအစဉ်တုံးကြီးဆိုလိုက်ပါ၊ ပထမတော့ ဖြင့် ခန္ဓာပဲ ဘုန်းကြီးက အရှုခိုင်းပါတယ်ဘုရား ) ၊ ခန္ဓာရှုတော့ ခင်ဗျားတို့က ဘာတွေ တွေ့ ပါလိမ့် .. ( ဖြစ်ပျက်တွေ တွေ့ ပါတယ်ဘုရား ) ။ အသင်္ခတ ဒုက္ခမတွေ့ ဘူးလား …( တွေ့ ပါတယ်ဘုရား ) ။
အဲ …. သင်္ခတ ဒုက္ခတွေ့ လို့ သင်္ခတ ဒုက္ခတွေ တွေ့ တဲ့ ဥာဏ်တွေသည် ဒကာသစ် ရင့်သွား တယ် …( မှန်ပါ့ ) ၊ သင်္ခတ ဒုက္ခတွေ့ တဲ့ ဥာဏ်သည် ရင့်မလားဘူးလား…( လာပါတယ်ဘုရား )၊ ရှုဖန်များရင် ရင့်လာတာပေါ့ဗျာ..( မှန်ပါ့ ) ။
ရှုဖန်များတဲ့အခါကျတော့ ဒီကဒုက္ခ၊ ဒီကဥာဏ်၊ အင်း.. ဒီက သင်္ခတဒုက္ခ၊ ဒီက မြင်တတ်တဲ့ တရား၊ ဒီလိုချည်းမြင်မနေပေဘူးလား…( မြင်ပါတယ်ဘုရား ) ၊ မြင်လာတော့ ကြာတော့ မြင်ဖန်များ လာတဲ့အခါ ဦးခင်မောင် ဒီမြင်တဲ့ဥာဏ်ဟာ နုသွားမလား, ရင့်သွားမလား ..( ရင့်လာပါတယ် ဘုရား ) ။
မြင်ပါများလို့ရင့်လာတာ
ဒါက ခင်ဗျားတို့ ပါရမီရှိလို့ ရင့်လာတာလား… သင်္ခတ ဒုက္ခမြင်ဖန်များလို့ ရင်လာတာလား … ( သင်္ခတဒုက္ခမြင်ဖန်များလို့ ရင့်လာတာပါဘုရား )၊ သင်္ခတဒုက္ခ မြင်ဖန်များလို့ ရင့်လာတာဆိုတာ သေချာပလား..( သေချာပါပြီဘုရား ) ။
အဲ… သင်္ခတဒုက္ခသည် မြင်ဖန်များလို့ ရင့်လာတဲ့အခါကျတော့ သြော်.. ဒီဥစ္စာ သင်္ခတ ဒုက္ခမှတစ်ပါး ဘာမှ မရှိပါကလား၊ မိမိခန္ဓာကိုယ်ထဲမှာ ဒိဋ္ဌိတို့ ဘာတို့တောင် ခံနေစရာမလိုတော့ပါ ဘူး၊ အင်း… ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်နဲ့ သင်္ခတ ဒုက္ခတွေသာဧကန်ရှိ, တကယ်ရှိ နေပါကလား…လို့ ဥာဏ်ထဲမှာ ဆုံးဖြတ်ချက် မကျပေဘူးလား…( ကျပါတယ်ဘုရား ) ။
အင်း.. ဥာဏ်နဲ့ဆုံးဖြတ်ချက်ချလို့ သင်္ခတဒုက္ခမြင်ဖန်များလာပြီဆိုမှဖြင့် ဒကာ ဒကာမတို့ … တဲ့၊ ဒီဥာဏ်သည် ..တဲ့၊ သင်္ခတဒုက္ခဘက်ကို မလှည့်တော့ဘူး.. ( မှန်ပါ့ )၊ ရှင်းပလား…( ရှင်းပါပြီ ဘုရား ) ၊ သင်္ခတဒုက္ခချုပ်တဲ့ဘက်လှည့်သွားတယ်…( မှန်ပါ့ဘုရား ) ၊ ဘယ်ဘက်လှည့်သွားပါလိမ့် …( သင်္ခတ ဒုက္ခချုပ်တဲ့ဘက် လှည့်သွားပါတယ် )၊ သင်္ခတဒုက္ခချုပ်တဲ့ဘက် လှည့်သွားတယ် …( မှန်လှပါဘုရား ) ။
ကဲ .. ဒါဖြင့် ပထမဥာဏ်ဟာ ဘယ်ဘက် လှည့်သတုံး.. ( သင်္ခတ ဒုက္ခဘက်လှည့်ပါတယ် ဘုရား )၊ နောက်ရင့်လာတဲ့ဥာဏ် ဘယ်ဘက်လှည့်သတုံး …( သင်္ခတ ချုပ်တဲ့ဘက်လှည့်ပါတယ် ဘုရား )၊ ဒါပဲ ဒါပဲ၊ ဒကာ ဒကာမတို့ ဘုရား ပွင့်လည်း ဒါဟောမှာပဲ…( မှန်ပါ့ဘုရား ) ။
ဒီအမွေပဲ ပေးနေတယ်
ဘုရားပွင့်လည်း ဒါဟောမှာပဲ၊ ဘုရားကလည်း ဒါကိုဟောလို့ ဘုန်းကြီးကလည်း အမွေရလို့ ဒကာ ဒကာမတွေ ဒါပဲ ဒီမွေပဲပေးနေတယ်..( မှန်လှပါ )၊ သဘောကျပြီနော်…. ( ကျပါပြီဘုရား ) ။
ပထမဥာဏ်သည် ဒကာ ဒကာမတွေ ဘယ်ဘက်လှည့်နေသတုံး ..( သင်္ခတ ဒုက္ခဘက် လှည့်နေပါတယ် ဘုရား )၊ နောက်ဒီဥာဏ်ရင့်လာရင် ဘယ်ဘက်လှည့်မယ် ထင်သတုံး..( သင်္ခတချုပ်တဲ့ဘက် လှည့်ပါတယ်ဘုရား ) ။
ဒါဖြင့် ခင်ဗျားတို့ ဒီဖြူဖြူကလေးက အသင်္ခတ နိဗ္ဗာန်ထားလိုက်၊ ဟိုဘက်က သင်္ခတဒုက္ခတွေက ခန္ဓာကြီး ထားပါတော့နော်..( မှန်ပါ့ ) ၊ ဒီဘက်က ဘာပါလိမ့် ..( သင်္ခတဒုက္ခ ) ၊ ဒီဘက်က အသင်္ခတဓာတ် နိဗ္ဗာန်ပေါ့ဗျာ…( မှန်ပါ့ ) ၊ ရှင်းပလား..( ရှင်းပါပြီဘုရား ) ။
ဒီက ရှုတဲ့ဥာဏ်က ဒကာ ဒကာမတွေက ပထမရှေးဦးစွာ သင်္ခတဒုက္ခတွေချည်း ရှုနေရမယ်၊ ဝေဒနာပေါ်လည်း ဖြစ်ပျက်ရှုနေ၊ စိတ်ပေါ်ကော…( ဖြစ်ပျက်ရှုရပါမယ် ) ၊ ရုပ်တွေပေါ်နေရင် …( ဖြစ် ပျက်ရှုနေရပါမယ်ဘုရား ) ။
ဥာဏ်သည်ဖြစ်ပျက်မရှိတဲ့ဘက် လှည့်သွားတယ်
