ကျေးဇူးတော်ရှင် - အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူသော
မျက်ရည်ကျတဲ့ဇာတ်ကိုသိမ်းကြပါ
(ကုမာရကဿပမယ်တော်)
( ၈ - ၁၀- ၁၃၅၆ )
ရေနစ်နေတဲ့ပုဂ္ဂိုလ်ဖြစ်စေ၊ ရေမျောတဲ့ပုဂ္ဂိုလ်ဖြစ်စေ၊ အဆွဲမှားလို့ရှိရင် သစ်ကိုင်းခြောက်ဆွဲမိရင် ပြုတ်ကျတာပဲ၊ ရေမျောလာတဲ့ ပုဂ္ဂိုလ်လည်း ထို့အတူပဲ မိရာဖမ်းဆွဲငြားသော်လည်း၊ သစ်ပင်မခိုင်လို့ရှိရင် ဒီသစ်ပင်ကပဲ ဆွဲရာပုဂ္ဂိုလ်ပြန်ပိသေးတယ် ။
ဒါကြောင့် ဘုရားသခင်ကိုယ်တောမြတ်ကြီးက ဟောတော်မူတယ်၊ ဘယ်လိုဟောတော်မူသလဲဆို တော့ ဒကာ ဒကာမတို့ ဖြစ်စဉ်ဟာတဲ့ ဆရာကောင်းသမားကောင်းမတွေ့ မကြုံပြီဆိုမှ ဖြင့်စွဲမိစွဲရာစွဲ လမ်းမိ လမ်းရာလမ်းဆိုသလို စွဲလမ်းမှုတွေနဲ့ အချိန်ကုန်ပြီးသကာလနေကြမယ်ဆိုရင်ဖြင့် သူတို့ဆွဲလို့ သူတို့ဆွဲကိုင် ရာနဲ့ သူတို့ပိပြီးသကာလ သူတို့ပဲ ဒုက္ခရောက်မဟေ့လို့ ဘုရားကဟောတော်မူတယ် ။
ဥပမာဘယ်လိုဟောတော်မူသတုံးဆိုတော့ အရှေ့ ဘက်မနေပြီးသကာလ အင်မတန်ပြင်းထန်လှစွာ သော ရေကြီးစီးပြီး ချောင်းကြီးထဲကိုရောက်အောင် မသိမလိမ်မာတဲ့ ပုဂ္ဂိုလ်တစ်ဦး၊ တစ်ယောက်ကရေအ ယဉ်မှန်းမသိလို့ ဇာတ်ဆို ရေထဲရောက်ပြီးသကာလ လာခဲ့တယ် ( မှန်ပါ့ ) ။
ရေက အင်မတန် အစီးကြမ်းပြီသကာလနေတော့ ရေကို ရေမှန်းမသိလို့ ဆင်းလာပြီဆိုတော့ ရေထဲ ရောက်တဲ့အခါ ရေသည်အင်မတန် အစီးသန်သည်ဖြစ်လေသောကြောင့် ရေထဲမှာမျောရှာတယ် ။
ရေမှန်းမသိလို့ ဆင်းလာတယ်
ရေ၊ ရေမှန်းမသိလို့ ဆင်းလာတာကိုး ဆင်းလာတဲ့အခါကျတော့ ရေကအစီးကသန်၊ ရေစီးကသန် တော့ သူကရေထဲမျော၊ မျောတဲ့အခါကျတော့ ရေမျောတဲ့ပုဂ္ဂိုလ် ဒကာ ဒကာမတို့အားကိုးရှာလိမ့်မယ်ဆိုတာ အထင်အရှားပဲ ( မှန်လှပါ ) ။
အဲဒီ အားကိုးရှာတော့ သူပက်လက်ကြီးမျော၊ မှောက်လျက်လည်းမျော အမျိုးမျိုးအဖုံဖုံ၊ ရေထဲမှာ မျောလာတော့ လမ်းမှာ ကမ်းနားသစ်ပင်ဆိုတာတွေက ရှိတယ် ။
အဲဒီကမ်းနားသစ်ပင်တွေက်ု သူကဖြင့် ဒါဖြင့် ရေမှတက်ရာပဲဆိုပြီး သကာလ သစ်ကိုင်းလေးတွေ့  လိုက်ဆွဲလိုက်ပေါ့ဗျာ ။
ကမ်းနားသစ်ပင်ဆိုတာ
ထိုကဲ့သို့ ဆွဲလိုက်တဲ့အခါကျတော့ ကမ်းနားသစ်ပင်ဆိုတာ နဂိုကလည်း ရေစာထားလို့ အမြစ်တွေကပေါ် နဂိုကမခိုင့်တခိုင်နေတာလေး သွားပြီးသကာလ ဆွဲလိုက်တော့ ဒီအမြစ်နှင့်တကွ ဆွဲလိုက် တဲ့သစ်ပင်က ကိုယ့်အပေါ်မှာ ပိုလိုက်ပြီး မြေစိုင်နှင့်တကွ အမြစ်တွေပါ ပြုတ်ကျလာပြီး ဆွဲလိုက်တဲ့ ပုဂ္ဂိုလ်အ ပေါ်မှာပဲ ပိရတယ် ( မှန်လှပါဘုရား ) ။
ပါးစပ်ထဲဝင် မျက်လုံးထဲဝင်ပြီးသကာလ မြေမှုန့်တွေဝင်မလာဘူးလား ( ၀င်လာပါတယ်ဘုရား ) ။
ဪ အားကိုးရှာလိုက်တာ အားကိုးရမလားလို့ အားကိုးရှာလိုက်တာ ဒကာ ဒကာမတို့ သေသေ ချာချာရှင်းရှင်းလင်းလင်း စဉ်းစားတော့ အားကိုးမှုကြောင့် ဒုက္ခပို ရောက်ပါပေါ့လား ရေမျောလာရှာတာလေ ( မှန်ပါ့ဘုရား ) ။
ရေမျောလာရှာတာ ဒကာ ဒကာမတို့ အားကိုးရှာပြီး ကမ်းနားသစ်ပင်ဆွဲလိုက်တာ မြေစိုင်နှင့် တကွ အမြစ်ပါ ပြုတ်ကျလာတော့ သူ့မျက်နှာပေါ်၌ မြေမှုန့်တွေ မျက်လုံးထဲ ၀င်လို့ဝင်၊ ပါးစပ်ထဲ ၀င်လို့ဝင်ပြီး သကာလ သြော် ရေမျောလို့အားကိုးရှာ အားကိုးရှာလို့ ဒုက္ခတွေ့ ပြီ ( မှန်လှပါဘုရား ) ။
ဒီလိုမနေဘူးလား ( နေပါတယ်ဘုရား ) ဒါနဲ့ပဲ ဒီလိုပဲမျော၊ မျောပြီးသကာလ သွားလိုက်တာ၊ ကမ်းနားသစ်ပင်တွေ လျောက်ဆွဲတော့ တွေ့ ရာဆွဲ ဆူးပင်တွေဆွဲလိုက်တော့ ဆူးပင်တွေကလက်စူး၊ အမြစ် ပါပြုတ်ကျတော့ ကိုယ့်အပေါ်မှာပိ ။
ဒီလိုချည်းသွားလိုက်တာ ကိုးစားရာ အားထုတ်ရာ ဒကာ ဒကာမတို့ ဒီပုဂ္ဂိုလ်ရပါ့မလား … ( မရပါဘု ရား ) ။
မရတဲ့ကြားထဲရေစီးကသန် ကိုးစားရာ အားထားရာ သစ်ပင်တွေလည်း ၊ ဆွဲလိုက်တိုင်း ကိုယ့်အပေါ် မှာပြုတ်ကျ ဘယ်မှာသာလျှင် သူခိုကိုးရာ အားထားရာ ကယ်ဆယ်ရာ မြင်သေးရဲ့ လား …( မမြင်ပါဘုရား ) ။
မမြင်တော့ဘူး၊ ဆွဲလေသမျှလည်း အမှားချည်းကို ဒါနဲ့ပဲ မြှုပ်ခြင်းမှာ အဆုံးသတ်ပြီးသကာလ သွား ရတယ် ။
နဂိုကမျောပြီးလာတာ ကမ်းနားသစ်ပင်တွေကို ဆွဲဆွဲ၊ ဆွဲဆွဲပြီးသကာလ လာလိုက်တော့ မြေစိုင်က ပြုတ်ပြုတ်ကျပြီး သူ့မျက်လုံးထဲဝင် သူ့ပါးစပ်ထဲဝင်၊ သူ့ကိုယ်ပေါ်ပိ၊ အဲဒီကဲ့သို့ ပိပိပြီးသကာလ မျောရာနေ မြှုပ်ပြီးသကာလ သွားရတဲ့ ရေမျောသမားသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ မြင်ရလို့ ရှိရင်ဖြင့် သြော် - သနားစရာကောင်းလိုက်တာ ။
ရေမျောလို့ ခိုကိုးရာရှာပါသော်လည်း ၊ ခိုကိုးရာသစ်ပင်ဟာ ပြုတ်ပြီးသူ့အပေါ်ကျပါပေါ့လား၊ သူသာ လျှင်ဒုက္ခရောက်ပါလားဆိုတာ ခိုကိုးရာအားထားရာသည် ဘယ်ခါကာလမှ သူမရရှာပါလားဆိုတာ ဒကာ ဒကာမတွေ အထင်အရှားမြင်ပြီးသား ဖြစ်ပါလိမ့်မယ် ။
အဲတော့ ဒီမျောနေတဲ့ အထဲမှာ ခုနက သစ်ကိုင်းနဲ့ တကွ မြေစိုင်တွေက ပြုတ်ပြုတ်၊ ပြုတ်ပြုတ်ပြီးကျ နေသောကြောင့် ဒကာ ဒကာမတို့ နဂိုက တစ်ယောက်တည်း မျောတုန်းက အမျောသက်သာသေးတယ် ၊ ကိုးစားရာ အားထားရာ ကမ်းနားသစ်ပင်တွေ ရှာလိုက်တဲ့အခါကျတော့ ကမ်းနားသစ်ပင်တွေက ပြုတ်ခါပြုတ် ခါနဲ့ သူ့အပေါ်မှာ ပိပိ၊ ပိပိပြီးလာသောကြောင့် မျောရာကနေ မြှုပ်ရရှာတယ် ။ ( မှန်လှပါဘုရား ) ။
သနားစရာကောင်းတယ်၊ သနားစရာအလွန်ကောင်းတယ်၊ ဒကာ ဒကာမတို့ ရေမသိလို့ ရေထဲဆင်း တယ်၊ ဆင်းလို့ရေစီးကသန်လို့ မျောတယ် ။
မျောလို့အားကိုးရှာ၊ အားကိုးရှာတော့ ကိုယ်ပေါ်မှာပိကျတယ်၊ ပိကျတာနဲ့ မျောရာကနေပြီး မြှုပ်ခြင်း လမ်းဆုံးရတယ်ဆိုတော့ အတော်လေးကိုပဲ ကံဆိုးမိုးမှောင်ဖြင့် တန်းကုန်ပါ ပေါ့လား ။
အင်မတန် မနစ်နာဘူးလားဗျာ ( နစ်နာပါတယ် ဘုရား ) ။
အေး - ဒါဘုရားသခင်ကိုယ်တော်မြတ်ကြီးက သံယုတ်ပါဠိတော် ပုပ္ဗ၀ဂ်မှာ ဟောတော်မူတယ်နော် ။
အခုသံသရာရေယဉ်ကြီးထဲမျောနေကြပြီ
ထို့အတူပါပဲတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ အခုသံသရာရေယဉ်ကြီးထဲ မျောနေကြပါပြီ ။
ဘာကြောင့် သံသရာရေ၊ တဏှာရေထဲမှာ မျောရပါသလဲလို့ မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတို့ က လူ့ပြည်ရောက်ရပါလို၏လို့ ဆုတောင်းတော့ လူ့ပြည်မျောလာတယ် ။ ( မှန်လှပါဘုရား )။
လူ့ပြည်တဏှာရေထဲမျောလာကြတယ်၊ လူ့ပြည်ဆုတောင်းပြီးသကာလ နေတာက တဏှာကိုဗျ၊ အဲ ဒီတဏှာရေကမှ တစ်ခါတည်း တဏှာရေကမျှောလိုက်ပြန်တာနဲ့ တဏှာရေဆိုတာကလည်း ရေကြမ်းကြီးပါ လာဗျ ( မှလှပါ ဘုရား ) ။
အကုသိုလ်ရေကိုးဗျ၊ အကုသိုလ်ရေဆိုတော့ ဒကာ ဒကာမတို့ သိပြီးသားအတိုင်း ရေကောင်းတော့ မဟုတ်ဘူး ၊ ရေကြမ်းပဲဆိုတော့ဖြင့် အင်မတန်ပြင်းပြင်းထန်ထန် စီးတဲ့ကြမ့်တမ်းတဲ့ရေပဲဆိုတာဖြင့် ဒကာ ဒကာမတို့ ငြင်းဖို့ မလိုတော့ပါဘူး ( မလိုတော့ပါဘူး ဘုရား ) ။
အဲတော့ ဒကာ ဒကာမတွေဟာ အခု ဘယ်ရောက်လာကြသတုံးလို့ မေးလိုက်တဲ့အခါ လူ့ပြည်မှာ လူအဖြစ်ကိုရချင်တဲ့ သဘောနဲ့ ဆုတောင်းလိုက်သောကြောင့် ဆုတောင်းတဏှာရေက မျှောတာနဲ့ အခုဖြင့် လူ့ပြည်မျောလာကြပြီပေါ့ဗျာ - ( မျှောလာပါပြီဘုရား ) သဘောကျပလား … ( တင်ပါ့ဘုရား ) ။
လူ့ပြည်မျောလာကြပြီ ဒကာ ဒကာမတို့ ရိပ်မိကပလား ( ရိပ်မိပါပြီ ) အင်း - ဒကာ ဒကာမတို့သည် အခုဘာဖြစ်နေကြသတုံးဆိုတော့ မျောတုံးပါဘုရား - ( တင်ပါ့ ) ။
ဟ - ဘယ်ရေထဲမျောလာတာတုံးမေးတော့ ကိုယ့်ဆုတောင်းရေထဲ ကိုယ်မျောလာတယ် ( မှန်ပါ့ ) သဘောကျပလား ( ကျပါပြီ ) ဘယ်ရေထဲမျောလာပါလိမ့် ( ကိုယ့်ဆုတောင်းရေထဲမျောလာတာပါ ) ။
ကိုယ့်ဆုတောင်းရေထဲမျောလာပြီးသကာလ လာကြတော့ဒီကျပြန်တဲ့အခါကျလို့ရှိရင်ဖြင့် ဘယ်သူ့ အားကိုးရပါ့မလဲ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ ချမ်းသာဖို့ဆိုပြီး အားကိုးတယ် ၊ ရှာကြတယ် ။
အမေ အဖေ အားကိုးတယ်
အားကိုးရှာတော့ အမေအားကိုးတယ် ၊ အမေက အနိစ္စမို့ပြုတ်ကျတယ်၊ ဟင်… ကမ်းနားသစ်ပင်ကိုး ဗျ၊ အမေအားကိုးတော့ အမေကအနိစ္စမို့ ပြုတ်ကျတယ်၊ ကိုယ့်မှာဝမ်းနည်းပက်လက်နဲ့ အမေနဲ့ခွဲရတာပေါ့ဆို ပြီး ငိုခြင်းချရတယ် ။
အင်းပြုတ်ကျပြီ၊ ပြုတ်ကျပြီ၊ ဒကာ ဒကာမတို့ တဏှာရေမျောလာရတဲ့အထဲမှာ အမေ့အားကိုးရပါ့မ လားအောက်မေ့တယ် ၊ သူကလည်း အနိစ္စခန္ဓာကိုယ်ဖြစ်လို့ အကုန်ပြုတ်ကျတာနဲ့ သားတွေ သမီးတွေမှာ ရင်ကွဲပက်လက် အကုန်ဖြစ်ကြရတယ် ( ဖြစ်ရပါတယ်ဘုရား ) ။
ဘယ့်နှယ်ကြောင့် ဒီပုဂ္ဂိုလ်ရင်ကွဲပက်လက်ဖြစ်ရပါလိမ့်မတုံးဆိုတော့ တဏှာရေထဲမျောလာတာ အမေနဲ့ အဖေနဲပ နေလို့ရှိရင် တော်သေးရဲ့ ဆိုပြီးသကာလ လာခဲ့ကြတာ၊ အမေလဲပြုတ်ကျပြီ ( မှန်လှပါဘု ရား ) ။
ဘယ်သူအပေါ်ပြုတ်ကျသတုံးဆိုတော့ မျောတဲ့ပုဂ္ဂိုလ်ပေါ်ပြုတ်ကျတယ်၊ သူပဲငိုရရှာတယ်၊ သူပဲရင် ထုရရှာတယ်၊ သူပဲမြေလူးရရှာတယ် ။
အင်း အမေဆိုတာ အားကိုးလောက်တယ်ဆိုပြီးသကာလ ၊ အမေ အဖေရှိတယ်ဆိုလို့ရှိရင် ဒို့တတွေ ဘာပူစရာရှိတုံး၊ သူတို့အားကိုးပြီးသကာလ ဒို့နေပါတော့မယ်ဆိုပြီး သကာလ အမေ အဖေအားကိုးပြီး ဆွဲ လိုက်တော့ အမေ အဖေက အနိစ္စမို့ ကိုယ်တွေဖြစ်လို့ ဒကာ ဒကာမတွေဘယ်သူ့အပေါ်ပြုတ်ကျသတုံး ( ဆွဲ တဲ့ ပုဂ္ဂိုလ်ပေါ်ပြုတ်ကျပါတယ်ဘုရား ) ။
တဏှာနဲ့ဆုတောင်းပြီး မျောလာတဲ့ ပုဂ္ဂိုလ်ပေါ်ပြုတ်ကျတယ် ( မှန်ပါ့ဘုရား ) ။ အင်း - ခုတော့ဖြင့် ဒကာ ဒကာမတွေဘယ်လိုများ နေကြပါသတုံး ဆိုတော့ဖြင့် ပြုတ်ကျတဲ့ဥစ္စာတွေပဲ တွေ့ခဲ့ရတာပဲ ။
ကိုယ့်ဖြင့် တက်နိုင်တယ်၊ ရေလွတ်ပြီဆိုပြီးသကာလ တက်နိုင်တယ် လှမ်းနိုင်တဲ့ ခိုကိုးရာမရသေး ဘူး ( မှန်လှပါဘုရား ) ။
အခု ၊ အမေဆိုတာလည်း ကမ်းနားသစ်ပင်နော်၊ အဖေဆိုတာကော ( ကမ်းနားသစ်ပင်ပါ ) အဲဒါတွေ အခု၊ ခင်ဗျားတို့ အမေ့အတွက် အဖေအတွက် ပြုတ်ကျလို့ ခင်ဗျားတို့ ဒုက္ခရောက်ပြီးကြပလားလို့မေးရင်၊ ဘယ့်နှယ်ဖြေကြမလဲ … ( ဒုက္ခရောက်ပြီးပါပြီ ဘုရား ) ။
