ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့ ၌ ဟောကြားတော်မူသော တရားတော်
နိဗ္ဗာန်အကြောင်း (၁)
(၂၁-၁၁-၆၀)
မိုးကုတ်ဝိဿနာအဖွဲ့ချုပ်၏ အမှာစာ
မိုးကုတ်ဆရာတော်ဘုရားကြီးက အသေအချာဟောကြားထားတော်မူသည်မှာ “နိဗ္ဗာန် သဘော မကျဘဲ ၀ိပဿနာအားလုပ်နေလျှင်မရပါ” ဟုဖြစ်ပါသည်။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ နိဗ္ဗာန်နှင့် ပတ်သက်၍ နားလည်ထားသင့်ပါသည်။ သို့သော် သိရှိရန်မှာ သိမ်မွေ့နက်နဲ ခက်ခဲလှသဖြင့် မိုးကုတ်ဆရာတော်ဘုရားကြီး၏ နိဗ္ဗာန်တရားတော်များကို စုပေါင်းပြုစုပြီး ရေးသားလိုက်ရပါသည်။
နိဗ္ဗာန်ဆိုတာရှိပါသလား
ရှင်နာဂသိန် မထေရ်မြတ်ကို မိလိန္ဒမင်းကြီးက “အရှင်ဘုရား နိဗ္ဗာန်ဆိုတာ ရှိပါသလား” ဟု မေးသဖြင့် မထေရ်မြတ်က “မင်းကြီး နိဗ္ဗာန်သည်ရှိသည်” ဟု ဖြေကြားတော်မူသည်။ မင်းကြီးက ဆက်လက်၍ “အရှင်ဘုရားနိဗ္ဗာန်သည် ပစ္စုပ္ပန်လား၊ အတိတ်လား၊ အနာဂတ်လား၊ ဘယ်ကာလမှာ ရှိပါသလဲ” ဟုမေးရာ မထေရ်မြတ်က - “အားလုံး မဟုတ်ပါ။ နိဗ္ဗာန်ရှိသည်မှာ မှန်သည်၊ သို့သော် ကာလသုံးပါးက အလွတ်ဖြစ်သည်” ဟု ဖြေဆိုတော်မူသည်။
နိဗ္ဗာန်ဟာ မရှိဘူးလို့ဆိုရမှာလား
မင်းကြီးက - “အရှင်ဘုရား၊ ဒါဖြင့် နိဗ္ဗာန်မရှိပါဟု ဆိုရမှာပေါ့ဘုရား” ဟု လျှောက်ထားပြန်ရာ မထေရ်မြတ်က ဥပမာပြ၍ ဖြေဆိုတော်မူပါသည်။
“မင်းကြီးဝါးစိမ်းနှစ်လုံးထဲတွင် နဂိုက မီးရှိနှင့်သလား” ဟုမေးရာ “မရှိနှင့်ပါ” ဟုသဖြင့် “ယင်းဝါးနှစ်လုံးကို အချင်းချင်း ကြာကြာပွတ်တိုက်လိုက်လျှင် မီးရှိမလားပေဘူးလား” ဟု မထေရ်မြတ်က မေးပြန်ရာ မင်းကြီးက - “မီးရှိလာပါတယ်ဘုရား” ဟုဖြေကြားတော်မူသည်။ ဆက်လက်၍ “မင်းကြီး ထိုဥပမာ အတိုင်းပင် နိဗ္ဗာန်သည် ကာလသုံးပါးကအလွတ်ဖြစ်သော်လည်း အားထုတ်မှု လုံ့လ၀ီရိယ အစွမ်းကြောင့် ပေါ်လာရသည်။ အားထုတ်သူအဖို့၌ နိဗ္ဗာန်သည်ရှိသည်ဟု မှတ်ရမည်ဖြစ်ကြောင်း” မထေရ်မြတ်က ဖြေဆိုသဖြင့် မင်းကြီးက “မှန်လှပါ သဘောကျ၊ ကျေနပ်ပါပြီဘုရား” ဟု လျှောက်ထားတော်မူသည်။
နိဗ္ဗာန်သည် လုံးရပ်သဏ္ဍာန်နှင့် ထင်ရှားရှိပါသလား
မိလိန္ဒမင်းကြီးက - “အရှင်ဘုရား နိဗ္ဗာန်ဟာ အထည်ဒြပ် သဏ္ဍာန်နဲ့ ထင်ရှားရှိပါသလား၊ ထင်ရှား မရှိဘူးလား” လို့ မေးလျှောက်သဖြင့် ရှင်နာဂသိန်မထေရ်က - “ဒကာတော် မင်းကြီး နိဗ္ဗာန်ဟာ ဒြပ်သဏ္ဍာန်နဲ့တော့ ထင်ရှားမရှိဘူး” ဟု ဖြေသဖြင့် မင်းကြီးက - “ဒါဖြင့်ဘုရား နိဗ္ဗာန်ဟာ ထင်ရှားမရှိဘူး ဆိုရင် နိဗ္ဗာန်ကို အာရုံပြုတယ် ဆိုတဲ့စကားသည် အလကား မဖြစ်ပေဘူးလား” ဟုမေးပြန်ပါသည်။
ရှင်နာဂသိန်က ယခင် ဥပမာအတိုင်းဖြေဆိုရာ၌ “၀ါးနှစ်လုံးထဲမှာ နဂိုက မီးမပါသော်လည်း ပွတ်ပါများလျှင် မီးထွက်လာပြီး မပွတ်လျှင် မီးမထွက်သကဲ့သို့ နိဗ္ဗာန်သည် အားထုတ်မှ ပေါ်လာသည်၊ အားထုတ်တဲ့ ပုဂ္ဂိုလ်မှသာ မြင်နိုင်သည်၊ တွေ့နိုင်သည်၊ အားမထုတ်လျှင် မမြင်နိုင်ပေဘူး” ဟု မိန့်တော်မူသည်။ နိဗ္ဗာန်သည် အားထုတ်သူများအတွက် ကိုယ့်အနားမှာပင်ရှိသည်။ မီးပွတ်ယောက်ျားကဲ့သို့ မနေမနား အားထုတ်ရမည်ဖြစ်သည်။