အဲဒီတော့ ဒကာ ဒကာမတို့ ဒီဖြစ်ပျက်တွေ မြင်ရာကနေပြီးသကာလမှ ဒီဥာဏ်သည် ဖြစ်ပျက်မရှိတဲ့ဘက်လှည့်သွားတယ်..( မှန်ပါ့ )၊ ဒီဘက်လှည့်တယ်၊ ရှုရင်းမတ္တနဲ့ကော.. … ဒကာ ဒကာမတို့ ဘယ်လှည့်သွားသလဲ..( ရှုရင်းမတ္တနဲ့ လှည့်သွားပါမယ်ဘုရား ) ။
ရှုရင်းမတ္တနဲ့ လှည့်သွားတော့ကို ဒီခန္ဓာကြီးက မရှိလို့ လှည့်သွားတာလား ဥာဏ်တက်လို့ လှည့်သွားတာလား.. မေးဖို့လိုလာတယ်…( မှန်ပါ့ )၊ မလိုဘူးလား…( လိုပါတယ် )၊ အဲဒါဝိပဿနာ ယောဂီပုဂ္ဂိုလ်ဟာတဲ့ နိဗ္ဗာန်ဆိုတဲ့ ခန္ဓာမရတဲ့ နိဗ္ဗာန်မှ မရောက်သေးတဲ့ဥစ္စာ ခန္ဓာကတော့ ရှိနေတာပဲ …( မှန်လှပါဘုရား ) ၊ ခန္ဓာဖြစ်ပျက်ကတော့ ရှိရမယ်..( ရှိပါတယ် )၊ ဥာဏ်ကသာ ဒီဘက်လှည့်တာ…( မှန်ပါ့ဘုရား ) ။
ဒါကို သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့..( မှန်လှပါဘုရား ) ၊ ဦးခင်မောင် ဒီတစ်လုံးသိပ်အရေးကြီးပါတယ်..( မှန်ပါ့ )၊ ဒီခန္ဓာကြီးကတော့ ဘယ့်နှယ်တုံး…( ရှိပါတယ် ဘုရား )၊ ရှိရင်းမတ္တနဲ့ ဘယ်လှည့်သွားသတုံး..( အသင်္ခတဘက်လှည့်ပါတယ် )၊ ဒီခန္ဓာမရှိတဲ့ အသင်္ခတဘက် လှည့်မသွားဘူးလား..( သွားပါတယ်ဘုရား ) ။
သင်္ခတဒုက္ခကို နာနာရှုပေးပါ
ဒါဖြင့် .. ဒကာ ဒကာမတို့ သြော်..နိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ်များဟာ ဘာကို နာနာ အလုပ် လုပ်ရမှာတုံးဆိုတဲ့ မေးခွန်းဟာဖြင့် ယနေ့ ပြောမယ်လို့ အောက်မေ့ပါတယ်…( မှန်ပါ့ဘုရား )၊ ဘာကိုနာနာလုပ်ရမလဲ…( သင်္ခတဒုက္ခ နာနာရှုရပါမယ် )၊ သင်္ခတဒုက္ခကို နာနာရှုပေးရမှာပဲ..( မှန် ပါ့ဘုရား )၊ သဘောကျပလား …( မှန်ပါ့ဘုရား )၊ ဖြစ်ပျက်ကို ..( နာနာရှုရပါမယ်ဘုရား ) ။
ဖြစ်ပျက်ကို နာနာရှုလို့ ဒီဥာဏ်ဟာရင့်ခြင်းမက, ရင့်လာပြီဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဒီဥာဏ်သည် သင်္ခတဘက်ကနေပြီး အသင်္ခတဘက်ကို ကိုယ့်ဟာကိုယ် ကူးသွားမယ်..( မှန်ပါ့ ဘုရား )၊ ရှင်းပလား..( ရှင်းပါပြီ ) ၊ သင်္ခတဘက်က ..( အသင်္ခတဘက် ကူးပါမယ် )၊ အသင်္ခတဘက် ကို ကိုယ့်ဟာကိုယ် ကူးသွားမယ်နော်..( မှန်ပါ့ဘုရား ) ။
ကဲ..ဒကာ ဒကာမတို့ ဒါဖြင့် ဒါဟာ နိဗ္ဗာန်မြင်တယ်လို့ ဆိုလို့ရှိရင်ကော သဘောကျပလား … ( ကျပါပြီ )၊ ကောင်းပြီ ..သေမှ မြင်ရမှာလား၊ ရှုရင်းမတ္တနဲ့ ကူးသွားတာမြင်ရမှာလား…( ရှုရင်းမတ္တနဲ့ ကူးသွားတာ မြင်ရမှာပါဘုရား ) ။
မဂ္ဂင်ရှစ်ပါးလာဖြစ်တယ်
ရှုရင်းမတ္တနဲ့ ကူးသွားတာမြင်ရမယ်ဆိုတော့ ဒီဥစ္စာဟာ သေသေချာချာ မဂ္ဂင်ရှစ်ပါးလာဖြစ် တယ်လို့ ဒကာ ဒကာမတွေဆုံးဖြတ်ချက် ချတာပေါ့ဗျာ..( မှန်ပါ့ )၊ ကူးသွားလို့ရှိရင် မဂ္ဂင်ရှစ်ပါးဖြစ် တယ်…( မှန်ပါ့ )၊ မကူးသေးရင် မဂ္ဂင်ငါးပါးပဲရှိနေတယ်မှတ်…( မှန်ပါ့ဘုရား )၊ မကူးသေးရင် မဂ္ဂင် ငါးပါးပဲရှိနေတယ်မှတ်…( မှန်ပါ့ဘုရား ) ၊ မကူးသေးရင်…( မဂ္ဂင်ငါးပါးရှိနေပါတယ် )၊ ကူးသွားရင် … ( မဂ္ဂင်ရှစ်ပါးဖြစ်ပါတယ် ) ။
ဒါဖြင့် ခန္ဓာကြီးရှိလျက်နဲ့ ကူးသွားတာလား၊ ခန္ဓာတွေ ပျောက်ပြီးတော့ ကူးသွားတာလားလို့ မေးတော့ ခန္ဓာကတော့ ဘေးကနေကြည့် ရှိတာပဲ…( မှန်ပါ့ဘုရား )၊ သဘောကျပလား….( ကျပါပြီ ) ၊ ခန္ဓာကတော့… ( ရှိပါတယ်ဘုရား ) ။
ဥာဏ်ကကူးသွားတာ
ကိုယ့်ခန္ဓာကတော့ ဘေးကနေကြည်ရှိနေတာပဲ၊ ရှိပင်ရှိငြားသော်လည်း ဥာဏ်က ကူးသွား တာလို့ မှတ်လိုက်စမ်းပါ…( မှန်ပါဘုရား )၊ ဘယ်လိုမှတ်ကြမယ် …( ဥာဏ်ကကူးသွားတာပါ ဘုရား ) ၊ ဥာဏ်ကကူးသွားလို့ သေသေချာချာ မှတ်ပါ ။