အင်း - နဂိုကတော့ သမီးဆိုရင် မအေအားကိုး၊ သားဆိုရင် မအေအားကိုး၊ အဖေအားကိုးပြီး နေကြတာအခုဖြင့် တောင်ကြီးပြိုလို့ ကမ်းပြိုလို့ ၊ ကိုယ့်အပေါ် ပိပါပေါ့လားဆိုတာ ဒကာ ဒကာမတွေ လူတိုင်း တွေ့ဖူးကြပါလိမ့်မယ်… ( တွေ့ဖူးပါတယ်ဘုရား ) ။ သဘောကျပလား ( ကျပါပြီ ) ။
ကြည့်စမ်း ရေမျောလာလို့ အားကိုးရှာတာ ပြုတ်ကျတဲ့ သစ်ပင်ကိုလဲ ကမ်းနားသစ်ပင်နဲ့တူတဲ့ အနိစ္စ ခန္ဓာကိုယ်တွေ သွားအားကိုးတော့ အနိစ္စပဲ ။
ခန္ဓာကိုယ်ကြီးက အမေ အဖေအနိစ္စ ခန္ဓာကိုယ်တွေဖြစ်ပြီး သကာလနေတော့ ၊ ခန္ဓာကိုယ်တွေက အကုန်အနိစ္စဖြစ်နေသောကြောင့် အားကိုးတဲ့ သားတွေ သမီးတွေ၊ သံသရာခရီးသည်တွေ ရေမျောလာတဲ့ တဏှာရေမျှောလို့ လူ့ပြည်ရောက်လာလို့ မျောနေတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ပြုတ်ပြုတ်ကျတယ် ( မှန်ပါ့ ) ။
ကျလို့ပဲအားကိုးရမလားလို့ အားကိုးလိုက် ၊ ပြုတ်ကျလိုက်၊ ပြုတ်ကျလိုက်တော့ ရင်ကွဲပက်လက်ဖြစ် တယ်၊ ဘယ်သူ့အပေါ်ပိပါလိမ့်ဗျာ၊ ( အားကိုးတဲ့ပုဂ္ဂိုလ်အပေါ် ပိပါတယ်ဘုရား ) ။
တဏှာရေကမျှောလိုက်လို့ မျောရတယ်
မျောလာတာကလဲ ဒကာစိန်တို့ကို လူ့ပြည်မျှောလိုက်တာက တဏှာရေက မျှောလိုက်တယ်၊ ခင်ဗျား တို့ တဏှာကဆုတောင်းပြီးယူလာတာသူ၊ သူ့ဆုတောင်းအတိုင်း ဖြစ်လာတာ သူ သူ့တဏှာရေမျှောသလို မမျောရဘူးလား ( မျောရပါတယ်ဘုရား ) ။
အေး - တဏှာရေမျှောသလို မျောရသောကြောင့် ဒီဘ၀ကျတော့ မျောလာပါပေါ့လား လူ့ပြည်တော့ ဖြင့် မျောလပါပေါ့ဟ ။
မည်သူ့အားကိုးရပါ့မတုံးဆိုတော့ ၊ အို … အမေရှိသားပဲ ၊ အဖေရှိသားပဲဆိုပြီး ကမ်းနားသစ်ပင် အနိစ္စတွေအားကိုးလိုက်တယ် ။
အားကိုးလိုက်တော့ တဖြုတ်ဖြုတ်နဲ့ အမေတွေသေ၊ အဖေတွေသေ၊ ရိပ်မိကြပလား … ( ရိပ်မိပါပြီ ဘုရား ) အဲဒီတော့ အားကိုးရာမရတော့ မျက်ရည်ကြီးငယ်ကျပြီးသကာလ ဒေါမနဿနဲ့ပဲ အချိန်မကုန်ခဲ့ကြရ ဘူးလား .. ( အချိန်ကုန်ခဲ့ကြရပါတယ်ဘုရား ) ။
အင်း - ဒါလူ့ပြည်မျောလာလို့ ဒကာ ဒကာမတို့ ကမ်းနားသစ်ပင်မြေစိုင်နှင့် တကွ မျောတဲ့ပုဂ္ဂိုလ် အပေါ် ပိပါပေါ့လား ဆိုရင်ငြင်းဆရာမလိုတော့ဘူး၊ ပိပြီးကြပြီလား ၊ မိပြီးကြပြီလားဆိုရင် ဘယ့်နှယ်ဖြေမလဲ၊ ( ပိပြီးကြပါပြီဘုရား ) ။
အင်း - ခင်ဗျားတို့က ဒါတွေဘာပါလိမ့်မတုံးလို့မေးလို့ရှိရင် သံသရာရေယာဉ်ကြောမှာ တဏှာရေထဲ မှာ မျောလာကြတော့ အားကိုးကလဲရှာကြတာကိုး ။
လူ့ပြည်မျောလာတာပေါ့ဗျာ ၊ မျောလာပြီးသကာလ အားကိုးရှာပြန်တော့လည်း ၊ဒကာ ဒကာမတို့ အမေပဲ ၊ အဖေပဲ ဆိုပြီး အားကိုးလိုက်ကြတယ် ။
အားကိုးလိုက်တော့ ဒီကခိုင်တဲ့သစ်ပင်လား၊ အနိစ္စတွေလား … ( အနိစ္စတွေပါဘုရား ) သြော်… အမေလည်းအနိစ္စမို့ တပည့်တော်တို့ဘုရား ၊ အမေသေလို့ကိုပဲ၊ ရင်ထုမြေလူးနဲ့ အတော်ဒုက္ခရောက်ခဲ့ရပါ တယ်ဘုရား ။
အဖေသေတော့လည်း ဆိုးလိုက်တဲ့ဖြစ်ခြင်း၊ မပြောပါနဲ့တော့၊ မျောလာတာကိုး၊ကမ်းနားသစ်ပင်နှစ် ပင်က ဟိုကပြုတ်ကျလိုက်၊ ဒီကပြုတ်ကျလိုက်ဆိုတော့ ဘယ်သူ့အပေါ်ပြုတ်ကျပါလိမ့်ဆိုတော့ (မျောတဲ့ ပုဂ္ဂိုလ်ပေါ်ပါဘုရား ) ။
အင်း - ဒကာ ဒကာမတွေ ယခုနေရတဲ့ အခြေအနေကဖြင့် ဤအခြေအနေပါပဲ… ( မှန်လှပါဘုရား ) အမေတွေလည်း ပြုတ်ကျကုန်ပြ၊ အဖေတွေလည်း ပြုတ်ကျကုန်ပြီ၊ သဘောကျပလား( ကျပါတယ်ဘုရား )။
သား ၊ လင် ၊ ခင်ပွန်း အားကိုးကြပြန်တယ်
ကိုင်း - ရှေ့ ဖြင့်ဘယ်သူအားကိုးရမတုံးဆိုပြီသကာလ အိမ်ထောင်ရယ်လည်း ကျပြန်ရော ၊ သား ၊ လင်၊ ခင်ပွန်းသည် ကို အားကိုးကြပြန်တယ် ။
အားကိုးကြတာတွေကလည်း ၊ သူတို့ကလည်း ကမ်းနားသစ်ပင်၊ အနိစ္စတွေပြုတ်ဦးမှာပဲ ၊ ဒကာ ဒကာမတွေ ခိုင်ပါ့မလား ….( မခိုင်ပါဘူး ဘုရား ) ဘာခန္ဓာကိုယ်တွေလည်း ( အနိစ္စခန္ဓာကိုယ်တွေပါ ) ။
အင်း - ဒကာ ဒကာမတွေ ခင်ဗျားတို့ အတွက်ဖြင့် အမေ အဖေတွေပြုတ်ကျတာတောင်မှ အခုထက် တိုင်အောင်ပဲသားလင်ခင်ပွန်း အားကိုးတုံးပဲ၊ ပြုတ်ကျမည့် အနိစ္စတွေ အားကိုးတုန်းပဲဆိုတော့ ၊ ပိချင်သေး လို့ ၊ မြှုပ်ချင်သေးလို့ အားကိုးကြတာပဲဆိုတာ သေသေချာချာ စဉ်းစားကြပါတော့ .. ( မှန်လှပါဘုရား ) ။
ဘယ်လောက်များ ခင်ဗျားတို့ ဆိုးဝါးချက်ပေါ်တယ်ဆိုတာဖြင့် အထူးပြောစရာလိုသေလား… ( မလို တော့ပါဘူး ) တယ်ကြောက်စရာကောင်းပါလား … ( ကောင်းပါတယ်ဘုရား ) ။
အခု - အစုံအလင်ရှိနေတဲ့ ပုဂ္ဂိုလ်တွေအတွက်တော့ဘာဖြစ်ဦးမှာတုံးမေးလို့ရှိရင် ဘယ်နှယ့်ပြောတုံး …. ( ပြုတ်ကျမှာပါဘုရား ) ကျဦးမှာပဲ ၊ ရှေ့ ပြုတ်နောက်ပြုတ်ပဲသာအောက်မော့တော့ … ( တင်ပါ့ဘုရား ) ။
ပြုတ်တိုင်းပြုတ်တိုင်း ဘယ်သူ့အပေါ်ပိမလဲလို့မေးပါဦး .. ( အားကိုးတဲ့လူအပေါ် ပိမှာပါဘုရား ) သြော် - ဒကာ ဒကာမတို့ ခင်ဗျားတို့အတွက်ဖြင့် ရှေ့ လည်းစိတ်ချစရာမရှိပါလား၊ နောက်ကလည်း ပြုတ်ကျ လို့ပိခဲ့ကြပြီ ( မှန်ပါ့ဘုရား ) ။
ရှေ့ လည်း ပြုတ်ကျမည့်အပင်ဆွဲပြန်ပြီဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ မြုပ်ချေသေးရဲ့ ၊ နစ်ချင်သေးရဲ့ ဆို တဲ့ အဓိပ္ပါယ်ဟာ သေချာရောက်ပါတယ်၊ သဘောပါကြရဲ့ လား ( ပါ, ပါတယ် ဘုရား ) ။
ဘုရားကအသေအချာဟောထားတာ
ဘုရားဟောတော်မူတာ ၊ ဘုရားဟောတော်မူတာ ပုပ္ဗ၀ဂ်မှာ အသေအချာဟောတော်မူတယ်၊ ရိပ်မိပ လား … ( ရိပ်မိပါပြီ ) ။
အဲတော့ - ဒကာစိန်ရေ - ဒကာ ဒကာမတွေ အားကိုးနေသမျှဟာ ပြုတ်ကျမည့် ကမ်းနားသစ်ပင် ချည့်အားကိုးမိလျက် ကြုံနေရတယ်၊ ရိပ်မိကြပလား… ( ရိပ်မိပါပြီဘုရား ) ။
ကိုထွန်းအောင်ရေ - ခင်ဗျားပြုတ်ကျပြီးပြီနော်၊ အေးခင်ပွန်းသည်တွေ တည်ထောင်လိုက်တာ အခု ခင်ပွန်းမရှိသေးရဲ့ လား .. ( မရှိတော့ပါဘူး ) မရှိတော့ဘာဖြစ်သွားသတုံး… ( ပြုတ်ကျသွားပါတယ် ) ပြုတ်ကျသွားတော့ ဘယ်သူ့အပေါ်ပိပါလိမ့် … ( ကိုယ့်အပေါ်ပဲ ပိပါတယ် ) အင်း.. ခင်တဲ့လူအပေါ် … ( ပိပါ တယ် ) ။
အင်း - ကိုယ်ကျိုးကြီးနည်းပါပေါ့ ၊ လက်ရုံးကြီးပြုတ်ပါပေါ့ ဆိုပြီး သကာလ ဒီအပေါ် လာပိတာပဲ ( မှန်ပါ့ ) ။
အေး - ဒါကြောင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ အားကိုးနေတဲ့ သားလင် ခင်ပွန်းသည် သည်ကား လို့ဆိုလို့ရှိရင် ကမ်းနားသစ်ပင်သာ မှတ်လိုက်ပါတော့ ၊ ပြုတ်ကျမျာတည်းတည်းချည့်ပဲ ။
အဘယ့်ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟောရပါလိမ့်မလဲလို့ဆိုတော့ အနိစ္စခန္ဓာကိုယ် တွေ့မို့ … ( မှန်လှပါဘုရား ) အနိစ္စကတော့ အနိစ္စတော့မဖြစ်နိုင်ဘူးပေါ့ဗျာ၊ ဖြစ်နိုင်ပါ့မလား … ( မဖြစ်နိုင်ပါ ဘုရား ) ။
အဲ - ကိုထွန်းအောင် ဖြစ်ပါ့မလား .. ( မဖြစ်နိုင်ပါဘုရား ) မဖြစ်နိုင်လို့ရှိရင် ဘာဖြစ်မယ်ထင်သတုံး ... ( ပြုတ်ကျမှာပါ ) အေး - ပြုတ်ကျမှာပဲဆိုကြစို့ ၊ လောကီအမြင်နဲ့ ပြောရင်နော် ။
လောကီအမြင်နဲ့ ပြောရင် ဒကာ ဒကာမတို့ ဘာဖြစ်လိမ့်မယ်ထင်သလဲ … ( ပြုတ်ကျမှာပါဘုရား ) အင်း - ပြုတ်ကျတော့ ၊ ဆွဲရာပုဂ္ဂိုလ်ဘက်ပြုတ်မှာ ဆိုတော့ လက်မှမလွှတ် ပဲကိုး ။
သူ့ အားကိုးလို့ရမလားဆိုပြီး တစ်ခါတည်း ဆွဲလိုက်တာ၊ ဆွဲလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဒီ သစ်ပင်က တခြားကိုပြုတ်ကျသလား၊ ဆွဲသောပုဂ္ဂိုလ်ပေါ် ပြုတ်ကျပါတယ် ဘုရား ) ။
အေး - ဒါကြောင့် သုသာန်များသွားကြည့်စမ်းပါ၊ ပြုတ်ကျလို့ပိပြီးသကာ ငိုနေတဲ့ ပုဂ္ဂိုလ်တွေ ၊ ကျုပ်ဖြင့် ကိုယ်ကျိုးကြီးနည်းပြီ သားတစ်ယောက်ကယ်လို့ အလွန်လိမ္မာတယ်ဆိုပြီး အားကိုးတစ်ကြီးထား လိုက်တာ အခုဖြင့် တစ်ခါတည်း အမေ့ပေါ်ဒုက္ခရောက်ပါပေါ့လား၊ အမေကိုးစားရာမယ့်ဖြစ်ပါပေါ့လား ဆိုပြီး တစ်ခါတည်းငိုချင်းချတာ… ( မှန်ပါ့ ) ။
ပြုတ်ကျတဲ့သဘောတွေ၊ တချို့ လည်းခင်ပွန်းသေတာနဲ့ပြုတ်ကျတယ်၊ ဒီမိန်းမအပေါ်မှာပြုတ်မကျ ဘူးလား .. . ( ပြုတ်ကျပါတယ် ) တချို့ လည်းခင်ပွန်းသေတာနဲ့ စိတ်မကောင်း ၊ လက်မကောင်းနဲ့ တစ်ခါ တည်း ကိုယ့်အပေါ်ပဲပြုတ်မကျဘူးလား … ( ကျပါတယ်ဘုရား ) ။
သြော် - ဆွဲတဲ့ပုဂ္ဂိုလ်ပေါ် ပြုတ်ကျတာပေါ့ ၊ ဒကာ ဒကာမတွေ ဒီသစ်ပင်က မဆွဲရင် သူ့အလိုလိုပြုတ် ရင် မြစ်ထဲပြုတ်ကျမှာပေါ့ ၊ ချောင်းထဲပြုတ်မှာပေါ့ ( မှန်ပါ့ ) ။
ခင်ဗျားတို့က ရေမျောလာတဲ့ ပုဂ္ဂိုလ်တွေဖြစ်နေတော့ အားကိုးရှာတော့ သူ့ဆွဲ ဆွဲတော့ ကိုယ့်အပေါ် ပြုတ်ကျ ( မှန်လှပါ ) ကိုယ့်အပေါ်ပြုတ်ကျတော့ ကိုယ့်အပေါ်ပိ၊ ကိုယ့်အပေါ်ပိတဲ့ အခါကျတော့ ကိုယ်သာ လျှင်မြှုပ် ( မှန်ပါ့ဘုရား ) ။
သြော် - ဒကာ ဒကာမတွေ ရှေ့ လမ်းခရီးဘာများဖြစ်ပါလိမ့်မလဲဆိုတော့ တွေးသာကြည့်ကြပေ တော့ ၊ ဆွဲတာတွေကဖြင့် ခင်ဗျားတို့ ခိုင်တာဆွဲမိသလား ၊ မခိုင်တာဆွဲမိသလား ( မခိုင်တာဆွဲမိပါတယ် ဘုရား ) ။
သားရယ်လို့အားကိုးတယ်၊ အနိစ္စဆွဲလိုက်လို့ ဒီအပေါ်ပဲပြုတ်ကျတာပဲ၊ သမီးရယ်လို့ အားကိုးပြန် ရော(အနိစ္စမို့ ဒီအပေါ်ပဲ ပြုတ်ကျမှာပါ ) ပြုတ်ကျအားကိုးတဲ့ အပေါ်မှာသာပြုတ်ကျမယ် ဒကာစိန်ရ၊ သူများအ ပေါ် ပြုတ်ကျမယ်ထင်သလား .. ( မထင်ပါဘူးဘုရား ) ဘယ်သူပြုတ်ကျမယ်ထင်သတုံး…( အားကိုးတဲ့လူ အ ပေါ်မှာသာပြုတ်ကျမှာပါ ) ။
အင်း - ခင်ဗျားတို့ကလဲ အားကိုးလေးမရှိရင် နေလို့မဖြစ်ကြဘူး၊ အင်း - သား လင် ခင်ပွန်းပဲအားကိုး ထား မရှိရင် ကျုပ်တစ်ကောင်ကြွက်ခက်ရချည်ရဲ့ ကိုး ။
ကျုပ်တစ်ကောင်းကြွက်ခက်ရချည်ရဲ့ ကိုးဆို အားကိုးရှာ၊ အားကိုးရှာတော့ အနိစ္စတွေဖြစ် .. ( မှန်လှ ပါဘုရား ) ။
အနိစ္စတွေမို့ ပြုတ်ပြုတ် ပြုတ်ပြုတ်ပြီးအနိစ္စသဘောတွေလည်း ပြောလိုက်ပါရော၊ ဒီပြုတ်ကျခံရတဲ့ ပုဂ္ဂိုလ်မျက်ရည်ကြီးငယ်ကျပြီးသကာလသံသရာရေယာဉ်ကြောထဲမှာ တဏှာရေကမျောပြီးလာရတဲ့အထဲမှာ မခိုင်လို့ပြုတ်ကျတာတွေကို အနိစ္စတွေကို အနိစ္စမကျေနပ်တာနဲ့ ဒကာ ဒကာမတွေ အနိစ္စဖြစ်တာကို မကျေနပ်တော့ ဒေါမနဿတွေနဲ့ ရေထဲမှာမျောရတယ် ။