နိဗ္ဗာန်သည်တည်ရာရှိပါသလား
မိလိန္ဒမင်းကြီးက - “နိဗ္ဗာန်ဟာ တည်ရာရှိပါသလား၊ ဘယ်နေရာမှာ တည်နေပါသလဲ” လို့ မေးသဖြင့် ရှင်နာဂသိန်က - “ဒကာတော်မင်းကြီး နိဗ္ဗာန်ဟာ တည်ရာမရှိဘူး၊ ဘယ်နေရာတည်တယ်လို့ မဆိုနိုင်ဘူး” လို့ ဖြေဆိုသဖြင့် မင်းကြီးက - “အရှင်ဘုရား ဒါဖြင့် နိဗ္ဗာန်ဟာ မရှိတော့ဘူးလား၊ နိဗ္ဗာန်ရတယ်ဆိုတာ ဘယ်လိုနည်းနဲ့ ရနိုင်ပါသလဲ”
နိဗ္ဗာန်အကြောင်း (၁)
သံသရာမှ ဖြတ်စေတတ်တဲ့တရားနာပါ
တရားနာတယ်ဆိုတာက အသက်ရှင်တုန်း နာနိုင်ကြတယ်နော် … (မှန်ပါ)၊ အသက်ရှင်တုန်း နာနိုင်ကြတယ်နော် … (မှန်ပါ)၊ အသက်ရှင်တုန်း နာနိုင်ကြတော့ ဘာကို နာရမလဲလို့ မေးလို့ရှိရင်ဖြင့် သံသရာမှ ပြတ်စေတတ်တဲ့တရားကို အသက်ရှင်နေတုန်း နာရမယ် … (မှန်ပါ)၊ နို့မို့ ဒီခန္ဓာကြီးဟာ သံသရာလို့ မှတ်ထားကြပါ … (မှန်ပါ)။
ခန္ဓာဟာ သံသရာပဲတဲ့။ ဘာတုံးဆိုတော့ ဒကာ ဒကာမတို့ ဒီဘ၀မှာ စုတိဆိုတဲ့ ခန္ဓာကြီးနဲ့ စုတိစိတ်ကျတယ်၊ ဘာသစ္စာနဲ့လဲ … (ဒုက္ခသစ္စာနဲ့ပါ)၊ သြော် … စုတိ ဒုက္ခသစ္စာနဲ့ ဒီဘ၀မှာ ဒကာ ဒကာမတွေ ဇာတ်သိမ်းရတယ် … သစ္စာနဲ့ ဒီဘ၀မှာ ဒကာ ဒကာမတွေ ဇာတ်သိမ်းရတယ် … (မှန်ပါ)၊ စုတိပြီးတော့ကို သံသရာဆက်လာတော့မယ်ဆိုရင် ပဋိသန္ဓေဆိုတာ နေကြရလိမ့်မယ်၊ ကံပစ်ချသလို မနေရပေဘူးလား … (နေရပါတယ်)။
ပဋိသေန္ဓဆိုတာ ဒုက္ခသစ္စာ
ကဲ … နေတာ နေရပါစေတော့ ဒီပဋိသန္ဓေဆိုတာလည်း ဇာတိ၊ “ဇာတိပိဒုက္ခာ” လို့ဆိုတဲ့အတိုင်း သစ္စတရားဖြစ်လေသောကြောင့် ဒကာ ဒကာမတွေသည် ဘယ်သစ္စာနဲ့ တစ်ခါတွဲရပြန်သလဲလို့ မေးဖို့ မလိုဘူးလား … (လိုပါတယ်ဘုရား)၊ ပဋိသေန္ဓဆိုတာ ဘာသစ္စာ … (ဒုက္ခသစ္စာပါ)၊ သြော် … ဒုက္ခသစ္စာနဲ့ တွဲနေရတယ် … (မှန်ပါ)။
သေတုန်းက ဘယ်သစ္စာနဲ့ သေခဲ့ကြသလဲ (ဒုက္ခသစ္စာနဲ့ သေခဲ့ကြတယ်)၊ ပဋိသေန္ဓ နေတယ်ဆိုတော့ နေတဲ့ သစ္စာကလည်း ဒကာသစ်ရေ၊ ဘာသစ္စာပါလိမ့်… (ဒုက္ခသစ္စာပါ)။
ဒကာကြွယ်ရေ၊ ဦးလှဖူးရေ ဒုက္ခသစ္စာနဲ့ သေပြီး ဒုက္ခသစ္စာနဲ့ နေရတယ် … (မှန်ပါ)၊ ဘယ်မှာ ကံကောင်းအကြောင်းသင့်တယ်ဆိုတဲ့ စကားသုံးနိုင်စရာ မြင်သေးရဲ့ လား … (မမြင်ပါဘုရား)၊ သေတုန်းက ဘာသစ္စာ … (ဒုက္ခသစ္စာပါဘုရား)၊ နေတော့ … (ဒုက္ခသစ္စာပါ)။
နောင်ဘ၀နေပြီးသည်၏ အခြားမဲ့၌ အိုတယ်ဆိုတဲ့ ထိုတရားကြီးနဲ့ နေရပြန်တော့လည်း ဘာသစ္စာတုံး … ။ (ဒုက္ခသစ္စာပါ)၊ ဇရာပိ ဒုက္ခာ … ဆိုတဲ့ ဒုက္ခသစ္စာနဲ့ပဲ ဦးလှဖူးတို့၊ ဒကာကြွယ်တို့ နေကြရပြန်တယ် … (မှန်ပါ)။
တစ်ခါ နာကြ၊ ကျဉ်ကြ၊ ကိုက်ကြ၊ ခဲကြပြန်တော့ ဘယ်သစ္စာနဲ့နေရသလဲ … (ဒုက္ခသစ္စာနဲ့ နေရပါတယ်)၊ သြော် … ဒီဝေဒနာက ဒီတောင်က မတက်ပြန်ဘူးဆိုတော့လည်း သေပွဲဝင်ရတယ် … (မှန်ပါ)၊ သေပွဲဝင်ရတော့လည်း ဘာသစ္စာပါလိမ့် … (ဒုက္ခသစ္စာပါဘုရား)၊ သြော် … ဒါဖြင့် သေတာတော့ အထူးအဆန်းမဟုတ်ပါဘူး၊ သေရတာပါပဲဆိုပြီး စုတိပြီးနောက် တစ်ခုသာ ၀မ်းခေါင်း ပဋိသေန္ဓေနေရပြန်တော့ ဘာသစ္စာတုံး … (ဒုက္ခသစ္စာပါ)။