အခုတရားဟာ ဒကာ ဒကာမတို့ နာရီသုံးမတ်လောက်သာ ရှိသွားသေတယ်၊ ဒကာသစ် လိုရင်းက ဒီနှစ်လုံးတည်းသာ ပြောနေတာ…( မှန်လှပါဘုရား )၊ ဘယ်နှစ်လုံးပြောနေတာပါလိမ့်.. ( နှစ်လုံးတည်းပြောနေတာပါဘုရား ) ။
အဲဒီတော့ ဒကာ ဒကာမတို့ သြော်…သူများပြောသံကြားတွေကို မယုံကြည်ပါနဲ့နော်…( မှန် ပါဘုရား ) ၊ နိဗ္ဗာန်ဆိုတာ အဝေးကြီးကွ၊ လွယ်လွယ်နဲ့ ရတာ မဟုတ်ဘူးကွ၊ ဒီလိုမဆိုလိုက်ပါနဲ့နော် … ( မှန်ပါ့ )၊ သင်္ခတဒုက္ခသာခင်ဗျားတို့က ဖြစ်ပျက်တွေကိုသာ ခပ်များများ ရှုပေးပါ၊ ဒကာ ဒကာမ တို့နော်…( မှန်ပါ့ဘုရား ) ။
ဘာကို ဖြိုင်ဖြိုင်ကြည့်ရမလဲ..( သင်္ခတဒုက္ခပါ )၊ သင်္ခတဒုက္ခကိုသာ ဖြိုင်ဖြိုင်ကြည့်ပေးပါ၊ သခဲတဖြိုင်ဖြိုင်ကြည့်ပေးလို့ရှိရင် ဒီဥာဏ်သည် သခ်တကျော်ပြီး သကာလ အသင်္ခတသုခဆိုတဲ့ နိဗ္ဗာန်ဘက်ကူးမလား, မကူးဘူးလား …( ကူးပါတယ်ဘုရား ) ။
ဒါဖြင့် ဒကာ ဒကာမတို့ အဝေးကြီးလား၊ အနီးကလေးလားဆိုတော့ အို…သင်္ခတမဆုံးလို့ အသင်္ခတမတွေ့သေးတာ…( မှန်လှပါဘုရား ) ၊ သဘောကျပလား ..( ကျပါပြီဘုရား ) ၊ အသင်္ခတမြင်တာ အပါးမ၀သေးလို့ ( ၀ါ ) အကြိမ်းမများသေးလို့ အသင်္ခတဘက် မကူးတာ .. ( မှန်လှပါဘုရား ) ၊ သဘောပါပလား..( ပါ, ပါပြီဘုရား ) ။
ဖြစ်ပျက်ကိုသာ ဥာဏ်နဲ့တက်ပါ
ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်လိုချင်ရင် ဘာကိုမဲပြီးရှုရမလဲဆိုတာကော အဖြေထွက်ပလား …( ထွက်ပါပြီ ဘုရား ) ၊ ဘာကိုမဲရှုရမလဲ..( သင်္ခတဒုက္ခကို မဲရှုရပါမယ် ဘုရား ) ။
သြော်..သင်္ခတ ဒုက္ခဆိုတာ ဘုန်းကြီးပြောနေကျ၊ ဒကာ ဒကာမတွေ နားရည်ဝလို့ သိနေကြ ပြီဖြစ်တဲ့ ဖြစ်ပျက်ပါပဲ…( မှန်ပါ့ဘုရား )၊ ရှင်းပြီနော်..( မှန်ပါ့ဘုရား )၊ အဲဒီဖြစ်ပျက်ကိုသာ ဦးခင်မောင်တို့က ဥာဏ်နဲ့တက်ပါ…( မှန်ပါ့ ဘုရား )၊ ငါ နိဗ္ဗာန်လိုချင်ရင်တယ်လို့ မလာနဲ့..( မှန်လှပါ )၊အားလုံးတရားတစ်ပွဲလုံးဖြတ်ချက် ချပေးလိုက်ပါတယ်၊ ဒကာ ဒကာမတို့ ငါနိဗ္ဗာန်လိုချင်တဲ့ စိတ်ကိုမလာစေနဲ့… ( မှန်ပါ့ )၊ သင်္ခတကိုသာရှုပေး…( မှန်ပါ )၊ သဘောကျပလား…( ကျပါပြီ )၊ ဘာကိုရှုရမလဲ…( သင်္ခတကိုသာ ရှုပေးရပါမယ်ဘုရား ) ။
သင်္ခတကိုသာရှုနေ၊ရှုလို့ ဒီဥာဏ်ဟာ ရင့်ထက်မကရင့်လာတယ်ဆိုရင်ဖြင့် ကိုမြရွှေ ဘယ်ကူးမယ်ထင်သတုံး…( အသင်္ခတဘက် ကူးပါမယ်ဘုရား )၊ ခင်ဗျားတို့က ကူးခိုင်းလို့ကူးတာလား၊ သူ့ဟာသူ ဥာဏ်ရင့်လို့ ကူးတာလား…( သူ့ဟာသူဥာဏ်ရင့်လို့ ကူးတာပါ ဘုရား)၊ သဘောပါပြီ …( ပါ, ပါပြီဘုရား ) ။
ဒါပြောရလို့ ကျေနပ်သွားပြီ
ဒီတစ်လုံးပြောရတာနဲ့ ဘုန်းကြီးက အားလုံးတရားပွဲတစ်ပွဲလုံးရှိ ဆွေမျိုးဥာတကာ၊ မိဘတွေ လို ဘ၀က မတောါဖူးတာ မရှိတဲ့ ပုဂ္ဂိုလ်တွေကို ဒီဥစ္စာကလေးနှစ်လုံး ပြောရတာကို အတော်ကျေ နပ်သွားပြီ…( မှန်လှပါဘုရား )၊ ဘာပြုလို့ ဒီလောက်ကျေနပ်ရသတုံးလို့ မေးတဲ့အခါကျတော့ ကိုမြရွှေ ဒီကနေပြီး ဒီကူးတယ်ဆိုတဲ့ဥစ္စာဟာ နိဗ္ဗာန်သွားလမ်းက ဒါပဲရှိတာပဲ…( မှန်ပါ့ ) ။
ဘယ်လိုမှတ်ကြမယ်…( နိဗ္ဗာန်သွားလမ်းက ဒီလမ်းပဲရှိပါတယ် ) ၊ သင်္ခတနဲ့ အသင်္ခတ နိဗ္ဗာန်ရှိတာပဲ…( မှန်ပါ့ )၊ သဘောကျပလား …( ကျပါပြီ )၊ ဒါကြောင့် ဘုရားက သင်္ခတဓမ္မဆိုတာ ဒီဘက်မှာကွ …( မှန်ပါ့ )၊ သဘောပါပြီလား ( ပါ , ပါပြီ ) ၊ တရားနှစ်မျိုးပဲရှိတယ်ကွ၊ ဓမ္မသင်္ဂဏီမှာ ဟောထားတယ်…( မှန်လှပါဘုရား )၊ သဘောကျပလား…( ကျပါပြီ )၊ ဒီဘက်ကဘာတုံး …( သင်္ခ တဓမ္မပါ )၊ သင်္ခတဓမ္မာ၊ ဒီဘက်ကဘာတုံး…( အသင်္ခတဓမ္မပါဘုရား ) ။