ဒေါမနဿမျောတဲ့အခါကျတော့ တော်တော်ကြာကျတော့ ပိပါများတော့၊သားကိစ္စတွေကြုံရတာ များ၊ ခင်ပွန်းကိစ္စတွေ ကြုံရတာများ၊ ဆွေမျိုးညာတကာကိစ္စတွေဆိုတဲ့ ကမ်းနားသစ်ပင်တွေအတွက် ပြုတ် ပြုတ်ကျတာများတော့ ကိုယ့်အပေါ်မှာပဲ အကုန်ပိတယ် ၊ သဘောကျပလား ( ကျပါတယ် ) ။
ကိုယ့်အပေါ်မှာအကုန်ပိပြီးသကာလ၊ မြေစိုင်နှင့်တကွ ပြုတ်ကျတဲ့သစ်ပင်တွေသည် ဆွဲသောပုဂ္ဂိုလ် အပေါ်မှ တစ်ပါးဘယ်များရွေ့ သေးလဲ.. ( ဘယ်မှမရွ့ ပါဘုရား ) သူကသွားဆွဲတော့ သူအပေါ်မှာပေါ့ဗျာ ။
ဒါဖြင့် ဒကာ ဒကာမတွေ အဆွဲလွဲလို့ရှိရင်ဖြင့် မျောပွဲကနေပြီးမြှုပ်ပွဲတောင်ရှိတော့တယ်ဆိုတာဖြင့် ဘုရားဟောတော်မူတယ် ၊ ရိပ်မိပလား … ( ရိပ်မိပါပြီ ) ။
ဆုတောင်းဆိုတာ တဏှာ
ခင်ဗျားတို့သည်ကားဆိုလို့ရှိရင်ဖြင့် မျောပွဲကြီးကဖြင့် လူ့ဘ၀မျောလာတာ အထင်အရှားပဲ၊ ဆုတောင်းနဲ့မျောလာခဲ့ကြတယ်၊ ဆုတောင်းဆိုတာ တဏှာပေါ့ဗျာ၊ အဲဒီတဏှာရေနဲ့ မျောလာခဲ့ကြတယ်၊ ဆုတောင်းဆိုတာ တဏှာပေါ့ဗျာ ၊ အဲဒီ တဏှာရေနဲ့ မျောလာကြတဲ့လူ့ဘ၀မှာ လူရယ်လို့ဖြစ်လာကြပြန်ပြီဆို တော့ အားကိုးတွေရှာလိုက်လို့ ရှေးကပြုတ်ကျခဲ့လို့ ကိုယ့်မျက်ရည်ကြီးငယ် ကျခဲ့ရပြီ ။
နောက်ဆက်မှာတွေကလည်း ဘာတွေဘာတွေပါလိမ့် … ( ပြုတ်ကျမှာပါဘုရား ) ပြုတ်ကျမှာချည်း ပဲ၊ သဘောကျပလား … ( ကျပါပြီ ) မျက်ရည်ကြီးငယ်ကျမှာ ပြုတ်မျမှာချည်းဆိုတာ မသေချာဘူးလား … ( သေချာပါတယ်ဘုရား ) ။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ဆွဲနေတဲ့၊ ငင်နေတဲ့ ဥစ္စာတွေဟာ အနိစ္စတွေဟာ အနိစ္စမမြင်တော့ ဆွဲလိုက်တာပေါ့ ၊ဆွဲမိတဲ့အခါပြုတ်ကျတာပေါ့ ၊ ပြုတ်ကျတော့ ဆွဲတဲ့ပုဂ္ဂိုလ်မှာပိတာပေါ့ ။
ပိတဲ့အခါကျတော့ မျောရုံမက မြှုပ်တဲ့ဆီကိုကျသွားတယ်၊ မျောရုံမက မြုပ်တဲ့ဆီကို ကျသွားတာ ၊ သြော် - ဒါကြောင့် သံသရာကျင်လည်ရတဲ့ ၊ သံသရာရေထဲမျောတဲ့ပုဂ္ဂိုလ်၊ ဘယ်များသွားကြပါလိမ့်မလဲဆို တော့ အထဲတည်းပဲ မြုပ်ချည်းပဲ၊ ရိပ်မိကြပလား …. ( ရိပ်မိပါပြီ ) ။
အထဲတည်းပဲလို့ ဘာပါလိမ့် … ( အမြုပ်ချည်းပါ ဘုရား ) အထဲတည်းပဲ အမြုပ်ချည်းပဲဆိုတာ ကျေ နပ်ကြပလား.. . ( ကျေနပ်ပါပြီဘုရား ) ဘယ်လောက်များ ကြောက်စရာကောင်းသလဲ .. ( ကောင်းပါတယ် ဘုရား ) ။
ဒကာ ဒကာမတွေ ဒါ သူများပြောလား၊ ကိုယ်တိုင်ကောတွေ့ ပြီးပလား … ( ကိုယ်တိုင်တွေ့ ပြီးပါပြီ ဘုရား ) ။
အားကိုလိုက် ပြုတ်ကျလိုက်
အင်း - ခိုင်မလားလို့ အမေရယ်လို့ အားကိုလိုက်ပြုတ်ကျလိုက်၊ အဖေရယ်လို့ အားကိုးလိုက် ပြုတ် ကျလိုက် အင်း - ခင်ပွန်းရယ်လို့ အားကိုးလိုက် ( ပြုတ်ကျလိုက် ) မောင်ဖားရယ်လို့ အားကိုးလိုက် … ( ပြုတ်ကျလိုက် ) ။
အေး - တပြုတ်တည်းပြုတ်ပြီးသကာလ ဘယသူ့ အပေါ်ပိပါလိမ့် ( ကိုယ့်အပေါ်ပိပါတယ်ဘုရား ) ဒါ အားကိုးတဲ့ပုဂ္ဂိုလ်ပေါ့ဗျာ၊ အားကိုးတဲ့ပုဂ္ဂိုလ်အပေါ်မှာ မပိဘူးလား ( ပိပါတယ်ဘုရား )
ဒါကြောင့် ဒကာ ဒကာမတို့ သုသာန်သွားပြီး သကာလ အသုဘပို့ကြတဲ့အခါ မြင်ပါလိမ့်မယ်၊ ဘာပြု လို့ ငိုတာတုန်း ? ခဲနှင့်တကွ မြေစိုင်ပါပိလို့ငိုတာ … ရိပ်မိပလား .. ( ရိပ်မိပါပြီ ) ။
သုသာန်ငိုကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာဖြစ်လို့ပါလိမ့် ၊ ( ခဲနှင့်တကွ မြေစိုင်ပါပိလို့ ငိုတာပါဘုရား ) ၊ ကမ်းနားသစ်ပင်သွားပြီး တစ်ခါတည်း ခိုကိုးရာအားထားရာ ဆိုပြီး ဆွဲလိုက်တော့ ၊နဂိုက ကမ်းနားသစ်ပင်၊ အနိစ္စပင်ပါလို့ ပြောထား ဒါပဲ … ( မှန်လှပါဘုရား )။
ကမ်းနားသစ်ပင်ဆိုတာ ဒကာစိန်တို့ မြင်ဖူးလိမ့်မယ်၊ အမြစ်တွေရေစားလို့ ဘာမှတွယ်တာစရာ ကမ်းလဲမရှိဘူးတဲ့ ၊ ရေထဲတန်းလန်းကြီးကျနေတယ်၊ အဲဒါသွားဆွဲတာ ။.
အဲဒါ သွားဆွဲတော့ ဆွဲတဲ့ပုဂ္ဂိုလ်မှာ ဒီပင်လုံးကြီးက ပိမလာပေဘူးလား … ( လာပါတယ်ဘုရား ) သူက ယူလာတဲ့မြေစိုင်က ကိုယ့်ပါးစပ်ထဲဝင်၊ မျက်လုံးထဲမ၀င်ပေဘူးလား… ( ၀င်ပါတယ်ဘုရား ) ။
အမလေး ဆင်းရဲတဲ့အထဲမှာ အမောတိုးလာသေးတယ်၊ ဒုက္ခပိုလာသေးတယ်၊ မဆိုထိုက်ဘူးလား … ( ဆိုထိုက်ပါတယ်ဘုရား ) ။
အဲဒါကြောင့် ဒကာ ဒကာမတို့ မျောနေတဲ့ အထဲမှာ မြုပ်စရာအကြောင်းတွေ ခင်ဗျားတို့က အားကိုးအားထား ထားကြပြန်တော့ ဒီဒကာ ဒကာမတွေအတွက် ဘယ်လိုကပ်၊ ဘယ်လိုဆယ်ရပါ့မလဲဆို တာ ဘုရားသခင်ကိုယ်တော်မြတ်နှင့် တကွ ဘုန်းကြီးတို့လို အသိဥာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေက ဒါဒီလိုကယ်မှဖြစ် တော့မှာပဲ၊ သူတို့ဟာကဖြင့် မျောမှန်းလည်းမသိဘူး။ ကမ်းနားသစ်ပင်လည်း ဆွဲချင်သေးတယ်။
မျောရာမှ မြုပ်မှာစိုးလို့ တရားဟောနေရတယ်
မျောနေတာလဲ သူတို့မသိ၊ ကမ်းနားသစ်ပင်ခိုင်မခိုင်လည်း သူတို့ကမကြည့်၊ မျောလည်းနေသေး တယ်၊ ခိုင်တာလည်းမကြည့်ပဲနဲ့ အရမ်းဆွဲရင်ဖြင့် မျောရာက မြုပ်ရှာတော့မယ်ဆိုပြီးတရားဟောနေရတယ် … ( မှန်ပါ့ ) ရိပ်မိပလား … ( ရိပ်မိပါပြီ ) ။
ဘယ်အတွက်ကြောင့် တရားဟောနေရလဲ … ( မျောရာကမြုပ်တော့မှာမို့လို့ပါဘုရား ) အေး ဒါကြောင့် ဘုရားပွင့်လာတာလည်း ဒကာ ဒကာမတွေ ဤအတိုင်းသာမှတ်ကြပါ ။
မျောနေတဲ့အထဲမှာ အားကိုးလွဲပြီး ဆွဲလိုက်ပြန်လို့ရှိရင်ဖြင့် သူတို့အပေါ်ပိပြီး သူတို့သာလျှင် ဖိ ၊ သူတို့သာလျှင်မြုပ်၊ ဒီလိုဖြစ်မှာစိုရိမ်တဲ့အတွက် ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် တရားထူးတရားမြတ် တွေကို ယခုကိုယ်တော်မြတ်ကြီး ဟောကြားဆုံးမတဲ့အတိုင်း ဘုန်းကြီးများက ဒကာ ဒကာမတွေ မျောနေတာ မြင်လို့ ဒီအတိုင်းသာ၊ ငါပစ်ထားလိုက်ရင် မြုပ်ချေသေးရဲ့ ဆိုတာ သေချာတယ်၊ မသေချာဘူး လား… ( သေချာပါတယ်ဘုရား ) ။
ဘယ်လိုသေချာသတုံးဆိုတော့ ကြည့်စမ်းတဲ့ ဒကာ ဒကာမတို့ အမေအားကိုးတော့ အမေပြုတ်ကျ တယ်၊ ပြုတ်ကျမှာပေါ့ ၊ သူက ဘာအမျိုးတုံးဆိုတော့ အနိစ္စအမျိုး၊ ကမ်းနားသစ်ပင်မျိုး ဘုရား ၊ အနိစ္စမျိုး … ( မှန်လှပါ ) ။
အဖေအားကိုးတော့ ( ကမ်းနားသစ်ပင်မျိုးဘုရား ) အနိစ္စမျိုး၊ ဆိုတော့ ဘယ်သူ့အပေါ် ပြုတ်ကျသ တုံး… ( အားကိုးတဲ့ ပုဂ္ဂိုလ်အပေါ်ပါ ) ၊ အားကိုးတဲ့ ပုဂ္ဂိုလ်အပေါ်ပေါ့ ဒကာစိန်ရ၊ အမေအားကိုး၊ အဖေအားကိုးတဲ့ ပုဂ္ဂိုလ်အပေါ်ပေါ့ ၊ သဘောကျပလား .. ( ကျပါပြီ ) ။
အဲတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြုတ်ကျပြီး ကြပါပြီလို့ ကိုထွန်းအောင်ဆိုရင် လွဲပါ့မလား … ( မလွဲပါဘုရား ) အင်း - ဒါကြောင့် ခင်ဗျားတို့ အတွက်မှာဖြင့် ရှေးကပြုတ်ကျတာတောင်ခုထက်ထိအဆွဲ လက်မလျော့ဘူး … ( မှန်ပ့ါ ) ။
တဏှာက အမျောသမား
တွေ့ရင် စွဲဦးမတဲ့ ၊ ခင်ဦးမဟဲ့ ၊ မင်ဦးမဟဲ့ ၊ အားကိုးဦးမဟဲ့ ဆိုပြီး ခင်ဗျားတို့ မျောသက်ရှည်ကြီးနဲ့ အခုတစ်ခါ ဆွဲဦးမဟဲ့လို့ လုပ်နေကြပြန်ပြီ ( မှန်ပ့ါ ) ။
ပြုတ်ပါလိမ့်ဦးမယ် ၊ ပိပါလိမ့်ဦးမယ် ၊ မြုပ်ပါလိမ့်ဦးမယ်လို့ ဆိုတာ မပြောထိုက်ဘူးလား .. ( ပြော ထိုက်ပါတယ် ဘုရား ) ၊ အင်မတန်စိုးရိမ်လို့ပြောတာနော် ။
ခင်ဗျားတို့ကကော အမျောရပ်ပလား .. ( မရပ်သေးပါဘုရား ) မရပ်သေးဆိုတာကလည်း တခြားမဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ တဏှာမသေသေး၊ မရပ်သေး ၊ ဟုတ်ပလား၊ တဏှာမသေသေးတဲ့ အခါကျတော့ အမျောတော့ရပ်ပါ့မလား ( မရပ်ပါ ) ။
သက္ကာယဒိဋ္ဌိက အဆွဲသမား
သက္ကာယဒိဋ္ဌိမပြုတ်သေးတော့ ဆိုင်တယ်ထင်ပြီး တစ်ခါအားကိုးကြလိမ့်ဦးမယ်၊ တဏှာနဲ့သက္ကာယ ဒိဋ္ဌိ၊ တဏှာကအမျောသမား ၊ သက္ကာယဒိဋ္ဌိက မခိုင်တာ ခိုင်တယ်လို့ ထင်ပြီး ဆွဲသမားပေါ့ဗျာ ။
အဲဒီ ဆွဲချလိုက်တဲ့ အခါကျတော့ ကမ်းနားသစ်ပင်နဲပ တူတဲ့အနိစ္စခန္ဓာကိုယ်တွေ ၊ ဆွဲမိမှာပေါ့ ၊ ဆွဲမိ တော့ ဆွဲသောပုဂ္ဂိုလ်အပေါ်မှာပဲ ပြုတ်ကျတယ်၊ ဒကာ ဒကာမတွေ ရိပ်မိပလား ..( ရိပ်မိပါပြီ ) ။
အဲဒါဖြင့် ဒကာ ဒကာမတွေ ယခု ဘယ်အခြေအနေ နေသတုံးဆိုတော့ မျောတုံးပါပဲဘုရား ၊ မျောလို့ ရှိရင် ကမ်းနားသစ်ပင်မဆွဲစေနဲ့ဆိုတော့ တပည့်တော်တို့က အားကိုးမရှိရင် နေဖြစ် ။
ဆိုပြီးသကာလ ၊ သားအားကိုး၊ သမီးအားကိုး၊ ခင်ပွန်းအားကိုး၊ ပစ္စည်းအားကိုး ၊အဲဒါတွေက အနိစ္စ တွေ၊ ပြုတ်ချည်းကျနေတယ် ။
ပစ္စည်းဆိုတာက အခုရှိလိုက်၊ တော်ကြာမရှိလိုက်၊ အနိစ္စကိုး… ( မှန်ပါ့ ) သား၊ လင်၊ ခင်ပွန်း ဆိုတာ ကလည်း အခုအကြောင်းညီညွတ်တယ် ၊ တော်ကြာအကြောင်း မညီညွတ်ဘူးဆိုတာ အနိစ္စ … ( အနိစ္စပါဘု ရား ) ၊ သဘောကျပလား … ( ကျပါပြီ ) ။
သမီးလေးအားကိုး ၊ ကြီးရင်အားကိုးရမယ်ဆိုပြီး ဖျပ်ခနဲ ၊ ဖျပ်ခနဲ ပျက်စီးသွားပြန်တော့ ၊ သစ်ပင်လို ပဲ ပြုတ်ပြုတ်ကျတယ် ။ ဒီအမေကြီး ခက်ပါပေါ့လား ၊ ဒီအဖေကြီးခက်ပါပေါ့လားဆိုတာ ရိပ်မိပလား .. (ရိပ်မိ ပါပြီ ) ။
ပြုတ်ကျလို့ ငိုကြတာဗျ ဟုတ်လား၊ ငါဖြင့် နင်ဒုက္ခရောက်အောင်လုပ်ပစ်ခဲ့တာပဲ ၊ ဆိုတာကမ်းနား သစ်ပင်ပြုတ်ကျတာ … ( မှန်ပ့ါ ) ကမ်းနားသစ်ပင်ပြုတ်ကျတုန်းက ဟိုမှာ အော်လိုက်တဲ့ဖြစ်ခြင်း၊ တစ်ခါတည်း တက်သွားမတတ်အော်လိုက်တယ် ။
ဘာဖြစ်ကြတာတုံး… ( ကမ်းနားသစ်ပင်ပြုတ်ကျတာပါ ) ဒီကခိုင်တာဆွဲတာ ၊ မခိုင်တာ ဆွဲတာ လား … ( မခိုင်တာဆွဲတာပါဘုရား ) ။
ဒါအနိစ္စသွားဆွဲတာကိုး၊ နိစ္စ နိဗ္ဗာန်ဆွဲလိုက်ပါလား၊ ဘယ်တော့ပြုတ်ကျမှာတုံး၊ အခုတော့ သူအဆွဲလွဲလို့ သူ့အပေါ်ပြုတ်ကျတာကို၊ ကျုပ်ကယ်ကြပါဦး ဆိုတော့ မကယ်နိုင်ဘူးသာ ပြောလိုက်နောက် ကို … ( မှန်လှပါ ) ၊ ရိပ်မိပလား .. ( ရိပ်မိပါပြီ ) ။