ဒုက္ခစက်ကြီးသာ လှည့်နေတယ်
အဲ့ဒီမှာ ဒကာသစ်တို့ အားလုံးသော ဒကာ ဒကာမတွေက စဉ်းစားကြပါတော့၊ ကျုပ်တို့ဖြင့် ဒုက္ခစက်ကြီးသာ လှည့်နေတော့တယ် … (မှန်ပါ)၊ ဘာလှည့်နေပါလိမ့် … (ဒုက္ခစက်ကြီးသာ လှည်နေပါတယ်။)
ဒုက္ခစက်ကြီးသာ လှည့်နေတော့တယ်ဆိုတဲ့ ဥစ္စာ ဒါကျုပ်တို့၏ ဖြစ်စဉ်အတန်းအ၀ိုင်းကြီးပေါ့ဗျ … (မှန်ပါ)၊ ကျုပ်တို့၏ ဖြစ်စဉ်အ၀ိုင်းကြီးဟာ ဒါပဲဆိုတာ ဒကာ ဒကာမတွေက မှတ်ပြီး သကာလ ထားတော့ သြော် … တို့လူဘ၀၊ နတ်ဘ၀၊ ဗြဟ္မာဘ၀လို့ ပြောဆိုသံတော့ ကြားဖူးပါရဲ့ ၊ ခန္ဓာတွေ လှည့်ပတ်နေကြပုံ ကြည့်ရတာကတော့ အဲ့ဒီပြောဆိုသံကြားတာနဲ့ ခန္ဓာလှည့်နေပုံနဲ့ဖြင့် တခြားစီပဲ … (မှန်ပါ)၊ ခန္ဓာလှည့်နေပုံကတော့ ဘာစက်ကြီး လှည့်နေပါလိမ့် … (ဒုက္ခစက်ကြီးလှည့်နေပါတယ်)။
ပြောသံကြားတာကတော့ လူခန္ဓာပြီး နတ်ခန္ဓာ၊ နတ်ခန္ဓာပြီး၊ ဗြဟ္မာခန္ဓာ၊ ဗြဟ္မာခန္ဓာပြီး လူ့ခန္ဓာလို့ပြောတော့ ပြောနေတာပဲတဲ့၊ အပြောကတစ်မျိုး၊ အတွေ့က တစ်မျိုးဖြစ်နေတယ် … (မှန်ပါ)၊ အတွေ့က ဘာစက်ကြီး လည်နေပါလိမ့် … (ဒုက္ခစက်ကြီး လည်နေပါတယ်)။
အပြောမယုံနဲ့၊ ကိုယ်တွေ့ကိုယုံ
အဲ့ဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သတိပေးလိုက်ပါတယ်၊ အပြောမယုံနဲ့ ဒကာ ဒကာတွေ ကိုယ်တွေ့ ယုံကြ … (မှန်ပါ)။
အပြော … (မယုံရပါဘူး)၊ ကိုယ်တွေ့ကို … (ယုံရပါမယ်)၊ ကိုယ်တွေ့ကျတော့ ဘာစက်ကြီးလည်း နေသတုံး … (ဒုက္ခစက်ကြီးလည်နေပါတယ်)၊ ဒုက္ခစက်ကြီးလည်နေတယ်ဆိုတာ ရှင်းကြပလား … (ရှင်းပါပြီ)။
ဘယ်လောက်ကြာခဲ့ပလဲတဲ့၊ ဒကာသစ်၊ ဒကာကြွယ်တို့၊ ဦးလှဖူးတို့ မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ … (မရေတွက်နိုင်ပါဘုရား)၊ အရှင်ဘုရား … ဘုရားတောင် အစရှာ မတွေ့ပါဘုရား … (မှန်ပါ)။
ဘယ်လိုမှတ်ကြမယ် … (ဘုရားတောင် အစရှာမတွေ့ပါဘုရား)၊ ဘာစက်လည်နေပါလိမ့် … (ဒုက္ခစက်ကြီးလည်နေတာပါ)၊ ဒကာကြွယ်ရေ ကြောက်စရာကြီး … (ကြောက်စရာကြီးပါဘုရား)၊ အင်မတန် ကြောက်စရာကောင်းပါလား … (မှန်လှပါဘုရား)။
ကိုယ့်ခန္ဓာလှည့်နေတာကိုယုံကြပါ
ဒကာ ဒကာမတို့ ခင်ဗျားတို့ သူများပြောသံကြား မယုံနဲ့နော်၊ ကိုယ်ခန္ဓာလှည့်နေတာ ယုံကြည်ကြပါ … (မှန်ပါ)၊ သူများကတော့ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာလို့ ချမ်းသာတွေကို ဒကာကြွယ် ဆိုင်းဘုတ်တော့ ဆွဲကြလိမ့်မယ် … (မှန်ပါ)၊ သူများဆွဲတာနဲ့ ခင်ဗျားတို့က နှုတ်ယောင်လိုက်ပြီးသကာလ လူချမ်းသာဖြင့် ရ,ရပါလို၏၊ နတ်ချမ်းသာဖြင့် ရ,ရပါလို၏။ ဗြဟ္မာချမ်းသာဖြင့် ရ,ရပါလို၏လို့ မယောင်လိုက်ပါနဲ့နော် … (မှန်ပါ)၊ ခန္ဓာလှည့်ပုံကတော့ ဘာစက်ကြီးလည်နေပါလိမ့် … (ဒုက္ခစက်ကြီးလည် နေပါတယ်ဘုရား)၊ အဲ … ဆိုင်းဘုတ် ယုံမလား၊ ကိုယ် ကိုယ်တိုင်လည်ရတာယုံမလား … (ကိုယ် ကိုယ်တိုင် လည်နေတာ ယုံပါမယ်)။