အသင်္ခတဟာ နိဗ္ဗာန်ပဲဗျ …( မှန်ပါ့ )၊ ဒီဘက်က သင်္ခတ တွေဟာရှုကြည့်နိုင်မှ ပေါ်တဲ့ ဖြစ် ပျက်တွေကိုးဗျ… ( မှန်ပါ့ )၊ သဘောကျပလား…( ကျပါပြီ )၊ ဒါဖြင့် ခင်ဗျားတို့ဥာဏ်သည် ရှေးဦးစွာ ပေါ်တဲ့အလှည့်က …( ဖြစ်ပျက်မြင်ရမယ် )၊ သဘောပါပလား…( ပါ, ပါတယ်ဘုရား ) ။
နိဗ္ဗာန်ဆိုတာ ရှိနှင့်နေတာလား
ကောင်းပြီ၊ ဒါဖြင့် နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတို့ ရှိနေတာလား၊ သူကရှိပြီးသကာလ ဒီဘက်က အသင်္ခတစောင့်နေတာလား၊ အင်း.. သူက ရှိနှင့်နေတာလား၊ အင်း…သူကပဲ အတိတ် သဘောနဲ့ ရှိနှင့်နေတာလား၊ ဘယ်လိုတုံး ပစ္စုပ္ပန်သဘောနဲ့ ယခုရှိနှင့် နေတာလား၊ မေးဖို့မလိုဘူးလား …( လိုပါတယ်ဘုရား )၊ အတိတ်သဘောနဲ့ ရှိနှင့်နေတာလား၊ ပစ္စုပ္ပန်သဘောနဲ့ ယခုရှိနေတာလား၊ ဟာ.. နောက်ကျမှ အနာဂတ်ကျမှပေါ်မှာလား သုံးချက်မေးရမယ်၊ ခင်ဗျားတို့ကို ဟုတ်လား..( မှန်ပါ )။
နိဗ္ဗာန်သည်ယခုရှိဆဲလား
နိဗ္ဗာန်သည် အတိတ်က ရှိသလားလို့ မေးလို့ရှိရင် ဦးခင်မောင်တို့ မရှိဘူးပြောနော်…( မှန်ပါ )၊ သဘောကျသလား..( ကျပါပြီ )၊ ပစ္စုပ္ပန်ယခုရှိသလား မေးရင်လဲ..( မရှိပါဘုရား )၊ မရှိဘူး၊ အနာ ဂတ်မှာရှိနေသလားလို့မေးရင် …( မရှိပါဘူး ) ၊ မရှိဘူး ဒကာ ဒကာမတို့၊ အဲဒီတော့ ဒီလိုရှိတဲ့တရားမဟုတ်ပါဘူး ဒကာ ဒကာမတို့ …( မှန်လှပါဘုရား ) ။
ဒါဖြင့် ဘယ်လိုရှိတဲ့ တရားလည်းဆိုလို့ မေးရင်ဖြင့် …တဲ့၊ မိလိန္ဒမင်းကြီး ထည့်ပေးကြစို့ ဦးခင်မောင်…နော်..( မှန်လှပါ )၊ မိလိန္ဒမင်းကြီးက နိဗ္ဗာန်ဆိုတာ ဒီလိုလား၊ အတိတ်ကရှိပြီသားလား ဘုရား၊ ယခု ပစ္စုပ္ပန်ရှိဆဲလားဘုရား၊ နောက်မှ ပဲရှိလတ္တံသော တရားမျိုးလားဘုရား…ဆိုတာ ဒကာကြီး ဒီလိုမဟုတ်ဘူး ဖြေတာပဲ …( မှန်လှပါဘုရား ) ။
ဝါးစိမ်းနှစ်လုံး
ဒီလိုမဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ ဒီဝါးစိမ်း ၂ လုံး၊ ဒီဘက်က ၀ါးစိမ်းလည်း တစ်တောင် လောက်ဖြတ် ဒကာသစ်ရေ နော်…( မှန်ပါ )၊ ဒီဘက်က ၀ါးစိမ်းလည်း တစ်တောင်လောက် ဖြတ်ပြီး ၀ါး ၂,လုံးကို ပွတ်ပါ၊ ဘယ်ဝါးလုံးမှ နဂိုတုန်းက မပွတ်ခင်တုန်းက ပူတတ်တဲ့မီးစ မပါဘူး၊ သူတို့မှာ ဘာမှမရှိဘူး…( မှန်ပါဘုရား ) ၊ သူတို့မှာ ပါရဲ့ လား …( မပါ, ပါဘုရား ) ၊ မပါဘူးဆိုတာ သေချာပလား …( သေချာပါတယ်ဘုရား ) ။
မလျှော့တမ်းပွတ်ပေးစမ်းပါ
သို့သော်ခင်ဗျားတို့က မလျှော့တမ်း ပွတ်ပေးစမ်းပါ၊ မီးထွက်မလာဘူးလား…( လာပါတယ် ဘုရား )၊ ဒီမီးဟာ ၀ါးထဲမှာပါတာလား၊ အခုမှ အလုပ်, လုပ်လို့ပေါ်လာတာလား…( အခုမှလုပ်လို့ ပေါ်လာတာပါ )၊ အဲ…ခင်ဗျားတို့ဟာတဲ့ အလုပ်, လုပ်တဲ့ပုဂ္ဂိုလ်မှ သင်္ခတပေါ်လာတာ၊ အလုပ်, မလုပ်တဲ့ပုဂ္ဂိုလ် မပေါ်ဘူး၊ အလုပ်, လုပ်တဲ့ ပုဂ္ဂိုလ်မှာ သင်္ခတသိတဲ့ဥာဏ် …( ပေါ်လာပါတယ်ဘုရား ) ။
ဒါကြောင့်ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တရားနာရုံနဲ့ မကျေနပ်ဘဲနဲ့ဘုန်းကြီးက နားလည် အောင်လည်းပြောမယ်၊လုပ်နည်းကိုလည်းပြောမှာ ဧကန်မှန်ပြီးသကာလ သြော်.. ၀ါးလုံးပွတ်တာကို ဆရာဘုန်းကြီးကရော မိလိန္ဒမင်းကြီးက မေးလို့ ရှင်နာဂသိန်က ဖြေနည်းရော၊ ၀ါးလုံး သူ့ဟာသူသာ ချထား၊ အေးနေတာပဲ၊ ဘယ်နည်းနဲ့မှ ဦးခင်မောင် အပူဓာတ်လာမှမဟုတ်ဘူး၊ လာပါ့မလား…( မလာပါဘုရား ) ။
မီးထွက်တဲ့အလုပ်က ၀ါးအလုပ်