ဘယ်လိုငိုနေနေ ခင်ဗျားတို့က ဘယ်လိုအောက့်မေ့ကြမတုံး၊ သူ့အဆွဲလွဲလို့ သူ့ဟာသူပိတာဆို သေ သေကွာလို့လုပ်၊ ဒကာစိန် ရိပ်မိပလား… ( ရိပ်မိပါပြီ ) ပိလဲ မကယ်နိုင်ပါဘူး ၊ပြောရုံသာပဲ ( မှန်ပါ့ ) အေး ဒကာစိန်တို့က ပြောမှာပဲလေ ….( မှန်ပါ့ ) ။
မင်းတင်သေတာမဟုတ်ဘူး၊ မင်းဆွေမျိုး ၊ မင်းအဖေ၊ မင်းခင်ပွန်းတင်သေတာမဟုတ်ဘူး၊ တစ်မြို့  လုံးသေမျိုးချည်းပဲကွ ( မှန်လှပါဘုရား ) ၊ ဒီလိုတော့ ဒကာစိန်တို့လည်း သုံးမှာပဲ … ( သုံးပါတယ်ဘုရား ) ၊ သုံးမှာပဲ ။
သို့သော် ကိုယ်ကလည်း မျောတုန်း ၊ ဆွဲလည်းဆွဲတုံး ၊ ဆွဲတုန်းဆိုတော့ ကိုယ်လည်းမြုပ်ပြန်၊ မျောပြန်တဲ့အခါ၊ ငါ့ ကယ်ကြပါဦး ၊ ကူကြပါဦး မလုပ်နဲပဦး ၊ ရိပ်မိပလား … ( ရိပ်မိပါပြီ ) ။
ခင်ဗျားတို့ အားကိုးလေသမျှ ယခုကစပြီး မခိုင်မှန်းသိကြပါတော့ ၊ သားလေးအားကိုလည်း ရုပ်နဲ့ နာမ်ပဲ အနိစ္စဘုရား ၊ အားကိုးလို့ ဖြစ်ဘူးဘုရား ၊ သဘောကျပလား ( ကျပါပြီ ) ။
အဲ့တော့ကို သမီးလေးအားကိုးပြန်လည်း အင်း - ဒါလေးတွေဟာလည်း ဘာလေးတွေပါလိမ့် … ( အနိစ္စပါဘုရား ) ကမ်းနားသစ်ပင်အနိစ္စ ရိပ်မိကြပလား ….( ရိပ်မိပါပြီ ) ။
ခင်ပွန်းအားကိုးလိုက်ပြန်တော့လည်း ..( ကမ်းနားသစ်ပင်အနိစ္စပါ )ခင်ပွန်းမအားကိုးလိုက်ပြန်တော့ ကော… ( ကမ်းနားသစ်ပင်အနိစ္စပါဘုရား ) ။
လောကကြီးထဲမှာ ခိုကိုးရာမရှိ
ဒါဖြင့် လောကကြီးထဲမှာဖြင့် ခိုကိုးရာ ၊ အားထားရာ ၊ ကိုးစားရာ၊ ဆွဲကိုင်ရာမရှိပါဘူး… ( မှန်ပါ့ဘု ရား ) ။
လောကပြင်ဘက်ဆိုတဲ့ နိဗ္ဗာန်သာလျှင် ၊ နိစ္စ နိဗ္ဗာန်ဆိုလို့ ၊ ခိုင်တယ်၊ မြဲတယ် ၊ ဘယ်သူပဲလာအောင်း အောင်း ၊ ဟုတ်လား ၊ နိဗ္ဗာန်ဖြင့် ညှိုးလာတယ် ၊ ကိုင်းလာတယ်၊ ပြုတ်ကျတယ်လို့ မရှိဘူး ( မှန်လှပါဘုရား ) ။
ဒါကြောင့် နိစ္စ နိဗ္ဗာန်၊ ဓုဝနိဗ္ဗာန် ၊ ဒကာ ဒကာမတွေ ဆွဲမိမှာသာလျှင် ပြုတ်ကျတဲ့ဒဏ်ချက်နဲ့ အသက်မထွက်မယ် ဆိုပြီး ဟောရတာ ၊ ရိပ်မိပလား … ( ရိပ်မိပါပြီ ဘုရား ) ။
အခုဖြင့် ဘုန်းကြီးပြောနေတာက ၊ နည်းပါလမ့်ဦးမယ်ထင်ပါတယ်၊ ဒကာ ဒကာမတွေ ပြုတ်ကျတဲ့ ဒဏ်ချက်ပိခဲ့ရတာ ဒဏ်ချက်ပေါင်းဘယ်လောက်ရှိပြီလဲ … ( မရေတွက်နိုင်ပါဘူးဘုရား ) ဒီဘ၀တွင် ဒီဘ၀ တွင် ။
နောက်တုန်းက ပြုတ်ခဲ့ရတာတွေ မြုပ်ခဲ့ရတာ အသာထားစမ်းပါ၊ ဒီဘ၀တွင်ဘဲ ဆွေမျိုးအားကိုးလို့ ဆွေမျိုးသေ၊ အင်မတန်ကုန်အရောင်းအ၀ယ်၊ ကိုယ့်စွံအောင်လုပ်ပေးတဲ့ ပုဂ္ဂိုလ်၊ ကိုယ့်ကုန်းပေးနေတဲ့ပုဂ္ဂိုလ်၊ သူ့အားကိုးနေတယ်၊ သူက ပြုတ်ကျ၊ ဖောက်သယ်တွေပြုတ်ကျ၊ ကိုယ့်အလုပ်တွေက စီးပွားရေးကပြုတ်ကျ။
ဟာ .. ဒါဖြင့် အားကိုးတဲ့ ပုဂ္ဂိုလ်အပေါ်မှာဖြင့် စားမ၀င်၊ အိပ်မပျော်၊ မျက်ရည်ကြီးငယ်ကျပြီး၊ ဒေါသ ဇောနဲ့ ချည်းပဲ မြုပ်လမ်းချည်းသွားနေတယ်၊ ရိပ်မိပလား .. ( ရိပ်မိပါပြီ ) ။
အဲဒါကြောင့်လောကကြီးထဲမှာ ဒကာ ဒကာမတို့ ကမ်းနားသစ်ပင်အနိစ္စသာရှိ၍ ကိုးစားရာ၊အားထား ရာမရှိပါဘူးဆိုတာ ယခုကသေသေချာချာမှတ်ပါ၊ သဘောကျပလား ( ကျပါပြီ ) ။
ကိုင်း - ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သံယုတ်ပါဠိတော်မှာလာတဲ့အတိုင်း ကဲ - ဒါဖြင့် သားလည်း အားမကိုးတော့ပါဘူး၊ အင်း - သားဟူသောအမှတ်သည် ပညတ်ပဲဟ ၊ အကြောင်းညီညွတ်သလို ဖြစ်မှာပဲ ဟ၊ အားကိုးအားထားတော့ဖြင့် မထားတော့ဘူး၊ အဘယ့်ကြောင့်ဆိုသော် ကမ်းနားသစ်ပင်နဲ့တူတဲ့ အနိစ္စဖြစ်သောကြောင့် ။
ခင်ပွန်းလည်း အားမကိုးတော့ပါဘူး၊ ဘာကြောင့်တုံးဗျာ … ( ကမ်းနားသစ်ပင်နဲ့တူတဲ့ အနိစ္စဖြစ် သောကြောင့်ပါ ဘုရား ) ။
မဂ္ဂင်ဖောင်သာအားကိုး
အဲတော့ ဒကာ ဒကာမတို့ ဘယ်သူ့အားကိုးကြမလဲလို့မေးလို့ရှိရင်ဖြင့် အခုဘုန်းကြီးဟောလတ္တံ့ ဖြစ် တဲ့ မဂ္ဂင်ဖောင်ကြီးသာ အားကိုးပါ… ( မှန်လှပါဘုရား ) ။
ဘယ်လိုလှိုင်း၊ ဘယ်လိုလေ၊ ဘယ်လိုပဲ၊ ဘယ်လိုရေကြော၊ ဘယ်လိုရေကြောင်း သူ့ဖြင့်မြုပ်အောင်၊ မျောအောင်မလုပ်နိုင်ဘူး ။
ဆန်တက်တဲ့မဂ္ဂင်ဖောင်ကို၊ ကိုယ်ပိုင်၊ ကိုယ်တုင်ရမှသာလျှင် ဘယ်သူ့မှအားမကိုးရပဲနဲ့ ၊ ကိုယ်အပေါ်ပြုတ်ကျတာ လွတ်ပြီးသကာလ၊ ဒကာ ဒကာမတွေ ဆန်တက်တဲ့နိဗ္ဗာန်၊ ခိုင်မြဲတဲ့နိဗ္ဗာန်ကို သူက ယူဆောင်ပို့ပါလိမ့်မယ်၊ သဘောကျပလား …. ( ကျပါပြီဘုရား ) ။
ဒါဖြင့် ယခုအခြေနေဖြင့် ဖောင်မရှိရင်ခက်သေးတယ်၊ မခက်ပေဘူးလား… ( ခက်ပါတယ် ) ။
အဲဒါကြောင့် ယနေ့ဖြင့် မဂ္ဂင်ဖောင်ကြီးဆင်ပြီးသကာလ ဒကာ ဒကာမတွေ ဟောဒီမဂ္ဂင်ဖောင်ဝမ်း ထဲက မထွကစေနဲ့ ( မှန်လှပါဘုရား ) ။
ဟောဒီမဂ္ဂင်ဖောင်ဝမ်းထဲက မထွက်စေနဲ့ ဆိုတာဖြင့် ဘုန်းကြီး အရေးတကြီးပြောရလိမ့်မယ်။
မပြောလို့ရှိရင် ဒကာစိန်ရ ၊ ဒကာ ဒကာမတွေက ကမ်းနားသစ်ပင်တွေ လျှောက်ဆွဲနေပြန်ပြီ ၊ ဘာ ဖြစ်စရာမြင်တုံး … ( ပြုတ်မှာမြုပ်မှာပါ ) အေး - သူ့မျက်လုံးထဲဝင်ပြီးသကာလ ဆူးတွေစူးပြီးသကာလ၊ သူ သာလျှင် မြုပ်စရာ၊ မျောစရာ မသေချာဘူးလား … ( သေချာပါတယ်ဘုရား ) ။
လောကကြီးထဲ အားကိုးရာမရှိ
အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ လောကကြီးထဲမှာဖြင့် အားကိုးရာမရှာလိုက်ကြပါနဲ့ ၊ မရှိလို့ ပြောနေပါတယ်၊ ( မှန်လှပါဘုရား ) ရိပ်မိပလား … ( ရိပ်မိပါပြီ ) ။
ရှိလို့ပြောတာလား မရှိလို့ပြောတာလား .. ( မရှိလို့ပြောတာပါဘုရား ) ကိုယ်ကိုယ်တိုင်ဆွဲကြည့်လို့ ပြုတ်ကျတာတွေမြင်ပါလျက်သားနဲ့ ဒကာ ဒကာမတို့ ကြီးတဲ့ပုဂ္ဂိုလ်မို့ သေတာ ၊ ငယ်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖြင့ိ ကိစ္စမရှိဘူးလို့များထင်သေးသလား… ( မထင်ပါဘူးဘုရား ) ။
ငယ်တဲ့ ပုဂ္ဂိုလ်လည်း ကမ်းနားသစ်ပင်အနိစ္စပဲ၊ သဘောကျပလား ..( ကျပါပြီ ) ။
အဲဒါနဲ့ပဲ ဘေးကဟာတွေအားကိုးလို့ ပြုတ်ကျတာတွေမြင်တော့ တချို့ ဒကာ ဒကာမတွေက ဒီလောက်ပြုတ်ကျနေတာတောင်မှ ကိုယ်မြုပ်မျောတဲ့သဘောတွေ ကိုယ့်ဟာ ကိုယ်တွေ့ နေတာတောင်မှ မလျော့သေးဘူးဟ ။
ကိုယ့်ဟာကိုယ် အားကိုးဦးမယ်ဆိုပြီး ကိုယ့်ခန္ဓာငါးပါး ကိုယ်အားကိုးပြန်တယ်၊ မှန်ပါ့ ၊ ဖျင်းလိုက်တဲ့ ဖြစ်ခြင်း မပြောပါနဲ့တော့ ၊ မပြောပါနဲ့တော့ ကိုထွန်းအောင်ရေ…( မှန်လှပါဘုရား ) အားကိုးပြောင်းပြန်ပြီဗျာ ။
ကိုယ်ခန္ဓာ ကိုယ်အားကိုးပြန်တယ်
ဘယ်လိုများပြောင်းလိုက်ပါလိမ့် … ( ကိုယ့်ဟာကိုယ် အားကိုးပါတယ်ဘုရား ) ကိုယ့်ခန္ဓာကိုယ် ကိုယ်အားကိုးပြန်တော့လည်း အင်း - သူများအားကိုးနေရတာ၊ သူများအားကိုးတာတွေသည် ဘာမှအသုံးမ ကျခဲ့ဘူး၊ ကိုးစားရာ ဘာမှမရခဲ့ဘူး ။
ကိုယ့်လက်ကိုယ့်ခြေနဲ့ ကိုယ့်ဟာကိုယ်ပဲ အားကိုးပါတော့မယ် ဆိုပြီးသကာလ ကြက်မဖြစ်စေကာမူ တွန်ပဟဆိုတဲ့သဘောလေး၊ မိန်းမစွမ်းကောင်းတွေရှိသေးတာကိုးဗျ၊ ရိပ်မိပလား … ( ရိပ်မိပါပြီ ) ။
အဲဒီကဲ့သို့ ကိုယ့်ဟာကို အားကိုးပါဦးမယ်ဆိုပြီးအားကိုးပြန်တော့လည်း ဘာအားကိုးသတုံးဆိုတော့ မျက်လုံးအားကိုးတယ်… ( မှန်ပါ့ ) ။
နားရှိတော့ ( နားအားကိုးတယ် ) အေး - ဒီလိုမျက်လုံးက ကိုယ်တိုင်မြင်ပြီး ကိုယ်တိုင်ကြားဖော်ရရင် ထမ်းတစ်လုပ်ကိစ္စမရှိဘူး၊ ကိုယ့်ဟာကိုယ် ကိုယ့်မျက်လုံးနဲ့ ကိုယ့်နားအားကိုးတယ် ။
အမလေး… ဒကာ ဒကာမတို့ မခိုင်တာပြောင်းလိုက်ပြန်ပြီ ။
အရင်မခိုင်တာတွေသိလျက်သားနဲ့ နောက်မခိုင်တာကိုင်ပြန်ပေါ့လား၊ တယ်လည်းဆိုးပါလား…. ( မှန်လှပါဘုရား ) ။
ဟေ့ - ဒေါ်အုန်းခင်ကြီး သဘောကျပလား … ( ကျပါပြီဘုရား ) အခုကြည့်ပါ၊ ကိုယ့်ကိုယ်ကိုယ် အားကိုးမယ်ဟေ့ဆိုပြီးသကာလ နေတဲ့မုဆိုးမတွေလည်း ရှိတယ်၊ မုဆိုးဖိုတွေလည်းရှိတယ်၊ ဒကာစိန် စောင်းတယ်များ အောက်မမေ့နဲ့ … ( ကိစ္စမရှိပါဘူးဘုရား ၊ ခံနိုင်ပါတယ် တပည့်တော် ) ၊ ကဲ - ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကိုယ် အားကိုးမယ်ကွ ဘယ်သူမရှိ ၊ ရှိရှိ ထွက်သွားကွ ဘာမှ အရေးမကြီးဘူးကွဆို တော့လည်း သူ့ဟာက အနိစ္စပြန်ပြီးဆွဲပြန်တာပဲ ။
ဝေဒနာက္ခန္ဓာကြီး အားကိုးပြန်တယ်
ဘယ်သူ့အားကိုးပြန်လည်းဆိုတော့ ခန္ဓာငါးပါးအားကိုးပြန်တယ် ။
မျက်လုံးဆိုတော့ ဥပေက္ခာကို သွားအားကိုးလိုက်တယ်၊ နားဆိုတော့ ဥပေက္ခာဝေဒနာ ( အားကိုးပါ တယ် ) ။ အေး - နှာခေါင်းဆိုတော့ ဥပေက္ခာဝေဒနာ ( အားကိုးပါတယ် ) ၊ လျှာဆိုတော့ ဥပေက္ခာဝေဒနာ ( အားကိုးပါတယ် ) ။
အေး - ကိုယ်ဆိုတော့ သုခ ၊ ဒုက္ခ ( အားကိုးပါတယ် ) ။
အေး - ၀မ်းထဲမှာပေါ်တဲ့ကြံလုံး ၊ဖန်လုံးဆိုတော့ သုခ၊ ဒုက္ခ၊ ဥပေက္ခာ ဒါလဲ ( အားကိုးပါတယ်ဘုရား ) ။
အဲဒီတော့ ဝေဒနာက္ခခန္ဓာကြီး သွားအားကိုးလိုက်ပြန်တော့လည်း ၊ ဝေဒနာက္ခခန္ဓာကလည်း အနိစ္စ၊ အင်း လွဲပါလိမ့်ဦးမယ် ၊ ပြုတ်ပါလိမ့်ဦးမယ် ၊ ဘယ်သူ့အပေါ်ပြုတ်မလဲ… ( ကိုယ့်အပေါ်ပြုတ်မှာပါဘုရား ) အားကိုးတဲ့ပုဂ္ဂိုလ်အပေါ်ပဲ ပြုတ်လိမ့်မယ် ၊ ရိပ်မိကြပလား … ( ရိပ်မိပါပြီ ) ။
ရိပ်မိတော့ ဒီနေ့ဟောတဲ့တရားကဖြင့် ဘေးက သား ၊ လင်၊ ခင်ပွန်း၊ ဆွေမျိုးညာတကာလည်း အားမကိုးပါနဲ့ ၊ကိုယ့်ကိုယ်လည်းအားမကိုးပါနဲ့ ပြုတ်ကျမှာ ၊ အနိစ္စတွေသာဖြစ်နေပါတယ်ဆိုတာ သေချာအောင်ပြောတာ … ( ဒါ တယ်အဖိုးတန်ပါတယ်ဘုရား ) ။ ရိပ်မိပလား … ( ရိပ်မိပါတယ်ဘုရား ) ။
သူတပါးလည်း အားမကိုးပါနဲ့ … ( အားမကိုးပါဘုရား ) ပြုတ်ကျမှာချည်းပဲ ၊ ကိုယ့်ခန္ဓာငါးပါးလည်း …. ( အားမကိုးပါဘုရား ) ဘာကြောင့်တုန်း … ( ပြုတ်ကျမှာပါဘုရား ) အနိစ္စတွေလေ ။
ခန္ဓာငါးပါးဟာ အနိစ္စ
သဗ္ဗေသင်္ခါရာ အနိစ္စ - မမြဲပါဘူးဆိုတာ သွားဆွဲလိုက်ရင်တော့ဖြင့် မမြဲသလိုတော့ ပြလိုက်မှာပဲ .. ( ပြမှာပါဘုရား ) ရိပ်မိကြပလား ….( ရိပ်မိပါပြီ ) ။
ကိုယ့်ခန္ဓာအားကိုးတော့ ကိုယ့်ခန္ဓာကလည်း ( အနိစ္စပါဘုရား ) ခင်ဗျားတို့ ရပြီးသားပဲ သဗ္ဗေသင်္ခါရာအနိစ္စာ အလုံးစုံသောခန္ဓာငါးပါးဟာ အနိစ္စဆိုတာ မမြဲပါ ။