သြော် … ဒါဖြင့် ဒီစက်ကြီးဟာလည်း အစရှာမတွေ့ဘူး၊ တစ်ဝိုင်းတည်းသာဝိုင်းပြီး တစ်လည်တည်းသာ လည်နေတော့တာပဲဆိုတဲ့ဥစ္စာ ရှင်းသွားပြီး … (ရှင်းပါပြီဘုရား)။
သစ္စာမသိလို့လည်ရတာ
ဘယ့်နှယ်ကြောင့် ဒီအလည်ကြီး၊ ဒုက္ခစက်ကြီးသာလျှင် လည်နေရပါလိမ့်မလဲလို့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးသည် ဘုရားဖြစ်မှ တွေးကြည့်ပြန်တော့လည်း သြော် … သစ္စာမသိလို့ လည်ရတဲ့ အဖြစ်ဆိုးပါးလားလို့ ပေါ်လာတယ် … (မှန်ပါ)၊ ဘယ်လိုပေါ်လာပါလိမ့် … (သစ္စာမသိလို့ လည်ရတဲ့ အဖြစ်ဆိုးပါဘုရား)။
ငါဘုရားသခင်ကိုယ်တော်မြတ်ကြီးလည်း သစ္စာမသိခင်တုန်းက သူတို့လိုပဲ လည်ခဲ့ရတဲ့ အဖြစ်ဆိုးနဲ့ နေခဲ့ရတယ် … (မှန်ပါ)၊ ငါ၏ တပည့်သားတွေကိုလည်း ငါမှတရားတည်း ဟူသော ဆေးကို မကုလို့ရှိရင်ဖြင့် ဒီဝေဒနာစက်ကြီးဟာ လည်နေတော့မှာဆိုတာ သနားတော်မူတယ် … (မှန်ပါ)၊ ဒီဝေဒနာစက်ကြီးဟာ လည်နေတော့မှာဆိုတာ သနားတော်မူတယ် … (မှန်ပါ)၊ ဒီဝေဒနာစက်ကြီးသာ လည်နေတော့မှာပဲဆိုတာ ဒကာကြွယ် သနားတော်မူတယ် … (မှန်ပါ)၊ ဒါကြောင့် ဆေးမီရင် လူနာသည် သက်သာလာပါလိမ့်မယ်လို့ မှတ်လိုက်စမ်းပါ … (မှန်ပါဘုရား)၊ ဆေးမီရင် … (လူနာ သက်သာသွားမှာပါဘုရား)။
သစ္စာဆေးကို တိုက်ကျွေးတော့မယ်
အဲ့ဒါကြောင့် ဒကာ ဒကာမတွေ ဘုန်းကြီးသည် ယနေ့ သစ္စာဆေးကို တိုက်ကျွေးတော့မယ်ဆိုတာ မှတ်ရပါမယ့် … (မှန်ပါဘုရား)၊ ဆေးမီသေးပါတယ်နော် … (မှန်လှပါဘုရား)။
အခု သစ္စာဆေးတိုက်ကျွေးတာမှ မမီလိုက်လို့ လွန်သွားတဲ့ ပုဂ္ဂိုလ်တွေ၊ တိုက်ငြားသော်လည်း မသောက်တဲ့ပုဂ္ဂိုလ်တွေ အတွက်ဖြင့် ဘာများဖြစ်ကြမှာပါလိမ့်မလဲလို့ ဒကာသစ်တို့၊ ဒကာကြွယ်တို့က မေးလို့ရှိရင်ဖြင့် ဒုက္ခစက်သာ လည်ပတ်နေတော့မှာပဲ … (မှန်ပါ)။
သစ္စာဆေးမမီလိုက်တဲ့ ပုဂ္ဂိုလ်တွေ ဘယ်လိုဖြစ်ကြမယ်ထင်သေတုံး … (ဒုက္ခစက်သာ လည်ပတ်နေမှာပါ)၊ သစ္စာနဲ့ တွေ့ပါလျက်သားနဲ့ သစ္စာနားထဲလည်း မထောင့်တဲ့ ပုဂ္ဂိုလ်၊ မကျင့်တဲ့ပုဂ္ဂိုလ်များလည်း သူတို့သည် ဘာဖြစ်ကြမလဲ ဆိုတာကော တွေးမိကြရဲ့ လား … (တွေးမိပါတယ်)၊ ဘယ်လိုတွေးမိကြသလဲ … (ဒုက္ခစက်သာ လည်ပတ်နေမှာပါ)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
အာဠာရ ရသေ့ကြီး
အာဠာရ ရသေ့ကြီးများကျတော့ ဘုရားက သစ္စာသိပြီးလို့ သစ္စာဟောမယ်လို့ ဟောဖို့ရာလည်း ဥာဏ်လည်း ရပါရော အသေက စောသွားတယ်၊ ကမ္ဘာပေါင်းခြောက်သောင်း ဒုက္ခစက်လည်နေရတယ် … (မှန်ပါ)၊ လူနာဆေးမမီလိုက်တာနဲ့ ကမ္ဘာပေါင်းများစွာ ဒုက္ခစက်လည်ရတယ် … (မှန်ပါ)၊ နာလိုက်တဲ့ဖြစ်ခြင်း … (မှန်ပါ့)။
သစ္စာဆေး တိုက်ကျွေးမှု မမီလိုက်တာနဲ့ အာဠာရရသေ့ကြီး ဒါလောက်ထိအောင် ဒုက္ခစက်လည်ရပါတယ် … (မှန်ပါ)၊ ကမ္ဘာပေါင်းသောင်းချီပြီး လည်ရတယ်။ နှစ်ပေါင်း မဟုတ်ဘူးနော်၊ ကမ္ဘာပေါင်း ၆သောင်းလည်ရတာ ဒကာ ဒကာမတို့ ….(မှန်ပါ)။
ဥဒက ရသေ့ကြီး