အဲ .. ဦးခင်မောင် တစ်လုံးအောက်ကထား၊ တစ်လုံးကို အပေါ်ကထားပြီး ပွတ်စမ်းဗျာ၊ ဘာဖြစ်လာမလဲ…( ပူလာပါလိမ့် )၊ ဒကာ ဒကာမတွေ ပူလာလိမ့်မယ်ဆိုတာ သေချာပလား…..( သေချာပါပြီ )၊ ကဲ …ဒကာ ဒကာမတွေ အလုပ်က ဘာပါလိမ့် …( ပွတ်တဲ့အလုပ်ပါ )၊ မီးထွက်တဲ့ အလုပ်က ဘာပါလိမ့် …( ၀ါးအလုပ်ပါ )၊ ဒါကြောင့် ခင်ဗျားတို့ဟာလည်း သင်္ခတ ဒုက္ခတွေသာ ဖြိုင်ဖြိုင်ကြီး ရှုပေးကြပါ၊ အဲဒီလို ရှုပေးရင် ၀ိပဿနာဥာဏ်ရင့်ရင့်လာမယ်၊ ၀ိပဿနာ ဥာဏ်ရင့်ရင့် လာတာကို ဘာဆိုကြမလဲ…( ပူလာတာပါ )၊ မီးထွက်တော့မလို ပူတာနဲ့ မတူဘူးလား…( တူပါ တယ်ဘုရား ) ။
ကိုင်း… ဒါဖြင့် တတ်နိုင်သမျှ ဦးခင်မောင်ကဖြစ်စေ၊ ကိုမြရွှေကဖြစ်စေ၊ ဒကာသစ်ကဖြစ်စေ၊ တတ်နိုင်သလောက်တိုက်လိုက်တော့ မီးထတောက်တဲ့ အခြေအနေရောက်တော့ တစ်ခါတည်း မီးတွေထတောက်တာပဲ ….. (မှန်လှပါဘုရား)၊ မတောက်ဘဲနေပါ့မလား ….. (တောက်ပါတယ်)၊ ကိုင်း ….. နဂိုက၀ါးထဲမှာ မီးပါလို့လား ….. တဲ့၊ လုပ်သော ပုဂ္ဂိုလ်၏ လုံ့လ ပယောဂ ထက်သန်မှုကြောင့်လား …… (လုပ်သောပုဂ္ဂိုလ်၏ လုံ့လ ပယောဂထက်သန်မှုကြောင့် ပါဘုရား)၊ ရှင်းပလား …… (ရှင်းပါပြီဘုရား)။
ပွတ်ပါများလို့ ပူပြီးမီးထွက်
ဒါဖြင့် ၀ါးထဲမှာ မီးမပါ၊ ပွတ်ပါများလို့ပူ၊ ပူဖန်များလို့ မီးဖြစ်၊ ဒီအတိုင်းမနေဘူးလား ….. (နေပါတယ်ဘုရား)၊ ဒီမှာလည်း ခင်ဗျားတို့ သင်္ခတ တရားကို ဒီဥာဏ်ကလေးနဲ့ အမြဲတမ်းသာရှု၊ ရှုတာနဲ့ ပူလာတာနဲ့ အတူတူပဲ၊ မီးထွက်တော့ မလို့ဆိုတာ မဆိုထိုက်ဘူးလား …… (ဆိုထိုက်ပါတယ်ဘုရား)။
ကဲ …. ဒါဖြင့် ရှုနိုင်သရွေ့ ရှုလိုက်ပြီဆိုမှဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဟောဒီတရားဟာ ၀ိပဿနာမဂ်က လောကုတ္တရာမဂ်ဖြစ်ပြီး သကာလ တစ်ခါတည်းမီးထတောက် တာနဲ့ ဦးခင်မောင် ….. အတူတူဖြစ်တယ် ….. (မှန်လှပါ)၊ ရိပ်မိပလား ….. (ရိပ်မိပါပြီ)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဆုတောင်း အလုပ်လားတဲ့၊ သင်္ခတ တရားကို ရှုကြည့်ရမည့် အလုပ်လားတဲ့ ….. (သင်္ခတ တရားကို ရှုကြည့်ရမည့် အလုပ်ပါဘုရား)၊ သင်္ခတ တရား ရှုလိုက်လို့ရှိရင် မီးဟာ ပူထွက်လာတာပဲ ….. (မှန်ပါ့ဘုရား)။
မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသိန်
အသင်္ခတဘက် ကူးတော့မယ်ဆိုရင် မီးတွေတောက်လာတယ် ….. (မှန်လှပါဘုရား)။ အသင်္ခတဘက် ကူးတော့မယ်ဆိုရင် ….. (မီးတောက်လာပါတယ်)၊ မီးတောက်လာတယ် ဆိုတာလည်း မိလိန္ဒမင်းကြီးက မေးလို့ရှိရင် ရှင်ဂနာသိန် က ဖြေတာပါလားဆိုတာလည်း သေသေချာချာ မှတ်ကြပါ။ ဒါဟာ ပါဠိအကိုးအကားရွတ်ပြီး ပြောနေတယ်လို့ ဒီလိုမယူကြနဲ့ ….. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ယနေ့ပြောစရာရှိတဲ့အချက်က ဒီနှစ်လုံးပဲ ပြောစရာရှိနေတော့ တပည့်တော်တို့ နိဗ္ဗာန် ရောက်ချင်တယ်ဘုရား၊ ဘယ့်နှယ့်များ လုပ်ရပါမတုံး၊ ကဲ …. တရားတစ်ပွဲလုံးက မမေးပေဘူးလား ….. (မေးပါတယ်ဘုရား)၊ နိဗ္ဗာန်ရောက်ချင်တယ် ဘုရား ….. တပည့်တော်တို့ အိုရ နာရ သေရ မွေးရ ဆိုတဲ့ ဒုက္ခတွေက တပည့်တော်တို့ ကိုယ်တိုင် မြင်နေရပြီ၊ တပည့်တော်တို့ နိဗ္ဗာန်ရောက်မှ အေးမယ်လို့ ဟောကြတယ်၊ ဟောတဲ့အတိုင်းပဲ နိဗ္ဗာန်ရောက်မှပဲ နေရာကျမှာပဲ၊ တပည့်တော်တို့ နိဗ္ဗာန်ရောက်ချင်တယ်ဘုရား ဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန်ဟာ ဒကာ ဒကာမတို့ ဘယ်နည်းနဲ့မှ တိုက်ရိုက်မရောက်နိုင်ဘူး …… (မှန်ပါ့)။
သင်္ခတဘက်ကို ဥာဏ်လှည့်ပြီးမှ အသင်္ခတဘက်ကို ဥာဏ်ရောက်မှာပဲ ….. (မှန်လှပါ)၊ သဘောကျပလား …. (ကျပါပြီ)၊ ဒီဥာဏ်သည် ရှေးဦးစွာ ဘယ်လှည့်ရမလဲ …… (သင်္ခတဘက်လှည့်ရပါမယ်) သင်္ခတဘက်ကို လှည့်လို့ ရင့်သန်တော့မှ ဘယ်လှည့်ရမလဲ ….. (အသင်္ခတဘက်ကို လှည့်ပါမယ်ဘုရား)။
ကဲ ….. ဒါဖြင့် နာမရှုပ ပရိစ္ဆေဒကျမ်းမှာ …..