မမြဲတာသွားဆွဲရင် ဘာဖြစ်မယ်ထင်သလဲ ( ပြုတ်ကျမှာပါဘုရား ) ပြုတ်ကျရင်ဘယ်သူ့ပိမှာတုံး ( ဆွဲ တဲ့လူပိမှာပါ ဘုရား ) ကိုင်း ဒကာစိန်ရေ ဆွဲတဲ့ပုဂ္ဂိုလ်မှာ ပိမယ်တဲ့ ။
ကွာ ငါကောင်းတာလေးတွေ ကုန်ပါပေါ့လားကွဆိုတော့၊ ကိုယ့်သုခဝေဒနာကလေးတွေ ပျက်သွားတာနဲပ ကိုယ် ဒုက္ခရောက်တယ် ၊ ဟုတ်ဘူးလား ။
ငါ့မျက်လုံးလေးနဲ့ ထမင်းစားနေတာ၊ ဒီမျက်လုံးလေးအခုဒီလိုဖြစ်သွားတာ ငါမခက်သေးဘူးလားဆို တော့ မျက်လုံးဥပေက္ခာဝေဒနာအားကိုးတာနဲ့ ငါပါပိပြန်ပြီ သဘောကျပလား ဒကာစိန် …( ကျပါပြီဘုရား ) ။
ရှင်းကြပလား … ( ရှင်းပါပြီ ) ဥပမာကွာ ဒီစိတ်ကလေးချမ်းသာနေတာ ဘယ်နှယ်တုံးကွာ ၊ ဒုက္ခကြီး လှလှရပါပေါ့လား ၊ သုခဝေဒနာ အနိစ္စလြေးဖြစ်သွားတော့လေ၊ ဒကာ ဒကာမတွေက သုခဝေဒနာနောက်က နေပြီး ဒေါသတွေက လိုက်မလာဘူးလား … ( လိုက်လာပါတယ်ဘုရား ) ။
သူများ အားမကိုးတော့ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ်အားကိုးလိုက်ပြန်တော့လည်း အနိစ္စပဲသွားအား ကိုးမိလိုက်ပြန်လို့ အားကိုးတဲ့ပုဂ္ဂိုလ်ပဲ ပြန်ပိပြန်တယ်၊ အဲဒါကြောင့် ဒီနေ့တရားနာကြတဲ့ ဒကာ ဒကာမတွေ သေသေချာချာမှတ်လိုက်ပါတော့ ။
သား၊ လင်၊ ခင်ပွန်း၊ ဆွေမျိုးညာတကာလည်း အနိစ္စတွေမို့ အားမကိုးလိုက်ပါနှင့်၊ မိမိ ခန္ဓာငါးပါးကြီး ကိုလည်း … ( အားမကိုးလိုက်ပါနဲ့ ) ။
သဗ္ဗေသင်္ခါရာ အနိစ္စာလို့ ခန္ဓာငါးပါးအနိစ္စလို့ ဆိုသောကြောင့် ပြုတ်ကျမှာတွေဖြစ်လေသောကြောင့် လည်း အားမကိုးပါနဲ့ ရိပ်မိပလား .. ( ရိပ်မိပါပြီဘုရား ) ။
မဂ္ဂသစ္စာမြန်မြန်ရအောင်လုပ်ပါ
ဘာအားကိုးရမလဲလို့မေးတော့ နိစ္စနိဗ္ဗာန်ကိုရောက်ရာရောက်ကြောင်းဖြစ်တဲ့၊ မဂ္ဂဿနိယျာနဋ္ဌော ဆိုတဲ့ မဂ္ဂသစ္စာ မြန်မြန်ရအောင် လုပ်ပြီးသကာလ၊ နိဗ္ဗာန်သာဆွဲကိုင်လိုက်ပါတော့ ၊ မဂ်မျက်လုံးနဲ့ နိဗ္ဗာန်ဆွဲ ကိုင်လိုက်ရင်၊ မြဲသည်၊ ခိုင်သည်၊ တည်သည်တန့်သည်၊ ပြုတ်ကျစရာတစ်ကွက်မှ၊ တစ်ဝက်မှ မရှိတော့ပါဘူး ဆိုတာ သေချာမှတ်ကြပါတော့ ။
ဒါကြောင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးကို အနိစ္စကိုပြပြီးသကာလ ဝေဒနာက္ခန္ဓာကြီးကို အနိစ္စ ပြဟောနေတာ မခိုင်မှန်းသိရင် အားမကိုးပါစေနဲ့ ၊အားကိုးရင် မြုပ်မှာစိုးလို့၊ ဝေဒနာက္ခန္ဓာကနေပြီး သကာလ မဂ္ဂင်ဖောင်ကြီးပေါ်လာပြီး နိဗ္ဗာန်အမြင်ဆိုက်ပြီး ဆွဲရာကိုင်ရာရှိပါစေတော့ အသွားနဲ့ ဟောနေတာ.. ( အတော်ကျေးဇူးများပါတယ်ဘုရား ) ရိပ်မိကြပလား … ( ရိပ်မိပါပြီ ) ။
အင်မတန်မှမှတ်သားစရာကောင်းတယ်၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးတန်ဆာဆင်ပြီးသကာလ သံယုတ်ပါဠိတော်ပုပ္ဗ၀ဂ် ခန္ဓ၀ဂ္ဂသံယုတ်မှာ ဒီဟာ ဟောတော်မူတာသည် ဒကာ ဒကာမတို့ အတွက်မျာဖြင့် သြော် ယနေ့နာရတဲ့တရားဟာဖြင့် ဘေးလည်း အားမကိုးနဲ့တဲ့၊ ဆွေမျိုးညာတကာ၊ လင်သားခင်ပွန်း အားမ ကိုးနဲ့ ။
ဘာကြောင့်တုံး… ( အနိစ္စတွေမို့ ပြုတ်ကျမှာစိုးလို့ ။
ဒါတွေ အားကိုးလို့ ဆွဲလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပြုတ်ကျမှာပဲ ၊ နဂိုက အနိစ္စ ကို … ( မှန်ပါ့ ဘုရား ) ။
တော်ကြာ သားသေတယ် ၊ ခင်ပွန်းသေတယ်၊ ဆွေသေတယ် ၊မျိုးသေတယ်၊ အမေသေတယ် ၊ အဖေသေတယ် ဆိုတော့ ခင်ဗျားတို့ မျက်ရည်ကြီးငယ်ကျပြီး နဂိုက အားကိုးထားလို့ သွားဆွဲထားလို့ ဖြစ် တာ ။
မဂ်ဥာဏ်ရရင် အားကိုးရပြီ
သူတို့နှင့် တဏှာ အဆက်ပြတ်ပြီးသကာလ ၊ ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာတွေမဟုတ်ပါဘူး၊ ဒီဥစ္စာတွေ ငါ့ဥစ္စာတွေ မဟုတ်ပါဘူး၊ ငါနဲ့ ဘာမှမဆိုင်ပါဘူး၊ အနိစ္စတွေသာမှန်ပါတယ်လို့များ ၊ အနတ္တတွေ၊ မခိုင်တာတွေ မပိုင်တာတွေသာ မှန်ပါတယ်လို့များ ဥာဏ်ကလေးရလိုက်လို့ရှိရင် ဘယ်သူ့အားကိုးဦးမလဲ …. ( ဘယ်သူ့မှ အားမကိုးပါဘူးဘုရား ) ။
ဘယ်သူ့မှ အားမကိုးတော့လည်း သူတို့ဟာသူတို့ ပြုတ်ကျတာ ကျုပ်တို့နဲ့ဘာဆိုင်သလဲ … ( ဘာမှ မဆိုင်တော့ပါဘုရား ) ။
အခုတော့ ကိုယ့်ကိုယ်တိုင်က မလွှတ်ပဲနဲ့ ဆွဲထားတော့ ဒီ အနိစ္စကြီးပြုတ်ကျတာ ကိုယ့်အပေါ်အ ကုန်ရောက်ကြတာပေါ့ ၊ ဘယ်လောက်များ ကြောက်စရာကောင်းသတုံး ( ကောင်းပါတယ်ဘုရား ) ။
ဒကာ ဒကာမတွေ သူများပြောပလား၊ ခင်ဗျားတို့လက် တွေ့လားမေးချင်ပါတယ်.. ( တပည့်တော်တို့ လက်တွေ့ပါဘုရား ) မျက်ရည်ကြီးငယ်ကျဖူးကြသလား ( ကျဖူးပါတယ်ဘုရား ) ။
ဟ - ဘာဖြစ်လို့တုံး… ( မခိုင်တဲ့ဟာဆွဲလို့ပါဘုရား ) မခိုင်တဲ့ ဟာဆွဲတော့ ဘယ်သူ့ အပေါ်ပြုတ်ကျ တုံး… ( ဆွဲတဲ့ပုဂ္ဂိုလ်ပေါ်ပါဘုရား ) ။
အဲ - ဒါကြောင့် ဒကာ ဒကာမတို့ ငိုတဲ့ ပုဂ္ဂိုလ်တွေတော့ ဘာပြုတ်ကျတုံးမေး ၊ နောက်ကျတော့ ဒကာ ဒကာမတွေ အရင်တွေ့ပြီဆိုမှဖြင့် မျက်ရည်ကြီးငယ်တွေ ကျနေလိုက်တာ ၊ဘာပြုတ်ကျသတုံးမေး၊ သူ့သွားမေး၊ ဟုတ်လား ။
ဘာပြုတ်ကျတုံးမေးတဲ့အခါကျတော့ သားလေးဆုံးလို့ သွားပြီးဆွဲထားတာကိုး ၊ အင်း ဒီဥစ္စာအနိစ္စ၊ ကမ်းနားသစ်ပင်ပဲ ၊ ဘုရားက ဟောထားတာ ၊ ဆရာဘုန်းကြီးကဟောထားတယ် ၊ ဘယ်သူ့မှ ကိုယ်ကမဆွဲ နဲ့ ပြုတ်ကျမှာ ချည်းပဲ ။
ပြုတ်ကျမှာတွေ မဆွဲနဲ့
အငိုလွတ်ချင်လို့ရှိရင် ပြုတ်ကျမှာတွေမဆွဲနဲ့ ၊ အမြုပ်လွတ်ချင်လို့ရှိရင် ပြုတ်ကျမှာတွေကြောင့် ကိုယ်ပေါ်အပိမခံနဲ့ ဆိုတာမဟောထိုက်ဘူးလား… ( ဟောထိုက်ပါတယ် ) ရိပ်မိကြပလား … ( ရိပ်မိပါပြီ ) ။
အခု ဒကာ ဒကာမတွေ စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲနဲ့ နေကထိုင်ကြရတာသည် သုံးနှစ်သုံးသီးတိုင် တိုင် မျက်ရည်ကြီးငယ်ကျပြီးသကာလ စားမ၀င်အိပ်မပျော် ပြုတ်ကျနေလိုက်တာဗျာ … ( မှန်လှပါဘုရား ) ။
မနည်းပါဘူးပြုတ်ကျနေလိုက်တာ ၊ ဒကာ ဒကာမတွေ ပြုတ်ကျနေလိုက်တဲ့ပုဂ္ဂိုလ်တွေ ၊ ဒကာ ဦးခင်ကြီးတို့ မြင်ဘူးရဲ့ လား .. ( မြင်ဖူးပါတယ် ) အမလေး ၊ သုံးနှစ်သုံးသီးတောင်မကသေးဘူး၊ အခုထက်ထိ မျက်လုံးထဲက မထွက်သေးဘူး၊ တွေးလိုက်ရင် မျက်ရည်လည်တုံးရှိသေးတယ် .. ( မှန်လှပါ ဘုရား ) ။
အမလေး ပြုတ်ကျကြတာ ဘယ်လောက်များနာတယ်ဆိုတာ အတော်ကို မဆိုးဘူးလား .. ( ဆိုးပါ တယ် ) ။
အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အတွက်ဟာ ဖြင့် အမျောသမားတွေမှာ အားကိုးလွဲမှာဖြင့် ဘုန်းကြီးစိုးရိမ်တယ် ဆိုတဲ့ဥစ္စာဖြင့် ရိပ်မိကြပလား… ( ရိပ်မိပါပြီဘုရား ) ။
မိမိတို့ဥာဏ်သာ မိမိတို့အားကိုးပါ
ဒါဖြင့် မိမိတို့ဥာဏ်သာ မိမိတို့အားကိုးရမယ်ဆိုတ ကျေနပ်ကြပလား … ( ကျေနပ်ပါပြီ ) အဲဒါ ဘုန်းကြီးပြောပြပါဦးမယ်၊ မိမိတို့ဥာဏ်ကို မိမိတို့ အားကိုးလို့ ဘယ်သူခရီးပေါက်သွားတယ်ဆိုတဲ့ဥစ္စာ၊ ဒကာ ဒကာမတို့ကို ရှင်းသည်ထက်ရှင်း ၊ လင်းသည်ထက်လင်းအောင် ၀တ္ထုတိုကလေးထုတ်ပြပါဦးမယ် ။
ဒီဝတ္ထုတိုကလေးက ဘာတုံးဆိုလို့ရှိရင် ရှေးက ကလေးမလေးတစ်ယောက် ဘုရားလက်ထက်က ရှိတယ် ။
ဘိက္ခုနီမ၀တ်ဖို့ စိတ်ကူးနေတယ်
ကလေးမလေးတစ်ယေက်က သူက ဘိက္ခုနီ အပျိုအရွယ်ထဲက ဘိက္ခုနိမ၀တ်ဖို့ကိုစိတ်ကူးနေတယ်၊ အမေမိဘ ကလည်း သမီးတစ်ယောက်ဆိုပြီး ရွှေပေါ်မြတင်ဆိုပြီး အလွန်ချစ်တယ် ၊ မခွဲနိုင်ဘူး ။
မခွဲနိုင်တော့ သမီးကလည်း သူတော်ကောင်းစိတ်ကလေးရှိတော့ ဘိက္ခုနီမ၀တ်ပြီးသကာလ ဒီအ ၀တ်နဲ့ပဲ နိဗ္ဗာန်လိုချင်တာ အိမ်ထောင်သားမွေး အစရှိသောအလုပ် မလုပ်ချင်ဘူး။
မိဘက အိမ်ထောင်ပြုပေးတယ်
မလုပ်ချင်တော့ အမေမိဘကလည်း အမွေစား ၊ အမွေဆက်မှမရှိတော့ ဒီကလေးမလေးအတွက် သူက အတင်းပဲ တစ်ယောက်သောသတို့သားနဲ့ အိမ်ထောင်ပေးစားလိုက်တယ် ။
အိမ်ထောင်ပေးစားလိုက်တော့ ကလေးမလေးက လိုက်ရရှာတာပေါ့လေ၊ မအေမိဘသြဇာ မလွန်ဆန်နိုင်တာနဲ့ လိုက်ပြီးသကာလ သွားတော့ ထိုသတို့သားနဲ့ သူနဲ့ အိမ်ထောင်ကျရော ။
အိမ်ထောင်ကျပြီး သတို့သား သူ့အကျိုးအကြောင်းပြောပြတယ်၊ တစ်လ ၊ နှစ်လ၊ သုံးလ နေတဲ့ အခါ ကျတော့ ကျမဟာ ဘယ်သူနဲ့မှ ပေါင်းသင်းဆက်ဆံချင်တဲ့ သဘောလည်း မရှိပါဘူး၊ သို့ရာတွင် မအေမိဘများကလည်း သမီးတစ်ယောက်ဆိုပြီး သကာလ သူတို့အမွေအဆက်ပြတ်မှာစိုးတာနဲ့ ကျမတို့ ရှင့်နောက်ကိုထည့်လိုက်တယ် ။
ကျမ နဂိုစိတ်ကဖြင့် ဘိက္ခုနီမလုပ်ချင်တာအမှန်ပဲ၊
အရင်တုံးကဖြင့် အမေမိဘဆီတောင်းပန်ပါတယ်၊ ထိုကဲ့သို့ တောင်းပန်ငြားသော်လည်း သူတို့က လက်မခံဘူး၊ မရဘူး၊ အဲဒါနဲ့ ရှင့်နောက်ရောက်လာတယ် ။
ဘိက္ခုနီမ ၀တ်ခွင့်ရတယ်
ရောက်လာတော့ အခုတော့ အမေမိဘလည်း မပိုင်ဘူး၊ ရှင်ကပဲ ၊ ပိုင်တယ်၊ အဲတော့ ကျမ၏ ပါရမီကူညီဖြည့်သောအားဖြင့် ဘိက္ခုနီမလုပ်ခွင်းပေးပါ ။
ကလေးမလေးက အကျေိုးအကြောင်းပြောတော့၊ ကလေးမလေးက မွန်မွန်ရည်ရည်လည်းရှိ၊ ယောက်ျားကလည်း သူတော်ကောင်းသဘောရှိတာနဲ့ ကောင်းပြီလေ ၊ ဒါဖြင့် ငါကပဲ ဘိက္ခုနီမကျောင်း လိုက်ပြီးသကာလ ပို့တော့မယ်ဆိုပြီး သကာလ ဘိက္ခုနီမ ကျောင်းရောက်သွားတယ် ။
ဝတ်ပါတော့ဆိုပြီး ကောင်းသောခွင့် ပြုခြင်းနဲ့ ခွင့်ပြုလိုက်တယ် ။
ခွင့်ပြုလိုက်တော့ ပေါင်းသင်းဆက်ဆံပြီးသကာလ နေတာ တစ်လနှစ်လ သုံးလနေတော့ ဘိက္ခုနီမ ကျောင်းရောက်လို့များမကြာမီ ဒီကပေါင်းသင်းဆက်ဆံခဲ့တဲ့အတွက်ကြောင့် ကိုယ်ဝန်လေးပေါ်နေတယ် ။
ကိုယ်ဝန်လေးပေါ်ပြီး သကာလနေတော့၊ ပို့ထားတာကလည်း ဘယ်ကျောင်းရောက်သွားသလဲဆို တော့ ဒေ၀ဒတ်တို့အုပ်စုဘက်က ကျောင်းရောက်သွားတယ် … ( တင်ပါ့ ) ။
ကိုယ်ဝန်ပြဿနာပေါ်လာတယ်
ဒါနဲ့ အဲဒီမှာ ကိုယ်ဝန်ကလေးက လလေးရလာတဲ့ အခါကျတော့ ဒေ၀ဒတ်၏ ဘိက္ခုနီမတွေက ပြော တာပေါ့လေ၊ ဒို့အထဲက ဘိက္ခုနီမလေးတစ်ယောက်ဟာ ဒီလို၊ ဒီလိုဖြစ်နေတယ် ။
ဒေ၀ဒတ်ကလည်း ဂုဏ်ယူချင်တဲ့အခါ သူကလည်း ဘုရားနဲ့ပြိုင်တုန်းကို၊ သူ့ဘိက္ခုနီမထဲက ဒီလိုဖြစ် ရပါ့မလား ထွက်စေ ဆိုပြီး သူကအမိန့်ထုတ်လိုက်တယ် ။