ဥဒက ရသေ့ကြီးဘုရားက သစ္စာသိတဲ့ရက်နဲ့ သူက သေနှင့်တာ တစ်ရက်တည်း စောသွားတယ် … (မှန်ပါ)၊ သေတာတစ်ရက်တည်း စောသွားတာနဲ့ ဘုရားကဟောမယ်လို့ စဉ်းစား၊ စဉ်းစားလိုက်တဲ့အခါ အသေတစ်ရက်စောနေတာနဲ့ ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင် ဒကာ ဒကာမတို့ ဒုက္ခစက်လည်ပြီး ကျန်ရစ်တယ် … (မှန်ပါ)
ဦးဘအုန်း သွားရောပေါ့ဗျာ … (သွားပါပြီ ဘုရား)၊ တစ်ချက်တည်း ဆေးလွှဲသွားလိုက်တာ ကမ္ဘာပေါင်းရှစ်သောင်း လေးထောင် ဒုက္ခစက်လည်ရတယ် ဦးလှဖူးရေ၊ ဒီထက်အရှုံးများ ရှိသေးသလား … (မရှိပါဘုရား)။
အရှုံးကြီးရှုံးရတယ်
အဲဒါကြောင့် တရားနာတဲ့ ဒကာ ဒကာမတွေ၊ တရားအားထုတ်နေတဲ့ ဒကာ ဒကာမတွေ သစ္စာမမီလိုက်လို့ အရှုံးကြီး ရှုံးရတယ် … (မှန်ပါ)၊ အာဠာရက ဘယ်လောက်တဲ့ … (ခြောက်သောင်းပါ)၊ ဥဒက,က ဘယ်လောက်တဲ့ … (ရှစ်သောင်း လေးထောင်ပါဘုရား)၊ ကမ္ဘာပေါင်း ခြောက်သောင်းနဲ့ ရှစ်သောင်းလေးထောင် ရှုံးလိုက်ရတာ၊ ဒကာသစ်ရေ ဒုက္ခစက်လည်နေရတယ် … (မှန်ပါ)၊ သုခမပါဘူးနော် … (မှန်ပါ)၊ ခံနိုင်ရည်ရှိပါ့မလား … (မရှိပါဘုရား)၊ ဘယ်သူမှ ခံနိုင်ရည်ရှိမယ်လို့ ဒီတရားပွဲထဲမှာ သတ္တိကောင်း … (မပါပါဘုရား)၊ ပါနိုင်စရာ မြင်သေးရဲ့ လား … (မမြင်ပါဘုရား)။
ပဉ္စ၀ဂ္ဂီငါးဦး
ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်လာပြီး ဘယ်သူ့ကို သစ္စာဆေး အရင်တိုက်ရပါ့မတုံးလို့ ရှာတဲ့အခါကျတော့ ပဉ္စ၀ဂ္ဂီငါးဦးကို သွားတွေ့တယ် … (မှန်ပါ)၊ သူတို့ကျတော့ သစ္စာဆေးမီတဲ့အတွက် ခုနင်က ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင်သမားတွေလို မဟုတ်တော့ဘူး၊ ဒုက္ခစက်ပြတ်ပြီး သကာလ သုခကြီးသာ ရတော့တယ်ဆိုတာ အထင်အရှားပေါ့ဗျာ … (မှန်ပါ)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သစ္စာဆေးပဲ ယနေ့တိုက်ကျွေးပါတော့မယ်ဆိုတာ မှတ်ရလိမ့်မယ် … (မှန်ပါ)၊ သစ္စာဆေးပဲ တိုက်ကျွေးရလို့ရှိရင်ဖြင့် ကမ္ဘာပေါင်း ခြောက်သောင်းလည်း ဒုက္ခစက်မလည်တော့ပါဘူး … (မှန်ပါ)၊ ကမ္ဘာပေါင်းရှစ်သောင်းလေးထောင်လဲ … (ဒုက္ခစက်မလည်တော့ ပါဘုရား)။
ဒုက္ခစက်ဆိုတာ တခြားမဟုတ်ပါဘူး၊ ဒကာ ဒကာမတွေ၊ သူများပါးစပ်ထဲ သေရတဲ့ ၀တွေပြောတာပါ… (မှန်ပါ)၊ အပါယ်ငရဲမှာ သူများညှဉ်းဆဲတာခံနေရတဲ့ ဘ၀တွေ ပြောတာပါ … (မှန်ပါ)။
ဆေးမိသေးတယ်
ကိုင်း … ဒါဖြင့် ဒကာ ဒကာမတို့ ဒီလို တရားနာလာကြတဲ့ ဒကာ ဒကာမတွေ၊ တရားအားထုတ်ကြတဲ့ ဒကာ ဒကာမတွေဟာ ဒကာကြွယ် ဆေးမီသေးတယ်လို့ဆိုကြစို့ … (မှန်ပါ)၊ ဘယ်လောက် ကိုယ့်ကံထူးတယ်ဆိုတာ ပေါ်လာကြပလား … (ပေါ်လာပါပြီ)။
ကိုင်း … ဒကာ ဒကာမတွေ ဆေးမမီလို့ လွန်ကျွံကုန်တာတွေ ကျုပ်တို့ ၀မ်းနည်းစရာ မလိုပါဘူး … (မှန်ပါ)၊ ဆေးမီတဲ့ ပုဂ္ဂိုလ် မသောက်မိမှာ ၀မ်းနည်းစရာကောင်းတယ် … (မှန်ပါ)၊ ဆေးမမီလိုက်လို့ မသေစောသွားတဲ့ ပုဂ္ဂိုလ်တွေအတွက်ဖြင့် လမ်းနေစရာလည်း မလိုပါဘူး၊ တိုက်ကို မတိုက်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါသွားတယ် … (ပါသွားပါတယ်ဘုရား)၊ ဆေးမီလျက်နဲ့ မသောက်လိုက်ရတဲ့ ပုဂ္ဂိုလ်အတွက်မှာ သာပြီး အရုပ်ဆိုး အကျည်းတန်တော့တယ်ဆိုတာ မှတ်လိုက်စမ်းပါ … (မှန်ပါ)၊