ပရိပက္ကာ ကမေနေ၀ံ၊
ပရိဘာဝိတ ဘာဝနာ၊
ပရိစ္စဇန္တိ သင်္ခါရေ၊
ပက္ခန္ဒန္တီ အသင်္ခတေ။
နာမရူပ ပရိစ္ဆေဒကျမ်း (ဂါထာအမှတ် ၁၇၇)
ပရိပက္ကာ ကမေနေ၀ံ၊ မင်း အခုအတိုင်း ရင့်ကျက်အောင် လုပ်စမ်းပါတဲ့၊ ပရိဘောဝိတ ဘာဝနာ၊ ပွားတာဟာ သိမ်းပြီတဲ့၊ သင်္ခတ တရားဖြစ်ပျက်ကို ရှုသာနေတဲ့ ဒကာ ဒကာမတို့ ပွားသာနေတဲ့၊ ရိပ်မိကြပလား ….. (ရိပ်မိပါပြီ)၊ ဖြစ်ပျက်တွေ ဘာလုပ်နေမယ် ….. (ပွားနေရပါမယ် ဘုရား)၊ ပွားနေပါတဲ့ ပရိပက္ကာ ကမေနေ၀ံ၊ သူဟာ ရင့်ကျက်လာပါလိမ့်မယ်တဲ့ ….. (မှန်လှပါ)။
ပရိဘာဝိတ ဘာဝနာ၊ နောက်ကျတော့ ဘာဖြစ်သတုံး ဘုရားတဲ့၊ ဒါတွေ ရင့်ကျက်လာတယ် …. (မှန်ပါ)၊ ပရိစ္စဇန္တိ သင်္ခါရေ၊ ဟောဒီ သင်္ခါရတွေကို ဟောဒီဥာဏ်က စွန့်လိမ့်မယ်ကွ တဲ့၊ မခင်တွယ်တော့ဘူး ….. (မှန်လှပါ)၊ ဒီသင်္ခါတဒုက္ခတွေကို ….. (စွန့်မယ်)၊ စွန့်သွားမယ် …. (မှန်ပါ့)၊ စွန့်သွားတော့ ပက္ခန္ဒန္တီအသင်္ခတေ၊ ဒီဘက်ကူးလာလိမ့်မယ်ကွတဲ့ ….. (မှန်လှပါ)။ ရိပ်မိပလား …. (ရိပ်မိပါပြီဘုရား)။
သူ့ဟာသူအသင်္ခတဘက် ကူးသွားတယ်
သင်္ခတဒုက္ခစွန့်ပြီး ဘယ်ဘက်ကို ကူးမလဲ ….. (အသင်္ခတဘက်ကူးပါမယ်)၊ ဟော ခင်ဗျားတို့ ရှုနေတဲ့ဥာဏ်ဟာ ပထမ ဒီဘက်ကိုလှည့်နေတယ်၊ မဂ္ဂင်သည် ပထမတော့ သင်္ခတဒုက္ခဖြစ်ပျက်ဘက် မလှည့်ဘူးလား ….. (လှည့်ပါတယ်)၊ ရင့်ကျက်လာတော့ အသင်္ခတဘက် သူ့ဟာသူလှည့်သွားတယ် …. (မှန်လှပါ)၊ ခင်ဗျားတို့က ဆုတောင်းရတာလား၊ သူ့ဟာသူ လှည့်တာလား ….. (သူ့ဟာသူ လှည့်သွားတာပါဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အလုပ်က ဘာလုပ်ပါလိမ့်မတုံး ….. လို့ ဘုန်းကြီးမေးတော့ ခင်ဗျားတို့ အလုပ်ဟာ သင်္ခတဒုက္ခဘက်လှည့်ဖို့က ခင်ဗျားတို့တာဝန် ….. (မှန်လှပါ)၊ နိဗ္ဗာန်ဘက်လှည့်ဖို့ အလုပ်က မဂ်၏တာဝန် ….. (မှန်လှပါဘုရား)၊ ရှင်းပလား ….. (ရှင်းပါပြီ)၊ ခင်ဗျားတို့အလုပ်က ဘာတုံး …. (သင်္ခတဒုက္ခဘက်လှည့်ဖို့ပါ)၊ သင်္ခတဒုက္ခအလုပ်ကိုပဲ ရှေးဦးစွာ မဂ္ဂင်ငါးပါးနဲ့ လှည့်နေဖို့ လိုတယ် …. (မှန်ပါဘုရား)၊ ရှင်းပလား …. (ရှင်းပါပြီ)၊ နောက်ကျတော့ မဂ်က ကျုပ်ကို နိဗ္ဗာန်ပို့ပေးပါလို့ ဆိုရမှာလား၊ သူ့ဟာသူ နိဗ္ဗာန်ဆီလှည့်သွားတာလား …. (သူ့ဟာသူ နိဗ္ဗာန်ဆီလှည့်သွားတာပဲ ….. (မှန်လှပါဘုရား)၊ ရှင်းပလား ….. (ရှင်းပါပြီ)၊ ဒါဖြင့် ဦးခင်မောင် နိဗ္ဗာန်ရောက်ချင်လို့ ရှိရင်ဖြင့် ဥာဏ်ကို ရှေးဦးစွာ ဘယ်ဘက်လှည့်ရမယ် ….. (သင်္ခတဘက်လှည့် ရပါမယ်ဘုရား)။
သင်္ခတဒုက္ခဘက် ဥာဏ်လှည့်ထားပါ
အဲ …. သင်္ခတဒုက္ခဘက် လှည့်ပြီးသကာလ ဒကာ ဒကာမတွေလှည့်ထားပါတဲ့၊ သြော် … သင်္ခတဒုက္ခ၊ သြော် …. သင်္ခတဒုက္ခပဲ၊ ဖြစ်ပျက်ပဲ၊ ဖြစ်ပျက်ပဲလို့ သိနေတာဟာ ဖြစ်ပျက်ပဲ၊ ဖြစ်ပျက်ပဲလို့သာ ဒကာ ဒကာမတွေက သိနေစမ်းပါ၊ ထိုကဲ့သို့ သိနေတော့ ဟောဒီဥစ္စာ ရင့်ကျက်မလား၊ မရင့်ကျက်ဘူးလား …. (ရင့်ကျက်ပါမယ်ဘုရား)၊ ဥာဏ်လေ ….. (မှန်ပါ့ဘုရား)။
နိဗ္ဗာန်သည် ဥာဏ်ရင့်မှ ဥာဏ်လှည့်သွားတဲ့ တရား
အဲ … ရင့်ကျက်လာတဲ့အခါကျတော့ သူသည် သင်္ခတဘက်ကနေပြီးတော့ ဘယ်ဘက်ကူး မယ်ထင်သတုံး …… (အသင်္ခတဘက်ကူးပါမယ်)၊ ခင်ဗျားတို့က အကူးခိုင်းလို့ ကူးတာလား၊ ရင့်လိုသူ့ဟာသူကူးတာလား ….. (ရင့်လို့သူ့ဟာသူ ကူးတာပါဘုရား)၊ ဒါဖြင့် နိဗ္ဗာန်ဆိုတဲ့ တရားသည် ဒကာ ဒကာမတို့ ကိုယ်ကအပို့ခိုင်းလို့ ရောက်တဲ့တရားလား၊ ဥာဏ်ရင့်မှ ဥာဏ်လှည့်သွားတဲ့ တရားလား ….. (ဥာဏ်ရင့်ကျမှ ဥာဏ်လှည့်သွားတဲ့ တရားပါဘုရား)။