ဒီအထဲမနေရဘူးဆိုတော့ ဘိက္ခုနီမလေးက ထွက်ရရှာတာပေါ့ဗျာ ၊ သူတို့ပိုင်နက်ရောက်နေတော့ ထွက်ပြီးသကာလ၊ ဒီလိုလည်းမနေချင်ဘူး၊ ဂေါတမဘုရားဆီ ဘိက္ခုနီမအသင်းထဲပဲ နေချင်ပါတယ် ဆိုတော့ ကဲဒါဖြင့် ကြိုက်ရာသွားဆိုတော့ အဲဒီသွားတယ် ။
သွားပြီး အဲဒီကျတော့ လလေးဘာလေးကြာလာတော့ လစေ့အခါကျတော့ ဘိက္ခုနီမ အသင်း မသိသေးဘူး ။
ဘုရားကျောင်းရောက်သွားရော ဘုရား၏ ဘိက္ခုနီမကျောင်းရောက်သွားတယ်၊ ရောက်သွားတဲ့အခါ ဘုရားကတော့သိတယ် ။
ဒါ ဘိက္ခုနီမဖြစ်မှ ပဋိသန္ဓေရတာမဟုတ်ဘူး ၊ သူ့ ဟိုခင်ပွန်းနှင့် တည်ထောင်တုန်းကဖြစ်တာ ၊ ဘိက္ခုနီမအဖြစ် သူကအသန့်ရှင်ကြီး .. ( တင်ပါ့ ) ဘုရားကတော့သိတယ် ၊
သို့သော် ဒေ၀ဒတ်တွေနဲ့ အပြိုင်အဆိုင်လုပ်နေရတော့ ဒေ၀ဒတ်တွေက ဂုဏ်ယူပြီးသကာလ ၊ ဟိုက မသိပဲနဲ့ လက်ခံတာ ၊ ဘာညာနဲ့ဆိုမှာ စိုးရသေးတာကိုး ။
ဝိသာခါကျောင်းအမကြီးက စစ်ဆေးတယ်
ဒါနဲ့ ဘုရားက ၀ိသာခါတို့ မိန်းမတွေ ဘုရား၏ တပည့်သားမြေးတွေခေါ်ပြီး၊ ဒီဘိက္ခုနီမလေးဟာ သူ ခြေလက်အင်္ဂါပျက်ပုံနဲ့ ပဋိသန္ဓေရတာနဲ့ တွက်ပြီးသကာလ ငါဘုရားလျှောက်ကြရမယ်ဆိုတော့ ဘုရားက တော့ သိပြီးသားပေါ့ကွာ ။
ဒါနဲ့ ၀ိသာခါတို့ အမျိုးမျိုးအဖုံဖုံ ကလေးမလေးရှိတဲ့ မိန်းမအချင်းအရာဆိုတော့ အကုန်နားလည်တာပေါ့ဗျာ၊ စစ်လိုက်တဲ့ အခါကျတော့ ဘယ် ဘိက္ခုနီမဖြစ်မှရတဲ့ ပဋိသန္ဓေမှမဟုတ်ဘဲပဲ၊ လူဝတ်ကြောင်တုန်းက ပါလာ တာ ။
အဲဒါနဲ့ပဲ ဘုရားသွားလျှောက်တော့ ကဲဒါဖြင့် သက်သေသာဓကလုံလောက်ပြီဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ချီးမွမ်းပြီးသကာလ ဒီမှာပဲ ဘိက္ခုနီမကျောင်းပေါ်၌ နေစေဆိုပြီး အမိန့်ထုတ်လိုက် တယ် ။
နောက်တော့များမကြာမီမှာ ကလေးလေး မွေးဖွားလာတယ် ။
ကလေးလေး မွေးဖွားလာတော့ ၊ ကောသလမင်းကြီး ကလည်း ဘုရားကျောင်းတော်သွားတော့ ဘိက္ခုနီမ ကျောင်းနားကဖြတ်ရတယ် ၊ ဖြတ်သွားတဲ့အခါကျတော့ ဘိက္ခုနီမကျောင်းထဲက ကလေးငိုသံကြား တယ် ၊ ဘာတုံးလို့မေးတဲ့အခါကျတော့ အရှင်မင်းကြီး အရင်ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ၀ိသာခါတို့ အရှင်မင်းကြီးတို့ စုံစမ်းစစ်ဆေးရတဲ့ ကလေးမလေးသားပါ ။
ကလေးကို ဘုရင်မင်းမြတ်က မွေးစားတယ်
အို … ဒါဖြင့်ကွာ ၊ ဒီကလေးကို နန်းတောထဲပို့လိုက်ကွာ ၊ ဒီဘိက္ခုနီမလေး ဆင်းရဲနေရော့မယ်ဆိုပြီး သကာလ နန်းတော်ပို့လိုက်တော့ ကောသလမင်းကြီး မွေးစားတာကုမာရဆိုတဲ့နာမည်လေးပေးတယ် ။
ကုမာရဆိုတာ မြန်မာလိုပြန်တော့ သူငယ်လေး …. ( မှန်ပါ့ ) သူငယ်လေးဆိုတဲ့ နာမည်ပေးထား တယ် ။
နောက်ကျတော့ ဒီသူငယ်လေးကလည်း ရှစ်နှစ်ကိုးနှစ်အစရှိသည်ဖြစ်ပြီး သကာလ လာတော့ နန်းတော်ထဲမှာ သားအမှတ်နှင့် မွေးစားထားတော့ ရှင်ဘုရင့်သားတွေနဲ့ သူနဲ့ ဆိုတော့ ရှင်ဘုရင်ကလည်း သူလည်း သားကိုး ။
သားတွေဖြစ်တော့ ဒိုးထိုးတမ်းကစားကြတယ် ၊ ဒိုးထိုးတမ်းကစားကြတော့ သူကချည်းနိုင်တယ် ။
သူကချည်းနိုင်တော့ ဒီ့ပြင်ကလေးတွေက ဒိုးတွေကုန်တော့ မကုန်နိုင်တော့ သူကတွန်းလှဲ လက်သီး နှင့်ဘာနဲ့ထိုးပေါ့ဗျာ ၊ အင်း - အမေ အဖေမရှိတဲ့သားက ဒို့ကိုနှိပ်စက်လေခြင်း၊ ကလေးတွေကပေါ့ဗျာ နာ အောင်ဆိုကြတယ် ။
အဖေ အမေမရှိတဲ့သားလေးက ဒို့ကို နှိပ်စက်တယ်၊ ဒို့ကို နှိပ်စက်တယ်ဆိုတော့ သူကကြားတယ် ၊ ငါ့မှ အမေ အဖေမရှိဘူးလို့ ပြောနေတယ် ၊ ငါ့အဖေ အမေ မရှိဘူးလို့ ပြောနေတယ်ဆိုတော့ တစ်ခါတည်း ကောသလမင်းကြီးဆီသွားမေးတယ် ။
မောင်ချစ်ဆွေ…( ဘုရား )ကောသလမင်းကြီးဆီသွားမေးတယ် ဒကာဒကာမတို့( မှန်လှပါဘုရား ) ။
အမေမရှိ ၊ အဖေမရှိတဲ့သား
ဒီကလေးတွေကဆိုနေကြတယ်၊ အမေမရှိ၊ အဖေမရှိတဲ့သား၊ အမေမရှိတဲ့သားက ဒို့ကိုနှိပ်စက်တယ်ချည်းအော် အော်ပြီးသကာလ ကျုပ်ကိုဆဲနေကြတယ် ၊ ဟ - သူတို့က ကလေးဆိုတော့ ဘာသိတာမှတ်လို့ ငါမင်းအဖေလို့ ကောသလမင်းကြီးက ပြောတယ် ။
မင်းအဖေပဲ၊ ဟောဒါတွေလည်း နို့ထိန်းတွေပြပြီး ၊ ဒါမင်းအမေတွေ ၊ဒါနဲ့ နောက်နည်းနည်းလေး ငြိမ် သွားပြန်တာပေါ့ဗျာ ။
နောက် ဒိုးထိုးတမ်းပြန်ကစားပြန်တော့ ဒီအသံပဲထွက်လာတယ် ၊သူမကျေနပ်ဘူး၊ သူ့ကိုယ်သူ သံသယရှိလာတယ် ။ သူ့ကိုယ်သူငါ့ကို ဖအေမရှိ ၊ အမေမရှိတဲ့သားလို့ ဆိုလာပြန်ပြီ ။
ဒါနဲ့ ကောသလမင်းကြီးကို အတင်းအဓမ္မမေးတော့တာပဲ ၊ မေးတော့ ဒီကလေးဟာ တယ်ပါးတဲ့ ကလေးပဲ၊ ငါဟာအဖေပဲ ၊ နို့ထိန်းတွေဟာ အမေပဲဆိုတာ ယုံကိုမယုံဘူး ၊သုံးလေးခါထပ်မေးနေပြန်ပြီ ။
တယ်ဆိုးတဲ့ကံပါလား
ဒါဖြင့် ငါအမှန်ပြောလေမှပဲဆိုပြီး သင့် အမေက ဘိက္ခုနီမ၊ သင့်ကို ဘိက္ခုနီမက မွေးတော့ ဘိက္ခုနီမ ကျောင်းမှာ မတော်တာနဲ့ သင့်ကို ငါကမွေးစားထားတာ ၊ ဒီလိုပြောလိုက်တော့ သူခုနှစ် နှစ်၊ ရှစ်နှစ်လောက်ပဲ ရှိသေးတယ်၊ သံဝေဂရသွားတယ် ၊ တယ်ဆိုးတဲ့ကံပါလား၊ ငယ်ငယ်ကတည်းက အဖေအမေနဲ့ခွဲပြီးသကာလ နေရတာ ငါဖြင့် ဆိုးတဲ့ကံပဲ ။
ကဲ - ဒီလောက်ဆိုးတဲ့ကံကိုဖြင့် ကံကောင်းလုပ်မှတော်မယ် ၊ ကံဆိုးကို ကံကောင်းလုပ်တော့မယ် ၊ ဒကာ ဒကာမတွေရိပ်မိပလား … ( ရိပ်မိပါပြီ ) ။
အဲတော့ ခင်ဗျားတို့လည်း အခုကံဆိုးကို ကံကောင်းလုပ်ကြ… ( မှန်လှပါဘုရား ) ဘာပြုလို့တုံးဆို တော့ ခင်ဗျားတို့ သားရေးသမီးရေး၊ စီးပွားရေးနဲ့ ပူရ၊ ပင်ရတဲ့ဘ၀တွေဟာ ယခုဘ၀တွင်ပဲ မနည်းလှပါဘူး ၊ ကံမကောင်းလို့ပေါ့ဗျာ ။
သားပူ၊ သမီးပူ၊ ဆွေမျိုးပူ၊ ခင်ပွန်းပူ ၊ အပူတွေက မစုံသေးဘူးလား…( စုံပါပြီဘုရား ) ဘယ်အပူများ ကျန်သေးလဲ … ( မကျန်ပါဘုရား ) ။
ကံဆိုးတွေကို ကံကောင်းဖြစ်အောင်လုပ်ပါ
အဲဒါ ကံဆိုးတွေကို အခု သတိပဋ္ဌာန်အလုပ်လုပ်လိုက်လို့ ခုနက လိပ်ခွံအောက်ပြန်သွင်းသလို သွင်း လိုက်ရင် ခင်ဗျားတို့ ဒေါ်ကံကောင်းတို့ ၊ မကံကောင်း တို့ ဖြစ်ကြမယ် ၊ မဖြစ်ပေဘူးလား … ( ဖြစ်ပါတယ် ဘုရား ) ။
အဲဒါကံကောင်းလုပ်ဖို့ ဥစ္စာများ ခင်ဗျားတို့က ဖြေးဖြေးဖြင့် မှ လုပ်ချင်သေးလား … ( မလုပ်ချင်ပါ ဘုရား ) မြန်မြန်သွက်သွက်လုပ်ပါ၊ မတူ ရိပ်မိပလား.. ( ရိပ်မိပါပြီ ) ၊ ဘယ်လိုလုပ်ရမလဲ … ( မြန်မြန် သွက် သွက်လုပ်ပါ ) ။
ကံမကောင်းတဲ့ဥစ္စာကို ကံကောင်းချင်တဲ့ အခါကျတော့ ဓာတ်ဆရာသွားမေးတဲ့အခါ အုန်းသီးတစ် လုံးတစ်ဆယ်ဆိုလည်း ၀ယ်မှာပဲ ၊ အရေးကြီးလာပြီကိုး၊အဲဒီလို ဟိုဟာက ပျောက်တာ မပျောက်တာ၊ မပျောက်တာရှိတယ် ၊ ဒီဟာက တကယ်ကံကောင်းဖြစ်ရမယ် ၊ရိပ်မိပလား .. ( ရိပ်မိပါပြီ )။
အဲဒါကြောင့် ကလေးလေးဟာ ကံဆိုးက ကံကောင်းလုပ်မှပဲဆိုပြီးသကာလ သူ့ဖခမည်းတော် ကောသလမင်းကြီးပြောလိုက်တော့ ကျွန်တော် သင်္ကန်းဝတ်ချင်တယ် ။
အမယ် - သဘောကျလိုက်တာကွာ၊ သင်္ကန်းဝတ်ချင်တယ်ဆိုတော့ ငါလဲ ချီးမြှင့်ရတာပေါ့၊ သူက အဆောင်အယောင်တွေနဲ့ နန်းတော်ကနေပြီး ရှင်လောင်းကြီး အကြီးအကျယ်ယူပြီး သကာလ သွားပြီးရှင်ပြု တာပေါ့ ။
ရှင်ပြုပြီး ကံဆိုးတယ်ဆိုပြီး သာသနာ့ဘောင်ဝင်တော့ ကံကောင်းဖြစ်အောင်ပဲ ကြိုးစားသထက် ကြိုးစားပြီး လုပ်ပါတော့မယ်ဆိုပြီး စာတွေသင်တယ်၊ တရားတေါ ဟောတတ်ပြောတတ်ဖြစ်လာတယ် ( မှန် ပါ့ )။
ကုမာရ ကဿပရဟန်း
သူရဟန်းဖြစ်တော့ ကဿပလို့ နာမည်ပေးတယ်၊ လူနာမည်က ကုမာရ၊ အဲဒီလို ကုမာရနဲ့ ကဿပ ပေါင်းပြီး ကုမာရကဿပဖြစ်လာတယ် ၊ အဲဒီ ကုမာရကဿပဖြစ်ပြီး ကျော်ကြားလာတယ် ။
ဟိုက ပသေနဒီ ကောသလမင်းကြီးက ကလေးလေးမွေးစရှိသေးတယ်၊ နန်းတော်သိမ်းသွားတော့ ရှင်ဘုရင်မို့သာကိုးဗျ၊ အမေဆိုတာ ဘယ်ပေးချင်လိမ့်မလဲ၊ အဲဒီနေ့ကစပြီး မျည်ရည်ကျနေလိုက်တာ စားလို့လည်းမ၀င်ဘူး၊ အိပ်လို့လည်းမပျော်ဘူး၊ မျက်ရည်မကျတဲ့နေ့ တစ်ခါမှ မရှိဘူး သူ့သားကိုလွမ်းတာ ။
သူ့သားကဖြင့် အခုရဟန်းဖြစ်လို့ တော်တော့ကို ရဟန်းကိစ္စပြီးလို့၊တော်တော်ကျော်ကြားနေပြီ၊ ကုမာရကဿပဟာ တရားဟောတာမှာပထမတန်းပဲ၊ အားလုံးသောပုဂ္ဂိုလ်တွေ ယဉ်ကျေးအောင် နိဗ္ဗာန် ရောက်ကြောင့်ကိုဖြင့် ဟောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာ မောင်ချစ်ဆွေ အတော်ကျော်ကြားတယ် .. ( မှန်လှပါ ဘုရား ) ။
ကုမာရကဿပမယ်တော်
ကျော်ကြားလာပေမယ့် သူ့အမေဆီမသွားဘူး၊ မသွားတော့ သူ့အမေက ဆယ့်သုံးနှစ်လောက်ရှိနေ ပြီတဲ့ ၊ မျက်ရည်က ဆည်လို့မရဘူး၊ဆယ့်သုံးနှစ်၊ဆယ့်လေးနှစ်၊ အနှစ် နှစ်ဆယ်ရလာပြီ ၊ မျက်ရည်ဆည်လို့ ဘယ်တော့မှမရဘူး၊ တရားအားထုတ်လို့လည်း ဘယ်တော့မှ မရဘူး ။
သားကလေးကလည်း ငါ့ကိုပြန်မငဲ့သေးဘူး၊ တစ်နေ့နေ့ငဲ့ကောင်းပါရဲ့ လေ၊ သူ့ပဲ အားကိုးရမှာပဲ၊ သူများချည်းအားကိုးနေတယ်၊ ကိုယ့်ကိုယ်ကိုယ်အားမကိုးဘူး၊ ဒီဘိက္ခုနီမက မျက်ရည်သာကျနေတာပဲ ။
အဲဒီလိုဖြစ်ပြီး သကာလနေတော့ တစ်နေ့သ၌ ကျတော့ ကုမာရကဿပရဟန်းက ဆွမ်းခံရာမှာ ရှေးအခါက ဘိက္ခူနီမတွေ ဆွမ်းခံစားတယ်၊ ဒီကုမာရကဿရဟန္တာမလည်း ဆွမ်းခံစားတယ် ။
သားကိုမြင်တော့ အတင်းလိုက်တယ်
ဆွမ်းခံစားတော့သူ့သားကိုမြင်တာကိုး၊တစ်ခါတည်းဘိက္ခုနီမကသူ့သပိတ်ပွေ့ပြီးအတင်းလိုက်တယ်၊ သူ့သားကို သင်္ကန်းဆွဲမလို့ ( မှန်ပါ့ ) ။
သင်္ကန်းဆွဲမလို့ တစ်ခါတည်းလိုက်တော့ ယောက်ျားခြေနှင့် မိန်းမခြေ ဘယ်တူမလဲ ယောက်ျား ခြေ ကသွက်တယ်၊ မိန်းမခြေကနှေးတယ်၊ နှေးသော်လည်း ချစ်တဲ့ဇောနဲ့အတင်းလိုက်တော့ မှီလုမှီခင်ဖြစ်တယ် ။
မှီလုမှီခင်ဖြစ်တော့ သားလုပ်တဲ့ပုဂ္ဂိုလ်က ဒကာာမကြီးလို့ ခေါ်လိုက်လို့ရှိရင် သြော်ငါ့ကို ခင်သေး တယ်၊ ချစ်ရှာတယ် တွေ့တော့လည်း ခေါ်ရှာသားပဲဆိုလို့ရှိရင်ဖြင့် သူဟာ ဒီခင်လုံးစိတ်မဖြတ်နိုင်တာနဲ့ ငါ့ အားကိုးနေတာနဲ့ တရားရမှာ မဟုတ်ဘူး ( တင်ပါ့ဘုရား ) ။
အားကိုးမှာစိုးလို့
အသံကို မပေးဘူးဆိုပြီးသကာလ ဟိုကသင်္ကန်းလိုက်ဆွဲမည်လုပ်လေလေ၊ ကိုယ်တော်က ခက်သွက်သွက်သွားလေလေ၊ အားကိုးမှာစိုးလို့ ။