ဒါကြောင့် ဒီ ဒကာ ဒကာမတွေ ဆေးလည်းမီတယ်၊ သောက်ဖြစ်အောင်လည်း သောက်ပါဆိုပြီး ဒီနေရာကနေပြီး မေတ္တာရှေ့ ထားပြီး ပြောကြားနေပါတယ် … (မှန်ပါ)။
သစ္စာဆေးကို တိုက်ကျွေးကြစို့
ကိုင်း … ဒါဖြင့် ဒကာ ဒကာမတို့ အချိန်ကြာပြီး သကာလ မနေဘဲနဲ့ သစ္စာဆေးကို တိုက်ကျွေးကြစို့ … (မှန်ပါဘုရား)၊ သစ္စာဆေးကို တိုက်ကျွေးကြစို့ ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ သစ္စာဆိုတာ တခြားမဟုတ်ပါဘူး၊ နီးလျက်နဲ့လည်း မဝေးကြပါနဲ့ဆိုတာ သတိပေးလိုက်တယ် … (မှန်ပါ)၊ ယခု တရားနာနေတဲ့ ခန္ဓာဟာ ငါးပါးစုံပါတယ်နော် … (မှန်ပါ)၊ ငါးပါးစုံနေတဲ့ ခန္ဓာငါးပါးထဲက တစ်ပါးပါးဖောက်ပြန် တာဟာ သစ္စာသာ မှတ်ပေတော့ … (မှန်ပါ)။
ခန္ဓာငါးပါးထဲက ဝေဒနာပေါ်ပြီး ဝေဒနာပျောက်တာလည်း သစ္စာပဲ … (မှန်ပါ)၊ စိတ်ပေါ်ပြီး စိတ်ကလေး ပျက်စီးသွားတာလဲ … (သစ္စာပါဘုရား)။
သြော် …တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သစ္စာသိရအောင် ကိုယ့်ခန္ဓာထဲ ပေါ်လာတဲ့ ဖြစ်မှုကလေးတွေ၊ ပျက်မှုကလေးတွေကို ဘာခေါ်ကြမယ် … (သစ္စာပါဘုရား)၊ သစ္စာပဲနော် … (မှန်ပါ)။
အဲဒါဟာ ဒုက္ခသစ္စာ
ဒါဖြင့် ဒကာကြွယ်တို့က ကိုယ်ခန္ဓာပေါ်၌ ဝေဒနာပေါ်ရင် ဝေဒနာကလေးဟာ ဖြစ်မှုလည်း ရှိတယ်၊ ပျက်မှုလည်းရှိတယ် … (မှန်ပါ)၊ စိတ်ကလေးပေါ်လာရင်ကော … (ဖြစ်မှုလည်း ရှိတယ်၊ ပျက်မှုလည်း ရှိပါတယ်)။
စိတ်ကလေးပေါ်လာတာဟာ ဒကာသစ်ရာ ဖြစ်တာပါပဲ … (မှန်ပါ)၊ စိတ်ကလေး သက်တမ်းစေ့လို့ ပျောက်သွားတာ … (ပျက်တာပါဘုရား)၊ အဲဒါဟာ ဒုက္ခသစ္စာ … (မှန်ပါ)။
သြော် … ဒါဖြင့် ခုနင်က အာဠာရ, ဥဒကတို့မှာ ဒီခန္ဓာမရှိဘူးလား … ရှိသလားလို့ မေးကြလို့ရှိရင် ဒီခန္ဓာ ရှိပါရဲ့  … (မှန်ပါ)။ ဒကာကြွယ်ရေ သစ္စာမှန်း သိမသွားရှာဘူး … (မှန်ပါ)။ ဒါတွေ ဒုက္ခသစ္စာ ပါကလားလို့ သိမသွားရှာဘူး … (မှန်ပါ)။ သစ္စာသိတာသည်ကား လို့ဆိုရင် ဥာဏ်ပဲ … (မှန်ပါ)။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ … (မှန်ပါ)။
သိတဲ့ဥာဏ်ကမဂ္ဂသစ္စာ
အဲဒီ မဂ္ဂသစ္စာကလေးနဲ့ သိသိ သိသိပြီးသကာလ ခန္ဓာကိုယ်မှာ ပေါ်တိုင်း ပေါ်တိုင်း ၀ိပဿနာခေါ်တဲ့ ပုဗ္ဗဘာဂမဂ်ကလေးနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သိသိနေရမယ်နော် … (မှန်ပါ)။ ဖြစ်ပျက်ကလေးဟာ … (ဒုက္ခသစ္စာပါ)၊ သိတဲ့ဥာဏ်ကလေးက ဘာပါလိမ့် … (မဂ္ဂသစ္စာပါ)။
ဒီလိုချည့် ဒကာ ဒကာမတွေက ခန္ဓာကိုယ်ထဲမှာ ကြည့်ကြည့်ပြီးသကာလ နေလိုက်စမ်းပါဆိုတာကို ဘုန်းကြီးက သစ္စာရေ တိုက်ကျွေးမယ် … (မှန်လှပါ)။