အေး … ဒီတရားဟာ ဒကာ ဒကာမတို့ ဒီကနေ့ တရားဟာ သိပ်ပြီးတော့ မများဘဲနဲ့ သြော် … လိုရင်း ဒါပါကလားဆိုတာ ပေါ်လာတယ် ….. (မှန်ပါ့)၊ မပေါ်ကြဘူးလား ….. (ပေါ်ပါတယ်ဘုရား)၊ လိုရင်းကဖြင့် ဒါပဲဆိုတာ မသေချာဘူးလား ….. (သေချာပါတယ်ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတွေ၏ အလုပ်က ဘာအလုပ်ပါလိမ့် …. (သင်္ခတရှုဖို့ပါဘုရား)။
ဆုတောင်းလို့ရင့်လာတာလား
ဟော …. သင်္ခတဘက် ဒီဥာဏ်လှ့်ပေး ….. (မှန်ပါ့)၊ ရှင်းပလား ….. (ရှင်းပါပြီ)၊ ခင်ဗျားတို့ အလုပ်က ဘာပါလိမ့် ….. (သင်္ခတဘက်ဥာဏ်လှည့်ရပါမယ်)။ သင်္ခတဘက်ဥာဏ်လှည့်ပေး၊ ရင့်လာလိမ့်မယ်တဲ့၊ လှည့်ဖန်များတော့ ဖြစ်ပျက်တွေ မြင်လာလိမ့်မယ်၊ ဖြစ်ပျက်တွေ ဒုက္ခသစ္စာလှည့်ပေး၊ ရင့်လာလိမ့်မယ် ….. (မှန်ပါဘုရား)၊ ခင်ဗျားတို့ ဆုတောင်းလို့ ရင့်လာတာလား၊ မြင်ဖန်များလို့ ရင့်လာတား ….. (မြင်ဖန်များလို့ ရင့်လာတာပါဘုရား)။
ကဲ …. ရင့်ထက်မက ရင့်တဲ့အဆုံးအမကျတော့ ခင်ဗျားတို့ ရှုနေတဲ့ဥာဏ် ဘယ်ဘက်လှည့်မတုံး …. (အသင်္ခတဘက် လှည့်ပါမယ်ဘုရား)၊ ကဲ …. ခင်ဗျားတို့ ဆုတောင်းကြောင့် လှည့်တာလား၊ ရင့်လို့လှည့်သွားတာလား …. (ရင့်လို့လှည့်သွားတာပါဘုရား)၊ ဒါဖြင့် ကိုရွှေမြ သြော် ….. မီးထွက်လာတာ ပူလို့ မီးထွက်လာတယ် ….. (မှန်ပါဘုရား)၊ ဘယ့်နှယ်ဆိုကြမယ် …. (ပူလို့မီးထွက်တာပါဘုရား)။
မီးထွက်လောက်အောင် ပူလို့ ….. (မှန်ပါ့ဘုရား)၊ မီးထွက်လောက်အောင် မပူသေးလို့ရှိရင် မီးကို မတောက်သေးဘူး …. (မှန်ပါ့)၊ ရိပ်မိကြပလား …. (ရိပ်မိပါပြီ)၊ ဒါဖြင့် မီးထွက် လောက်အောင်ပူရင် ဘာဖြစ်မယ်ထင်သတုံး …. (မီးထွက်ပါတယ်ဘုရား)။
မဂ္ဂင် (၅) ပါးက (၈) ပါးဖြစ်တယ်
အဲ …. ထို့နည်းအတူပဲ၊ ခင်ဗျားတို့ အလုပ်က မီးပွတ်နေဖို့ အလုပ်ပါ ….. (မှန်ပါ့)၊ ဒါဖြစ်ပျက်ရှုနေဖို့ အလုပ်ပါ ….. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီ)၊ မီးထွက်လောက်အောင် ပူလာပြီ၊ မီးထွက်လောက်အောင် ရင့်လာပြီ ဆိုလို့ရှိရင်ဖြင့် ဒီဥာဏ်သည် မဂ္ဂင်ငါးပါးက ရှစ်ပါး မဖြစ်ပါနဲ့ဆိုလို့ ရပါ့မလား …. (မရပါဘုရား)၊ မီးထွက်လာတာပဲ၊ မီးထွက်လာတာနဲ့ တစ်ပြိုင်နက် အသင်္ခတဘက် မလှည့်ပေဘူးလား ….. (လှည့်ပါတယ်ဘုရား)။
ဒါဖြင့် မဂ္ဂင်ငါးပါးနဲ့ အလုပ်လုပ်နေတုန်းက သင်္ခတဘက်ချည်း လှည့်တယ်လို့ မှတ်ပါ …. (မှန်ပါ့)၊ မဂ္ဂင် ငါးပါးက သူတို့အားပြည့်လာတဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့ မဂ္ဂင်ရှစ်ပါးဖြစ်ရော၊ တစ်ခါတည်း အသင်္ခတဘက် လှည့်သွားတယ်ဆိုတဲ့ ဥစ္စာ သေသေချာချာ မိလိန္ဒပဥှာမှာလည်း လာတယ်၊ ပြီးတော့အင်္ဂုတ္တိုရ်မှာလည်း လာတယ် ….. (မှန်ပါ့ဘုရား)။
အနိစ္စတွေဘက်လှည့်ရမယ်
ဒကာ ဒကာမတို့ သင်္ခတ တရား၏ဖြစ်စဉ်နဲ့ အသင်္ခတ တရား၏ဖြစ်စဉ်ဆိုတာ အင်္ဂုတ္တိုရ်မှာလည်း သေသေချာချာလာသောကြောင့် ဒကာ ဒကာမတို့၏ တာဝန်သည် ရှေးဦးစွာ ဘယ်ဘက်လှည့်ရမလဲ … (သင်္ခတဘက်လှည့်ရပါမယ်) ဒီဘက် ဒကာတွေ ဘယ်ဘက် လှည့်ကြမယ် ….. (သင်္ခတဘက်လှည့်ပါမယ်ဘုရား)၊ သင်္ခတ တရားဆိုတာ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲ ဖြစ်ပျက်တွေနော် …. (မှန်ပါ့)၊ အနိစ္စကလေးတွေဘက်ကို လှည့်ရမယ် …. (မှန်ပါ့ဘုရား)။
ဒကာ ဒကာမတွေ ဘယ်ဘက်လှည့်ရမယ် ….. (အနိစ္စဘက်ကိုလှည့်ရမယ်)၊ ကဲ …. လှည့်တဲ့ဥာဏ်ရင့်လာတော့ကိုတဲ့ ဒီဥာဏ်တွေ ဘယ်ဘက်လှည့်သွားသလဲ ….. (အသင်္ခတဘက် လှည့်သွားပါတယ်)၊ ခင်ဗျားတို့က လှည့်ချင်လို့ လာတာလား၊ ဥာဏ်အမြင်ကိုက လှည့်တာလား…. (ဥာဏ်အမြင်ကိုက လှည့်တာပါဘုရား)၊ ခင်ဗျားတို့ လှည့်ထားတာက သင်္ခတဘက် လှည့်ထားတာ …. (မှန်ပါ)၊ သဘောကျပလား …. (ကျပါပြီဘုရား)။