သူ့ကိုယ်သူအားကိုးမှ မဂ်ဖိုလ်ရမှာကိုး၊ အခုသူတစ်ပါးအားကိုးနေတယ်၊ သူ့သားကိုပဲ မျှော်ကိုးနေ တယ် ။
အဲဒါနဲပ သူ့စိတ်ထဲမှာ ဒါကိုလည်း မြင်ပြီးသား၊ မြင်ပြီးသားဖြစ်တော့ ခုနက ဘိက္ခနီမက အရူးမိုက်၊ မိုက်တုန်းပေါ့ဗျာ၊ အရူးမိုက် မိုက်တုံးပဲ တစ်ခါတည်း သပိတ်ကြီးပွေ့ပြီးသူ့သားသင်္ကနးစလိုက်ဆွဲ ။
ခေါ်လည်းမခေါ် ပြောလည်းမပြော
ဟိုကလည်း အတင်းလျှောက်နေတယ် ၊ ခေါ်လည်း မခေါ်ဘူး ပြောလည်းမပြောဘူး လှည့်လည်းမ ကြည့်တော့ဘူး ။
လှည့်ကြည့်နေရင် ငဲ့တယ်ထင်ဦးမှာ၊ ငါ့ကိုငဲ့တယ် ထင်နေရင် သူတရားရမှာမဟုတ်ဘူး၊ တရားအား ထုတ်ရင်သူ့ဟာသူအားကိုးမှ တရားရမှာဆိုပြီးသကာလ ကိုယ်တော်ကကုမာရကဿပကဖြင့် မောင်ချစ်ဆွေ နောက်ကိုလှည့်မကြည့်ဘူး၊ အတင်းသာသွားနေတာပဲ ။
အတင်းသွားနေတော့ ဒီကအတင်းလိုက်၊ အတင်းလိုက်နဲပ မှီလုမှီခင် သင်္ကန်းဆွဲမလို့တအားဆွဲ လိုက်တော့ မှောက်လျက်ကြီးလဲတယ် ။
ဘယ်လောက်များဆိုးသလဲ … ( ဆိုးပါတယ်ဘုရား ) ခင်လုံးခင်လုံး၊ဘယ်လောက်ဆိုးသလဲဆိုတာ မှောက်လျက်လဲအောင်ပဲခင်ရတယ်၊ ဘယ်လောက်များဆိုးတယ်ဆိုတာရိပ်မိကြပလား ( ရိပ်မိပါပြီ ) ။
အဲဒါ ခင်ဗျားတို့ ဒကာ ဒကာမတွေကသာ မိုက်တယ်၊ မဆိုးဝါးဘူးလားဗျာ ( ဆိုးဝါးပါတယ် ) ။
တန်းတူဖြစ်ချင်ရင် ဒီဘ၀မဂ်ရအောင်လုပ်
ဒကာ ဒကာမတွေကသာ မိုက်တယ်၊ ခင်မိပြီဆိုလို့ရှိရင် မျက်စိအောက်က မပျောက်နိုင်၊ တစ်နေ့ပဲ ဒီသားလေး၊ သမီးလေးတွေနဲ့ ခွဲရပြီဆိုရင် လပေါင်းများစွာချင့်ပြီးများ ခင်လိုက်သေးတယ် ၊ မဆိုးဝါးဘူးလား .. ..( ဆိုးဝါးပါတယ် ) ။
အေး - ဒါကြောင့် ခင်ဗျားတို့ မိန်းမတွေဟာ မြန်မြန်သာအလုပ် ၊ လုပ်ယူလိုက်ပါ ၊ နို့မို့ရင် ဒီဆိုးဝါးဆက်ကြီးဟာ ဘယ်တော့သိမ်းမှာတုံး … ( မသိမ်းပါဘုရား ) ။
ဆိုးဝါးဆက်ရှိလေလေ၊ အပါယ်နဲ့နီးလေလေ ၊ ရောက်လေလေ၊ ကျလေလေ ၊ရိပ်မိပလား .. ( ရိပ်မိ ပါပြီ ) ။
အေး- ဒါကြောင့် မိန်းမများမှာတဲ့ ဆိုးဝါးတဲ့ စိတ်ဒုက္ခရှိသောကြောင့် စင်္ကြ၀တေးမင်းမဖြစ်ရဘူး၊ မိန်းမအဖြစ်နဲ့ ဆိုရင် စင်္ကြ၀တေးမင်းမင်းဖြစ်နိုင်ဘူး ၊ ဗြဟ္မာမင်းလည်းဖြစ်နိုင်ဘူး၊ ဘုရားလည်း မဖြစ်နိုင်ဘူး ။
ကဲ- ဒါနဲ့ ချိန်လိုက်ရင် မိန်းမဆိုးတယ်ဆိုတာ ပေါ်လာကြပလား ( ပေါ်လာပါပြီဘုရား ) ဖြစ်ကိုမဖြစ်နိုင် ဘူး၊ အဲဒါကြောင့် ကိုယ့်ဘ၀ကိုလည်း ကိုယ်မသာယာကြဘဲနဲ့၊ ကိုင်း - ဘယ်လောက်ယုတ်မာတယ်၊ ဆိုးဝါး တယ်ဆိုတဲ့ ဘ၀ ၊ သူများနဲ့ တန်းတူဘယ်ဟာမှ ဖြစ်နိုင်တဲ့ ဘ၀ကိုဖြင့် ကဲ - ဒီဘ၀ဇာတ်သိမ်းလိုက်ပါတော့ မယ်ဆိုတော့ နိဗ္ဗာန်ကျတော့လည်း တစ်တန်းတည်းသွားဖြစ်တယ် ။
ယောက်ျားနိဗ္ဗာန်၊ မိန်းမနိဗ္ဗာန်လို့မရှိတော့ဘူး၊ အဲဒီကျတော့ အတူတူပဲ၊ ငြိမ်းချမ်း၊ ချမ်းသာ ဒါချည်း ဖြစ်နေတယ် ။
အဲဒါဖြင့် တန်းတူချင်လို့ရှိရင်ဖြင့် ဒီဘ၀မှာ ခင်ဗျားတို့တန်းမတူနိုင်တော့ဘူး၊ တန်းတူဖြစ်ချင် ဒီဘ၀မဂ်ဖိုလ်ရအောင် လုပ်လိုက်ရင် ဘယ်သူနဲ့မဆို တန်းတူရမယ်၊ ရိပ်မိပလား … ( ရိပ်မိပါပြီ ) ။
အခုဘ၀နစ်နာနေတယ်
အခုတော့ ခင်ဗျားတို့မှာ အရှုံးကြီးရှုံးပြီး သကာလ အင်မတန် မနစ်နာဘူးလား … ( နစ်နာပါတယ် ဘုရား ) ဆူစရာရှိလည်း ခင်ဗျားတို့ ၊ မျက်နှာကောင်းမရစရာရှိလည်း ခင်ဗျားတို့၊ တစ်နေ့ တစ်နေ့လည်း ပင်ပန်းလိုက်တာကော ( တပည့်တော်တို့ပါ ဘုရား ) ။
ငွေရလမ်းက ခင်ဗျားတို့ မလုပ်နိုင်တဲ့အတွက် အော်တာ ၊ အင်တာ ၊ ငေါက်တာခံရတာကော ( တပည့်တော်တို့ပါ ဘုရား ) သိမ်လိုက်တဲ့ဂုဏ်ဗျာ ၊ မပြောပါနဲ့တော့ ( မှန်ပါ့ ) ။
ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ခုနက ဘိက္ခုနီမက ဟပ်ထိုးကြီးလဲတယ်ဆိုတာ ရိပ်မိပလား .. ( ရိပ်မိ ပါပြီ ) ။
သူကပဲခင်တာကိုးဗျ ၊ တယ်လည်းအားကိုးတာကိုး၊ အဲဒီအားကိုးတဲ့အတွက်တဲ့ သူ့စိတ်ထဲမှာ ဟပ်ထိုးကြီးလဲတယ် ။
ဟပ်ထိုးကြီးလဲတဲ့အခါကျတော့ သူ့စိတ်ထဲမှာ သြော်- ငါ့သားမှာ နည်းနည်းမှ အမေ့စိတ်မရှိဘဲပဲ ( မှန်လှပါ ) ငါ့ဖြင့် အခုနှစ်ပေါင်းနှစ်ဆယ် အစိတ် မျက်ရည်နဲ့ မျက်ခွက်ဘယ်တရားမှလည်းအားမထုတ်နိုင်ခဲ့ ဘူး ။
ဒီနေ့ကစပြီး မင်းကို အားမကိုးတော့ဘူး
သူ့စိတ်နဲ့ပဲ အချိန်ကုန်နေရတာပဲ ၊ အခုတွေ့ပြန်တော့စိမ်းကားလိုက်တာ ၊ ဒီနေ့ကစပြီးတော့ မင်းကိုဖြင့် အားမကိုးတော့ပါဘူးလို့ဆုံးဖြတ်ချက်ချတယ် ၊ဆုံးဖြတ်ချက်ချလိုက်တယ် ။
အဲဒီဆုံးဖြတ်ချက်ချပြီး ဘိက္ခုနီမကျောင်းပြန်တော့တာပဲ ၊ ရှက်လည်းရှက်သွားတာပေါ့ဗျာ၊ ဟပ်ထိုးလည်း လဲခဲ့ပေါ့၊ ရှက်ပြီ ။
ရှက်တာနဲ့ ဘိက္ခုနီမကျောင်းရောက်တော့ မောင်ချစ်ဆွေ တိုင်မှီပြီး ဒီနေ့တော့ဖြင့် တရားမရမထဘူးကွာ၊ ကိုယ့်ဟာကိုယ် အားကိုးမယ် ဆိုတော့မှ ခုနက ဝေဒနာတွေ ဒကာ ဒကာမတွေ လှည့် ပြီးဥာဏ်အောက်သွင်းတော့တာပဲ ။
အဲဒီ သူများ အားမကိုးတဲ့ညမှာ ရဟန္တာမကိုးတဲ့ညမှာ ရဟန္တာမဖြစ်တယ် ၊ ရိပ်မိပလား ( ရိပ်မိပါပြီ ) ။
ကိုယ့်ဥာဏ်ကိုအားကိုးလို့ရဟန္တာမ ဖြစ်တယ်
ကိုယ့်ဟာကိုယ်လည်း အားကိုးလိုက်ပါရော ရဟန္တာဖြစ်တာပဲ ၊ အဲဒါကြောင့် ဒကာ ဒကာမတွေ ဒီဝတ္ထုပြောခင်တာက တခြားမဟုတ်ပါဘူး၊ မိန်းမဆိုတာ အားငယ်တတ်တဲ့ပုဂ္ဂိုလ် အချိုးအစားလည်းဖြစ် တယ် ၊ မျက်စိသူငယ်နဲ့ ကြောက်တတ်၊လန့်တတ်တဲ့အမျိုးအစားလည်းဖြစ်တယ်ဆိုတော့ သူတပါးပဲအားကိုး နေတယ် ။
အဲ- သူတစ်ပါးအားကိုးနေတဲ့အတါက် ဟိုဘိက္ခုနီမမှာ နှစ်ပေါင်းနှစ်ဆယ်အစိတ် သားကိုခင်ပြီး သားအားကိုးတဲ့အတွက် သူလိုရင်းဆိုက်ကဲ့လား … ( မဆိုက်ပါဘူး ) ။
ကိုင်း-ဒီလောက်တောင်စိမ်းကားတာဖြင့် သူ့ကိုဖြင့်ယနေ့ကစပြီး ဖြတ်ပါတော့မယ်၊ကိုယ့်အားကိုယ် ကိုးပါတော့မယ် ဆိုပြီးသကာလ အားထုတ်တဲ့ညကျတော့ ရဟန္တာမဖြစ်တယ် … ( မှန်လှပါဘုရား ) ။
ဒါကြောင့် ဒကာ ဒကာမတွေလည်း ဘယ်သူမှအားမကိုးပါနဲ့ ကိုယ့်ဥာဏ်ကိုသာ ကိုယ်အားကိုးပြီးသ ကာလ လုပ်ကြလို့ရှိရင်ဖြင့် ခင်ဗျားတို့ နေရာကျမှာပဲ ။
ကိုယ့်ကိုယ်ကိုယ် အားကိုးရာနော် ( မှန်လှပါဘုရား ) ကိုယ့်ကိုယ်ကိုယ်ဆိုတာ တခြားမဟုတ်ပါဘူး၊ တကယ် အခုရှိတဲ့ ခန္ဓာကိုယ်ကြီးကို မဆိုလိုက်ပါနဲ့ ( မှန်ပါ့ ) ။
ဘုန်းကြီးပေးထားတဲ့ မဂ်ဥာဏ်ကလေး ရှုတတ်တဲ့ ဥာဏ်ကလေးကို အားကိုးပါ ၊ ရိပ်မိလား … ( ရိပ်မိပါပြီ ) ။
ကိုယ့်ကိုယ်ကိုယ်ဆိုတာဘာပါလိမ့်
ကိုယ့်ကိုယ်ကိုယ်ဆိုတာ ဘာပါလိမ့် ( ရှုတတ်တဲ့ဥာဏ်ပါဘုရား ) အဲဒီဥာဏ်ကို ကိုယ့်ကိုယ်ဆိုတယ်။
နားမလည်တဲ့ ဒကာတွေက နားမလည်တဲ့ ဆရာတွေက ပြောလို့ရှိရင် ကိုယ့်ကိုယ်ကိုယ်အားကိုးကြ ဆိုတာ ခင်ဗျားတို့ လွဲလိမ့်မယ်နော် ။
ဒီပုဂ္ဂိုလ်ကြီးက အနိစ္စကြီး ဘယ်သူ့သွားအားကိုးလို့ ဘာအသုံးကျမှာတုံး၊သဘောကျပလား (ကျပါပြီ )။
ပုဂ္ဂိုလ်ဆိုတာ ဒီရုပ်နာမ်ကြီး အားကိုးလို့ဆိုတာလား ( မဟုတ်ပါဘူး ) ခင်ဗျားတို့ရှုတဲ့ ၀ိပဿနာဥာဏ်၊ မဂ်ဥာဏ်ကို အားကိုး ( မှန်ပါ့ဘုရား ) သဘောကျပလား ( ကျပါပြီ ) ။
အဲတော့ခင်ဗျားတို့က လောကမှာလည်း ခင်ဗျားတို့ ပြောသံကြားနဲ့ဖြစ်နေတာတွေ ကောလွဲတယ် နော်၊ ကျုပ်တို့တော့ ဘယ်သူ့မှ အားမကိုးဘူး၊ ကိုယ့်ကိုယ်ကိုယ် အားကိုးတာပဲဆိုတော့ ဒီပုဂ္ဂိုလ်ကြီးယူလိုက် တယ်၊ လွဲတယ်နော်၊ လွဲတယ် ၊လွဲတယ် ဒကာ ဒကာမတို့ ( မှန်ပါ့ဘုရား ) ရိပ်မိပလား .. ( ရိပ်မိပါပြီ ) ။
ကိုယ့်ကိုယ်ကိုယ် အားကိုးလို့ ဘုရားဟောတော်မူတာက အတ္တနော - မိမိ၏ နာထော - ကိုးကွယ်ရာ တည်း ။
မိမိအားထုတ်တဲ့ဥာဏ်ကို အားကိုးရမယ်
မိမိအားထုတ်တဲ့ဥာဏ်သည် မိမိအားကိုးရမယ် ၊အတ္တနာဟိ သုဒန္တေန ၊ အတ္တနာဟိ - မိမိကိုယ်သည် သာဝါ - ကိုယ်တိုင်သာလျှင် ၊ သုဒန္တေန - မဂ္ဂင်ရှစ်ပါးဖြစ်ပေါ်လာသဖြင့်၊ မဂ္ဂင်ရှစ်ပါးတည်းဟူသော ယာဉ်ကြီး တရား၊ လှေရထားကြီး၊ ဖောင်ရထားကြီး ဖြစ်ပေါ်လာသဖြင့် ဒုလ္လဘံ - ရခဲသော နာထံ - အရဟတ္တဖိုလ်တည်း ဟူသော မှီခိုရာကို ၊ လဘတိ - ရနိုင်တယ် ။
ဒီမဂ်ဥာဏ်အားကိုးမှရနိုင်တယ်၊ ဒီဝိပဿနာဥာဏ်အားကိုးရင်ရမယ် ။
ကိုင်း - ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကိုယ် အားကိုးဆိုတာ ဘာတုံးသိပြီလား… ( သိပါပြီ ) ဘာတုံး ( ၀ပဿနာဥာဏ်၊ မဂ်ဥာဏ်အားကိုးရပါမယ် ) အေး ၀ိပဿနာဥာဏ်မဂ်ဥာဏ်ပေါ့ဗျာ ။
ကုမာရ ကဿပ မယ်တော်ကိုကြည့်ပါ
ကိုင်း - ခုနက ဒကာမကြီး ကုမာရကဿပမယ်တော်ကြည့်လိုက်( မှန်ပါ့ ) ကုမာရကဿပမယ်တော် ကြည့်လိုက် ၊ မင်းဖြင့် အားမကိုးတော့ပါဘူးဟေ့ ၊ ကိုယ်ဟာကိုတရားပဲ အား ကိုးပါတော့မယ်ဆိုပြီး အားကိုး တဲ့တစ်နေ့ကျတော့ ဘာဖြစ်သလဲ … ( နိဗ္ဗာန်ရပါတယ်ဘုရား ) ။
အဲ - ဒကာ ဒကာမတို့ သားလင်ခင်ပွန်းတွေ အားကိုးပြီး သကာလ မနေပါနဲ့ ( မှန်လှပါဘုရား ) ။
သားလင် ခင်ပွန်းက မင်းနေမကောင်းဘူးလား၊ နေမကောင်း ဒီဆေးသောက် ဒါပဲပြောတတ်တယ်၊ ပျောက်မယ်၊ မပျောက်မယ်က သူတာဝန်မယူနိုင်ဘူး၊ တကယ်လို့ဝေဒနာရလို့ ၊ သေလောက်တဲ့ဝေဒနာရလို့ ရှိရင်လည်း ကျုပ်ကယ်ပါဦးဆိုတဲ့ ဘယ်သူတတ်နိုင်မလဲ …. ( မှန်လှပါ ) ။
မတတ်နိုင်တော့ ကိုယ့်ဝန်ကိုယ့်ထမ်း၊ ကိုယ့်လမ်းကိုယ်သေပဲ ၊ ဘာများ အားကိုးရာရသလဲ … ( မရ ပါဘုရား ) ။
အဲတော့ ခင်ဗျားတို့နေကြ ထိုင်ကြတာ အပြောနဲ့ လွမ်းနေတာနဲ့ တယ်တူတယ်၊ ဟုတ်ဘူးလား( ဟုတ်ပါတယ် ) အပြောနဲ့ လွမ်းနေတာနဲ့ တယ်တူတယ် ။
ယောက်ျားပြောတာရမ်းယုံတယ်
မင်း - ငါဒီမှာရှိနေတယ်၊ ဘာပူစရာရှိသတုံး၊ ဟိုက ယောက်ျားက အဟုတ်ပြောလိုက်တယ် ၊ ပြောလိုက်တော့ ခင်ဗျားတို့က ရမ်းယုံတယ် ။
အပြီးသတ်တော့ ခင်ဗျားတို့ဖြစ်တဲ့အနာ ၊ ချောင်းဆိုးတာလေးတောင် ပျောက်အောင်မလုပ်နိုင်ဘူး၊ ကုနိုင်ရဲ့ လား ( မကုနိုင်ပါဘုရား ) ၊သွေးနာ ၊လေနာ တွေကျတော့ကော ( မကုနိုင်ပါဘုရား ) ရင်နာတွေကျ တော့ကော ( မကုနိုင်ပါဘုရား ) နောက်ကြောတတ်တာကျတော့ကော ( မကုနိုင်ပါ ) ။