ခန္ဓာကိုယ်ထဲ ဖြစ်မှု ပျက်မှုက … (ဒုက္ခသစ္စာပါ)၊ ဖြစ်မှုပျက်မှုကလေး ကိုယ်တိုင်မြင်လိုက်တာ ကလေးက … (မဂ္ဂသစ္စာပါ)၊ ကိုယ်ပိုင် ဥာဏ်ကလေးကလည်း မဂ္ဂသစ္စာကလေးဖြစ်နေတော့ ဒီဒကာ ဒကာမတွေမှာ သံသရာကျင်လည်ခဲ့ရတယ်ဆိုတာ ဒီဥာဏ်ကလေး မပေါ်လိုက်တာပဲ … (မှန်ပါ)၊ သံသရာ ကျင်လည်ပြီးသကာလ အိုဘေး၊ နာဘေး၊ သေဘေး တွေနဲ့သားကွဲ၊ မျိုးကွဲ၊ ဆွေကွဲ၊ မျိုးကွဲ၊ ရူးလိုက် နောက်လိုက် အ၀တ်မကပ်တဲ့ ဘ၀တွေဖြစ်လိုက်၊ ဒယ်အိုးထဲအော်ကာ ဟစ်ကာနဲ့ ၊ နေတဲ့ဘ၀တွေဖြစ်လိုက်၊ တိရစ္ဆာန်များလို လေးချောင်းထောက်၊ ကင်းခြေများလို ခြေတွေအများကြီးနဲ့ ထောက်သွားတဲ့ ဘ၀တွေဖြစ်လိုက်၊ သူများပါးစပ်ထဲ သေရတဲ့ဘ၀တွေဖြစ်လိုက်၊ ခုနင်က သစ္စာမဂ်ရေစင်ကလေး မသောက် လိုက်ရလို့ပဲ … (မှန်ပါ့)။
သစ္စာသိတဲ့ မဂ်ရေစင်ကလေး မသောက်လိုက်ရတဲ့အတွက် ဒီဥစ္စာ ဒကာ ဒကာမတို့ ဒီဒုက္ခတွေဟာ စက်ရေဟတ်လို လည်နေရတယ်ဆိုတာ ဒကာကြွယ် ရိပ်မိပြီ … (ရိပ်မိပါပြီဘုရား)၊ ဦးလှဖူး ရိပ်မိပြီ … (ရိပ်မိပါပြီဘုရား)၊ ဒီမဂ်ရေစင်ကလေး မသောက်လိုက်ရတဲ့ အဖြစ်ဟာ တယ်ဆိုးပါကလား … (ဆိုးပါတယ် ဘုရား)။
မဂ်ရေစင်သောက်ပါလို့ပြောတာ
ဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ကို ဆရာဘုန်းကြီးတွေက ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်ရှုပါ - ဖြစ်ပျက်ရှုပါလို့ဆိုတာ မဂ်ရေစင်သောက်ပါလို့ပြောတာ … (မှန်ပါ)။
အဲဒီသစ္စာမဂ်ရေစင်ကလေး တစ်ခွက်သောက်လိုက်ရတော့ ဒကာ ဒကာမတွေ ဘာဖြစ်သွားသလဲလို့ မေးဖို့ မလိုဘူးလား … (လိုပါတယ်)။ သြော် …နောက်လာမည့် ဒုက္ခရေစက်ရဟတ်ကြီး အကုန်ရပ်စဲရတယ် … (မှန်ပါ)။
နောင်လာမည့် စက်ရဟတ်ကြီးဟာ အကုန်ရပ်စဲရတယ်ဆိုတော့ ဒါကလေး သောက်ဖို့ရာဟာ ဒုက္ခပေါင်း ကမ္ဘာများစွာ လည်ရဦးမှာ၊ ဒီမဂ်ရေစင်တစ်ခွက်နဲ့ အကုန်ပျောက်ပါတယ် … (မှန်ပါ)။ မသောက်သင့်ဘူးလား … (သောက်သင့်ပါတယ်)။
ဒုက္ခပျောက်ဆေးမဂ်ရအေး
ဒါကြောင့် ဘုန်းကြီးဆီမှာ နေကြတဲ့၊ တရားအားထုတ်နေကြတဲ့ ယောဂီတွေ၊ တရားနာပြီးနေကြတဲ့ ဒကာ ဒကာမတွေ အချိန်တိုင်းသောက်ပေးစမ်းပါ … (မှန်ပါ)၊ ဒုက္ခပျောက်ဆေး မဂ်ရေအေးဆိုတာ ဒါပါပဲ … (မှန်ပါ)။
ဒါဖြင့် ဒကာသစ်ရေ ဒီပြင်ဟာ ထမင်းမစားရချင်နေပါစေ၊ ထမင်းမစားရလို့ ဟိုဘက်မှာ ခွေလဲ မဖြစ်နိုင်ပါဘူး၊ ငရဲလည်းမကျပါဘူး … (မှန်ပါ)၊ ဒါကလေး မသောက်ရလို့ ရှိရင်ဖြင့် ဟိုဘက်ငရဲလည်း ကျရဦးမယ်၊ ခွေးတိရစ္ဆာန်၊ ၀က်တိရစ္ဆာန်တွေလည်း ဖြစ်ရဦးမယ်ဆိုတော့ အို … မစားရချင်နေပါစေ၊ ဒီမဂ်ရေအေးပဲ သောက်နေတော့မယ်ဆိုလို့ရှိရင်ဖြင့် ကျုပ်တို့သည် ဒုက္ခစက်ရဟတ်ကြီး ရပ်စဲသွားပါလိမ့်မယ် … (မှန်ပါဘုရား)။
ဒါကြောင့် ဒကာကြွယ် ဘန်ကောက်ထည်တွေ မမြတ်တာ မပူစမ်းပါနဲ့၊ ပိုးမရလို့ မခတ်ရရင် မပူစမ်းပါနဲ့၊ ဒကာသစ်ကလည်း ဆိုင်မှာ ဘယ်သူမှ လာမ၀ယ်လို့ မရောင်းရမှာ မပူစမ်းပါနဲ့ … (မှန်ပါ)။ ဒီမဂ်ရေစင်အေးအေးကို မသောက်ရတဲ့ အရေးသာလျှင် ခက်ပါတယ် … (မှန်ပါ)။