ခင်ဗျားတို့လှည့်ထားတာက …..(သင်္ခတဘက် လှည့်ထားပါဘုရား)၊ သင်္ခတဘက် လှည့်ထားတယ်၊ ရင့်တော့သူ့ဟာသူ ဘယ်ဘက်လှည့်သတုံး ….. (အသင်္ခတဘက်လှည့်ပါတယ်)၊ အသင်္ခတဘက် နိဗ္ဗာန်ဘက် မလှည့်ဘူးလား …. (လှည့်ပါတယ်ဘုရား)။
ဥာဏ်ကသူ့သဘောနဲ့ သူလှည့်တာ
အဲ …. အသင်္ခတဘက် နိဗ္ဗာန်ဘက် လှည့်သွားတယ်ဆိုတော့ သြော် …. ဥာဏ်သည်ကားလို့ ဆိုရင် ဘယ်သူမှ စိုးပိုင်မှုမရှိပါကလား၊ သူ့သဘောနဲ့ သူလှည့်တာပါကလား ဆိုတာ မပေါ်ဘူးလား …. (ပေါ်လာပါတယ်)၊ ဦးခင်မောင် ပေါ်ပလား …. (ပေါ်ပါပြီဘုရား)၊ ကဲ …. ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ဖြင့် သင်္ခတ အသင်္ခတ ကူးဖို့ နားလည်ပလား ….. (နားလည်ပါပြီ)။
ဒါဖြင့် ဖြစ်ပျက်ရှုတဲ့ဘက်မှာ ဥာဏ်နဲ့ကြိုးစားခဲ့လို့ ရှိရင် ဖြစ်ပျက်မရှိတဲ့ဘက် ကူးလိမ့်မယ် …. (မှန်ပါ)၊ သဘောကျပလား …. (ကျပါပြီ)၊ မကြိုးစားတဲ့ ပုဂ္ဂိုလ်ဟာ ….. (မကူးပါ)၊ မကူးပါဘူးဆိုတာကော သေချာပလား …. (သေချာပါပြီဘုရား)။
ပွတ်တဲ့ပုဂ္ဂိုလ်၏ လုံ့လကြောင့်
ဒါဖြင့် ခုနင်က ၀ါးနှစ်လုံးထဲမှာ ဒကာ ဒကာမတို့သိတဲ့အတိုင်း ဘယ်အလုံးထဲမှ မီးမပါဘူး …. (မပါ ပါဘုရား)၊ ပွတ်တဲ့ ပုဂ္ဂိုလ်၏ လုံ့လကြောင့် ၀ါးနှစ်လုံး ပူ မပူ … (ပူပါတယ်ဘုရား)၊ မီးမထွက်ခင် ပူတဲ့အပူသည် သင်္ခတဘက်လှည့်တဲ့ ဥာဏ်နဲ့ တူပါတယ် …. (မှန်ပါ့ဘုရား)၊ မီးထွက်အောင် ပူလာတဲ့ အပူသည်ကားလို့ဆိုရင် နိဗ္ဗာန်ဘက် လှည့်တဲ့ဥာဏ်နဲ့ တူပါတယ် …. (မှန်ပါ့)၊ သဘောပါပလား …. (ပါ ပါပြီဘုရား)။
ဒါဖြင့် …. ဒကာ ဒကာမတို့ အလုပ် လုပ်တတ်ပလား ….. (လုပ်တတ်ပါပြီ)၊ ဒီအထဲ ဘာဂဏန်းပဲ ပေါ်နေနေ သင်္ခတဘက်လှည့်နေတာသာမှတ် …. (မှန်ပါ့)၊ ဒီကြားထဲက ဖြစ်ပျက်မြင်လည်း ဥဒယဗ္ဗယဥာဏ်က သင်္ခတဘက်လှည့်တာပဲ၊ ဘင်္ဂ မြင်လည်း သင်္ခတဘက် လှည့်တာပဲ၊ ဘယ မြင်ကော ….. (သင်္ခတဘက်လှည့်တာပဲ)။
သင်္ခတသာစိုက်ရှုပါ
အာဒီန၀ မြင်ရင်ကော …. (သင်္ခတဘက်လှည့်တာပဲ)၊ အင်း …. နာမရူပ …. ပရိစ္ဆေကျမ်းကတော့ ရှေးဦးစွာကွာ …. သင်္ခတဘက်လှည့်နေတာ၊ တော်တော်ကြာ အသင်္ခတဘက် ဒီဥာဏ်ကူးသွားမှာပါပဲဆိုတာ အင်မတန်ရှင်းရှင်းလင်းလင်း ပြသောကြောင့် အဂုင်္တ္တိုရ်ကလည်း ရှင်းရှင်းလင်းလင်း ပြသောကြောင့် ခင်ဗျားတို့ ဥာဏ်စဉ်တွေကို မလိုချင်လဲ နေပါတော့၊ သင်္ခတသာ စိုက်ရှုပါ …. (မှန်လှပါဘုရား)၊ သဘောပါကြလား ….. (ပါ ပါပြီဘုရား)။
သင်္ခတသာ စိုက်ကြည့်လိုက်လို့ရှိရင် သင်္ခတသိတဲ့ဥာဏ်ရင့်မှ ကိုမြရွှေ ….. ဘယ်ဘက်လှည့်မယ် …. (အသင်္ခတဘက် လှည့်ပါမယ်)၊ ခင်ဗျားတို့က လှည့်ချင်လို့ လှည့်တာလား၊ ဥာဏ်ရင့်လို့ လှည့်သွားတာလား …. (ဥာဏ်ရင့်လို့ လှည့်သွားတာပါဘုရား)။
ဒါဖြင့် မီးထွက်လောက်အောင် ပူလို့မီးဖြစ်တာပေါ့ ….. (မှန်ပါ့ဘုရား)၊ မီးက ထွက်လောက်အောင် မပူလို့ …. (မီးမထွက်ပါ)၊ မီးက ထွက်လောက်အောင် မပူရင် …. (မီးမထွက်ပါဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ အလုပ်သည်ကားလို့ ဆိုရင် ဒကာ ဒကာတို့ မီးထွက်အောင် ပူအောင်လုပ်ဖို့ပဲ …. (မှန်ပါဘုရား)၊ မဟုတ်ဘူးလား …. (မှန်ပါ့ဘုရား)။
အသင်္ခတကူးနိုင်ရန် နိဗ္ဗာန်ရမယ်
မီးထွက်လောက်အောင် ပူအောင်လုပ်လို့ရှိရင် မီးဖြစ်ပါစေလို့ ဆုတောင်းရမှာလား …. (မတောင်းရပါဘုရား)၊ သူ့ဟာသူ မီးထွက်လာမယ်ဆိုတာ မသေချာဘူးလား …. (သေချာပါတယ်)၊ ဒါကြောင့် ဒကာ ဒကာမတို့ သင်္ခတက အသင်္ခတကူးအောင် လုပ်နိုင်လို့ရှိရင် ဒီဘ၀ နိဗ္ဗာန်ရတာပဲ ဆိုတာဒါပါပဲ ….. (မှန်ပါ)၊ ရှင်းကြပလား …. (ရှင်းပါပြီဘုရား)။
ကဲ …. နာရီစေ့ပြီ၊ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု ….. သာဓု ….. သာဓု…..။