တစ်ခါ အိုလာတာကြီးကျတော့ ( မကုနိုင်ပါဘူး ) ဒါဖြင့် ဘယ်ဟာကော သူတို့ ပြောတာယုံနေတာ များ၊ ခင်ဗျားတို့ ရူးလို့ဖြစ်မယ် ( မှန်ပါ့ဘုရား ) ။
ရိပ်မိပလား ( ရိပ်မိပါပြီ ) ရူးလို့ယုံတယ်ဆိုတာ ရိပ်မိကြပလား ( ရိပ်မိပါပြီ ) ။
ကျုပ်ကယုံတတ်တယ်လို့ လုပ်မနေနဲ့ဦး ၊ ခင်ဗျားတို့က အတော်ဆိုးတာ၊ ရူးလို့ယုံတယ်ဆိုတာ ရိပ်မိ ကြပြီလား ( ရိပ်မိပါပြီ ) ကျုပ်ကယုံတယ်တယ်လို့ မလုပ်ပါနဲ့၊ ယုံလို့ပဲပုံအပ်လိုက်တာပဲ၊ အမလေး ဒကာ ဒကာမတို့ အ , လိုက်တဲ့ဖြစ်ခြင်း ရိပ်မိပလား ( ရိပ်မိပါပြီ ) အလကားပြောနေကြတာ ။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ၊ အမေကသမီးကိုမကယ်နိုင်ပါဘူး၊ သမီးကလည်း အမေ့ကို မကယ်နိုင်ပါဘူး ၊ ခင်ပွန်းမက ၊ ခင်ပွန်းယောကျာ်းကို ( မကယ်နိုင်ပါ ) ။
ဘယ်လိုကယ်နိုင်ကြမလဲ အနတ္တတွေလေ ( မှန်ပါ့ ဘုရား ) သူလည်း အနတ္တ၊ ကိုယ်ကော ( အနတ္တ ပါဘုရား ) ဒါဖြင့် ဘယ်သူက ဘယ်သူ့ကယ်နိုင်တယ်လို့ ဘုရားကိုယ်တော်တိုင် ဟောသလား ( မဟောပါ ဘုရား ) ။
သြော်…ခင်ဗျားတို့ လက်လွတ်ဆိုတာ ယုံတာပေါ့ ရိပ်မိပလား ( ရိပ်မိပါပြီ ) လက်လွတ်ဆိုတာ ယုံနေတာ ကဲဒါဖြင့် မတူတို့လက်လွတ်ဆိုတာလေးကို နားထဲကမထွက် သေးဘူးလုပ်နေသေးလား ( မလုပ် ပါဘုရား ) ။
မလုပ်တော့ပါဘူးဆိုတော့ အခါတော့နည်းနည်းပါးလာပြီ မရီကော ပါးပြီလား ( ပါးပါပြီ ) အင်း ဒကာကြီးကြားနေပါဦးမယ် ။
ကဲ ယုံပြီလား။ ဘယ်သူ့အားကိုးသေးသလဲ ( ကိုယ့်ဟာကိုယ်အားကိုးပါတယ် ) ကိုယ်အားထုတ်တဲ့ ၀ိပဿနာဥာဏ်နော် ။
ဝိပဿနာဥာဏ်ကိုသာ အားကိုးကြ
ဒီ ဒကာ ဒကာမတွေ ဒီနေ့အားကိုးသေးသလား ( မကိုးပါဘူးဘုရား ) မကိုးပါဘူး ကိုယ့်ဟာကို အားကိုးပေါ့ကွာရိပ်မိပလား( ရိပ်မိပါပြီ ) ။
ကိုယ့်ဟာကိုယ်အားကိုး ကိုယ်လုပ်မှာကိုယ်ရမယ် ဆိုတာ ဒါကိုဆိုတာ ရိပ်မိကြပလား ( ရိပ်မိပါပြီ ) ။
ခုနက ကုမရကဿပ မယ်တော် ဒကာသစ်ရေသူ့သားအးကိုးနေတုန်းက ဘားများ ၀ိပဿနာဥာဏ် ရသလဲ ( မရပါဘုရား ) မဂ်ဥာဏ်ဖိုလ်ဥာဏ်ရရဲ့ လား ( မရပါ ) ။
အိုဘေး နာဘေးတားတတ်တဲ့ မဂ်ဥာဏ်သူ့မှာ ပေါ်လရဲ့ လား ( ပေါ်မလာပါဘုရား ) ဘာကြောင့်တုံး ကွာ ( ခင်လုံးတွေနဲ့ အားကိုးနေတယ် ) အေးသူ့သားလေး ခင်ပြီးအားကိုးနေတယ် ။
ငါ့သားလေး လူလားမြောက်လာပြီ ၊ငါ့သားလေး နာမည်ကြီးလာပြီ ဆိုပြီးအဲဒီအားကိုးနေတယ် ၊ အဲဒီ အားကိုးနေတဲ့အတွက် နှစ်ပေါင်း အစိတ်သုံးဆယ် သူ့မှာ မျက်ရည်သာ ကျပြီးတရားမရဘူး၊ ရူးမသွားတာ ကံ ကောင်းပေါ့ဗျာ ။
ခင်ဗျားတို့လည်း ရူးသွားချေရဲ့ ရိပ်မိပလား ( ရိပ်မိပါပြီ )အဲဒါဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်သူ့ အားကိုးကြမှာတုံး ၊ ( မိမိတို့အားထုတ်တဲ့ ၀ိပဿနာဥာဏ်ကိုပါဘုရား ) အေး မိမိအားထုတ်တဲ့ ၀ိပဿနာဥာဏ်၊ မဂ်ဥာဏ်ကိုသာ အားကိုးလိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ အသေဟာလည်းမလာတော့ဘူး၊ ခင်ဗျားတို့ အနာကော ( မလာတော့ပါ ) ။
ခင်ဗျားတို့ ပဋိသန္ဓေနေမှု ဆင်းရဲကြီးကော ( မလာတော့ပါ ) အင်း သူမှသာလျှင် အိုမှု နာမှု သေမှုကို တားနိုင်တာ ။
ခင်ဗျားတို့ သားလင်ခင်ပွန်းတွေက ခင်သာခင်ရတယ် မင်သာမင်ရတယ် ဘာမှမဟုတ်ဘူး ( မှန်လှပါ ဘုရား ) ။
သားတွေဖြင့် မွေးလိုက်ရတာ ၊ သမီးလေးတွေများ မွေးလိုက်ရတာ လေးနှစ်ကစပြီးမွေးခဲ့ရတယ် နင်ဆိုးပုံနဲ့ နင့်လားဇိကုတ်သတ်ချင်သေးတယ် လာသေးတာခင်ဗျားတို့ အလုပ်က ရိပ်မိပလား ( ရိပ်မိပါပြီ ) ။
အခုအားမကိုးရတော့ပဲကိုး မရီ စောင်းပြောနေတယ်အောက်မေ့မနေနဲ့ဦး ရိပ်မိပလား ( ရိပ်မိပါပြီ ) ။
အဲဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကို အားကိုးဆိုတာပေါ်လာကြပြီ ( ပေါ်ပါပြီဘုရား ) ခုနက ဘိက္ခုနီမကြီး ဘယ်သူ့အားကိုးသလဲ .. ( ကိုယ့်ကိုယ်ကို အားကိုးပါတယ် ) အားကိုးတဲ့ညမှာ မဂ်ဥာဏ် ဆိုက်တယ် ။
သူများအားကိုးလို့ နှစ်ပေါင်းများစွာ ကြာခဲ့တုန်းက မျက်ရည်ကျခဲ့ရတယ် ၊ကိုယ့်ကိုယ်ကိုပဲ အားကိုးပါရော ( မဂ်ဥာဏ်ဆိုက်ပါတယ် ) အဲဒါဘယ်နှယ်လုပ်ကြမလဲ ( တပည့်တော်တို့လဲ ဒီလိုပဲမဂ်ဥာဏ်ရ အောင် လုပ်မှာပါ ) အို ခင်ဗျားက တစ်ကောင်ကြွက်ကြီးပြောမနေစမ်းပါနဲ့ ( ရယ်ကြသည် ) ။
ဖြစ်ပျက်သိတဲ့ဥာဏ် အားကိုးပါ
အေး - ဒါကြောင့် ကိုယ့်ကိုယ်ကို အားကို ဆိုတာသည် ဒကာ ဒကာမတို့ ယနေ့ညတရားမှာဖြင့် ဘာတုံးလို့ ဆိုလို့ရှိရင်ဖြင့် ဖြစ်ပျက်သိတဲ့ ဥာဏ်ကိုသာ အားကိုးပါ ။ သဘောကျပလား ( ကျပါပြီ ) ။
အဲဒါဖြင့် ဝေဒနာသုံးမျိုးဟာ ပေါ်ချင်ရာပေါ် ဒကာ ဒကာမတွေ ဥာဏ်အောက်ရောက်အောင် သွင်းလိုက်လို့ ရှိရင်ဖြင့် ဒီဥာဏ်သည် ဒကာ ဒကာမတို့အား အိုမှု နာမှုသေမှုကို တကယ်တမ်းတားပြီး ချမ်းသာမှုကိုသာ ရွက်ဆောင်ပေးတော့မယ်၊ ဒါဖြင့် ဒီဥာဏ်အားကိုးရမယ်ဆိုတာ ရိပ်မိပလား ( ရိပ်မိပါပြီ ) ။
ဒါဖြင့် လုပ်တတ်ကြပလား ( လုပ်တတ်ပါပြီ ) ဘယ်ဝေဒနာလာလာ ဒကာ ဒကာမတွေက ဘာလုပ် ရမလဲ ( ဖြစ်ပျက်ရှုရပါမယ့် ) ဖြစ်ပျက်ရှုပြီး ဥာဏ်အောက်ရောက်အောင်လုပ်၊ ဖြစ်ပျက်ရှုလိုက်ရင် ဥာဏ်အောက်ရောက်တာပဲ ။
အဲတော့ ဖြစ်ပျက်မရှုမိမှာဖြင့် ဘုန်းကြီးက သိပ်စိုးရိမ်တယ် သဘောကျပလား ( ကျပါပြီ ) ကိုင်း - ဖြစ်ပျက်ရှုဖို့အရေးသည်ကားလို့ဆိုရင် ခင်ဗျားတို့ ကိုယ့်ကိုယ်ကို အားကိုးတဲ့အရေးပဲ ၊ သဘောကျပလား ( ကျပါပြီ ) ။
ဒါဖြင့်ဗျာ ၊ ခင်ဗျားတို့ လောကီတွေဖြင့် ဘယ်သူက ဘာပြောပြော မယုံကြနဲ့၊ သားတွေကလည်း လိမ်လိမ်မာမာနဲ့ ကနွဲ့ကယနဲ့ အမေကျွန်တော်ကြီးလာရင် ဘာမှမပူနဲ့ဗျာ၊ အခုတော့ ပညာတတ်အောင် ၀ယ်ဦးဗျာ ဆင်ဦးဗျာ ဒါချော့လုံးဗျ ။
မြင်ကြပလား တော်တော်ကြာကျတော့ သူ့ဟာသူ သွားမှာပဲ ဒါခင်ဗျားတို့က သူများသားသမီးတွေ ဒီလိုသွားနေတာပဲ ငါ့သားတော့ ဟုတ်မယ်မထင်ပါဘူး ဆိုတော့ခက်တယ် ၊ ခက်ဘူးလား ( ခက်ပါတယ် ) ။
ကဲ - ဒကာ ဒကာမတို့ ဒီသားတွေ သမီးတွေပြောတာကော ယုံစရာရှိရဲ့ လား ( မရှိပါဘူး )မိမိအတွက် အားကိုးအလုံးကြီးထားတဲ့ ခင်ပွန်းသည်တွေ ပြောတာကော ( မယုံပါဘူးဘုရား ) ။
အမှန်တရားဆိုတာ မဂ္ဂသစ္စာ
အေးတော်တော်ကြာကျလို့ရှိရင် ဒကာ ဒကာမတို့ ပြောတဲ့ပုဂ္ဂိုလ်ကလည်း အနတ္တမို့ သူကအရင် ဆုံးရှုံးချင်လည်း ဆုံးရှုံးမယ်၊ အပြောကျန်ရစ်မယ် ( မှန်လှပါ ) ဒီကတည်းက အမှန်မဟုတ်လို့ပေါ့ ဒါဖြင့် အမှန်တရားလိုက်ကြပါ ။
အမှန်တရားဆိုတော့ မဂ္ဂသစ္စာ မဂ္ဂက - ခရီးမှန်သစ္စာက မှန်တာ ၊ မဂ္ဂကခရီး၊ သစ္စာကမှန်တာ ဒါဖြင့် ခရီးမှန်လမ်းမှန်ဖြင့် မဂ်ဥာဏ်ပဲရှိမယ် ။
မောင်ချစ်ဆွေ၊ ခရီးမှန်လမ်းမှန်ကဖြင့် ဘာတုံး( မဂ်ဥာဏ်ပါဘုရား ) မဂ္ဂသာရှိတဲ့အခါကျတော့ သူ့ကို သာဥာဏ်အောက်ကို အရောက်သွင်းလိုက်လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ခရီးမှန်လမ်းမှန်တွေ ဘယ်သူပြောတာမှ မဟုတ်ဘူး၊သူကိုယ်တိုင်ကဆောင်တာ ၊ ရိပ်မိပလား ( ရိပ်မိပါပြီ )။
ဥာဏ်အောက်မသွင်းမိမှာစိုးရိမ်တယ်
သူကလောကွက်ပါသေးရဲ့ လား ( မပါပါဘူး ) အဲတော့ဘုန်းကြီးစိုးရိမ်တာက ဒကာ ဒကာမတွေကို တဲ့ ဘယ်လိုစိုးရိမ်သလဲလို့မေးလို့ရှိရင်ဖြင့် ဥာဏ်အောက်ကို ရောက်အောင်မသွင်းမိမှာဘဲ စိုးရိမ်ရတယ်။
ဝေဒနာက ဖြစ်ပျက်တွေတော့ပြမှာပဲ ၊ ပြတဲ့ အချိန်တိုင်း ခင်ဗျားတို့က ဥာဏ်အောက်ရောက်အောင် မသွင်းမိပြီ ဆိုမှဖြင့် ဝေဒနာက တဏှာဘာက်သွားမှာပဲ။
တဏှာဘက်သွားတော့ ဥပါဒါန်ဘ၀ ၊ဇာတိ၊ ဇရာ၊ မရဏဆိုတော့ သေမင်းထိုးအပ်လိုက်တယ် ၊ ကြောက်စရာဘယ်လောက်ကောင်းသလဲ ( ကောင်းပါတယ် ဘုရား ) ။
ဒါဖြင့်ဥာဏ်အောက်ရောက်အောင် သွင်းလို့ရှိရင်ဖြင့် သေမင်းထိုးအပ်သေးရဲ့ လား( မအပ်ပါဘုရား)။
ဥာဏ်အောက်ရောက်အောင် မသွင်းလို့ရှိရင်ဖြင့် ဝေဒနာပစ္စယောတဏှာ ဝေဒနာနောက်က ဥာဏ် မလာပဲနဲ့ တဏှာလာတယ်၊ အဲဒီတဏှာလာပြီဆိုမှဖြင့် ဥပါဒါန်၊ ဘ၀ ၊ဇာတိဇရာမရဏဆိုတော့ တဏှာက သေမင်းထိုးမအပ်ဘူးလား ( အပ်လိုက်ပါတယ်ဘုရား ) ။
အဲဒီကျရင်ဖြင့် ဘုန်းကြီးတို့က မတတ်နိုင်ဘူး ။
ဥာဏ်အောက်ကိုသာ သွင်းမယ်ဆိုရင်ဖြင့် သေမင်းလက်တွင်းက လွတ်ကင်းတယ်ဆိုတာ ရဲဝင့်စွာ တာဝန်ခံတယ် ( မှန်လှပါဘုရား ) ။
ဒါဖြင့် နေတတ်ကြပြီလား ( နေတတ်ပါပြီဘုရား ) ဘယ်သူ့အားကိုးမယ် ( ၀ိပဿသနာ ဥာဏ်ပါဘုရား )၀ိပဿနာဥာဏ်အားကိုး ။
ဘယ်သူကပြောပြော မယုံနဲ့နော် ( မယုံပါဘုရား ) အေး ပြောလို့ရှိရင်ဖြင့် တစ်ဖက်နားနဲ့သာ ထား လိုက်ပါ ။ ခင်ဗျားတို့ထုံးစံအတိုင်းပေါ့ဗျာ ။
သူကတော့ ပြောရှာတယ် ကျုပ်ကအယုံအကြည်မရှိတော့ တစ်ဖက်နားထားလိုက်တာပေါ့ဗျာ၊ အဲဒီတစ်ဖက်နားလေးကို ဒီနေရာသုံးပစ်စမ်းပါ ၊ရိပ်မိပလား ( ရိပ်မိပါပြီ )။
လိပ်လိုနေရမယ်
ဒီလိုဆိုရင် ဘာကြောင့်ကြစရာရှိသေးလဲ ( မရှိပါဘုရား ) ။
ကဲ - ဘယ်လိုနေကြမယ် ဒါဖြင့် ( လိပ်လိုနေပါလိမ့်မယ်ဘုရား ) လိပ်လိုနေရမယ် ဘယ်အပေါက်က လာလာ ခြေထောက်ကလာလည်း ဥာဏ်အာက်သွင်း လိပ်ခွံအောက်သွင်းသလို ဘယ်ဝေဒနာလာလာ ဥာဏ်အောက်ရောက်အောင် လုပ်လိုက်လို့ရှိရင် ကိစ္စပြီးပါတယ်လို့ ဆုံးဖြတ်ချက်ချ ( ချပါမယ်ဘုရား ) ။
မျက်ရည်ကျ ဇာတ်ကို သိမ်းကြပါ
ကိစ္စပြီးတာလည်း ကုမာရကဿဖမယ်တော်မှာသူ့ကိုယ်သူ အားကိုးပြီး ဥာဏ်အောက်ရောက် အောင်သွင်းလိုက်တာနဲ့ ဘယ်သူ့မှ အားမကိုးတော့ဘူး ။
သူ့ဥာဏ်လေးသူအားကိုးလိုက်ပြီးသကာလ ဒီနေ့ညအားကိုးလိုက်တယ် ဒီနေ့ည ခရီးပေါက်တယ်၊ ဟိုအားမကိုးခင်တုံးကတော့ မျက်ရည်ကျတယ် ။
ကဲ - မျက်ရည်ကျမလား မဂ်ရတာကြိုက်သလား ( မဂ်ရတာကြိုက်ပါတယ်ဘုရား ) မဂ်ရတာကြိုက် လို့ရှိရင်မျက်ရည်ကျဇာတ်ကို သိမ်းကြပါတော့ ရိပ်မိကြပလား ( ရိပ်မိပါပြီ ) ။
ကဲ - ဒီနေ့ ဒီတွင်တော်ကြဦးစို့
သာဓု … သာဓု … သာဓု …. ။