ဒါကြောင့် ဒါကလေး ကြိုးစားကြစမ်းပါဆိုတော့ ဘုန်းကြီးက တစ်ဖက်သတ်တွန်းတယ်လို့ ခင်ဗျားတို့ ဒီအသံမထွက်ပါနဲ့ … (မှန်ပါ၊ တစ်ဖက်သတ်တွန်းတာ မဟုတ်ဘူး ဒကာ ဒကာမတို့ရဲ့ နော် … (မှန်ပါ)၊ ခင်ဗျားတို့ အမြင်ကသေးလွန်လို့၊ နောင် ပြင်မရတဲ့ အချိန်မှ ပြင်မပေးနိုင်လို့ ဒါသာသောက်ပါ။ မကြိုက်လဲ သောက်ပါ။ ကြိုက်လည်း သောက်ပါလို့ ဇွတ်တိုက်နေတာပဲ … (မှန်ပါ)။ သသောပါကြပလား … (ပါ-ပါပြီ)။
မကြိုက်လဲ ဖြစ်ပျက်ရှု၊ ကြိုက်လည်းဖြစ်ပျက်ရှု
မကြိုက်လဲ ဒီဖြစ်ပျက်ရှုတဲ့ မဂ်ဟာ ဖြစ်အောင်လုပ်ရမှာပဲ … (မှန်ပါ)၊ ကြိုက်လည်း ဖြစ်ပျက်ရှုတဲ့မဂ်ကို ဒကာ ဒကာမတွေ အားထုတ်ရမှာပဲ ဆိုတာ မှတ်လိုက်စမ်းပါ … (မှန်ပါဘုရား)၊ သဘောပါပလား … (ပါ-ပါပြီဘုရား)။
အဲဒီတော့ ဒီမဂ်ရေအေးသောက်လိုက်ရတဲ့အတွက် ဒီကိလေသာ အပူဓာတ်တွေက အကုန်ငြိမ်းပြီး ရပ်သွားတယ် … (မှန်ပါ)၊ ကိလေသာကြောင့် ဖြစ်ရတဲ့ ဒုက္ခတွေက ကိလေသာမှ မရှိဘဲနဲ့ (၀ါ) သမုဒယသစ္စာမှာ မရှိဘဲနဲ့၊ နောင်ခန္ဓာ ဒုက္ခ စက်ရဟတ်ကြီးလည်နိုင်ရဲ့ လား … (မလည်နိုင်ပါဘုရား)။
အဲဒါကြောင့် ဖြစ်ပျက်သည် ဘာသစ္စာ … (ဒုက္ခသစ္စာပါဘုရား)။ ရှုတဲ့မဂ်သည် … (မဂ္ဂသစ္စာပါ)၊ အချိန်မီသေးလို့ ခင်ဗျားတို့ သြော် … ရှုလိုက်ရင် မဂ်ရသေးတယ်ဟ … (မှန်ပါ)။
ရှုလိုက်ရင် မဂ်ရသေးတယ်ဟဆိုတာ ဒကာကြွယ် အခါကောင်း အချိန်ကောင်း အသေမဦးလို့ ကြားရတာ … (မှန်ပါ)။ အာဠာရမှာ ကမ္ဘာသောင်းချီပြီး ဒါကလေးတစ်လုံး မသောက်ရတာနဲ့ ဒုက္ခစက်ရဟတ် ခန္ဓာဇာတ်ကြီးသည် အိုဘေး၊ နာဘေး၊ သေဘေး တွေနဲ့ တွေ့ကြုံလိုက်ရတာ၊ ကမ္ဘာများစွာ … (မှန်ပါ)။ ဦးဘအုန်း မနာလားဗျာ … (နာပါတယ်ဘုရား)။
ဖြစ်ပျက်သည် ဒုက္ခသစ္စာ၊ ရှုတဲ့ဥာဏ်က မဂ္ဂသစ္စာလို့မှတ်ပါ၊ ရှုတဲ့ဥာဏ်ကလေး ကိုယ့်ဝမ်းထဲ မရောက်လိုက်တာနဲ့ ဥဒက ရသေ့ကြီးဟာ ကမ္ဘာပေါင်းရှစ်သောင်းကျော် ဒုက္ခစက်ရဟတ်ကြီးလည်ရတယ် … (မှန်ပါ)။ မနာဘူးလား … (နာပါတယ်)။
ဇွတ်တိုက်နေရတယ်
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြိုက်လည်း သောက်ရမှာပဲ၊ မကြိုက်လဲ … (သောက်ရမှာပဲ)။
မကြိုက်လဲ သောက်ဆိုတော့ ဘုန်းကြီးက ဇွတ်တိုက်တာလားဆိုတော့ ခင်ဗျားတို့က ပျောက်စေတတ်တဲ့ ဆေးပေးငြားသော်လည်း ခါးသလေး၊ ဖန်သလေး၊ မအားဘူးဆိုတာတွေဟာ ကလေးရှောင် - ရှောင်ပြီး ကလေးမိုက်-မိုက်နေလို့ မကြိုက်လဲ သောက်ဟေ့ … (မှန်ပါ)၊ ဇွတ်တိုက်နေရတယ် ဆိုတာ သဘောပါပလား … (ပါ-ပါပြီ)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ကမ္ဘာပေါင်းများစွာ ဒုက္ခကြီးကို ဒါကလေးတစ်စက်နဲ့ ပျောက်ပါတယ်ဆိုတဲ့ ဥစ္စာ ဦးဘအုန်း မသောက်ထိုက်ဘူးလားဗျာ … (သောက်ထိုက်ပါတယ်ဘုရား)။ ဒါဖြင့် ပေပြီးသောက်ပါလို့ ဒကာကြွယ်တို့ တောင်းပန်ပါတယ် … (မှန်ပါ)။ ရှင်းကြပလား … (ရှင်းပါပြီဘုရား)။ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ ကြိုးစားကြပါစို့၊ ကြိုးစားကြပါဦးနော် … (မှန်ပါ)။
ဘယ်အပေါ်မှာ ကြိုးစားရမှာလဲ
ကြိုးစားလိုက်တော့ ဘုရားတဲ့ တပည့်တော်တို့ ဘယ်အပေါ်မှာ ကြိုးစားမှာလည်းလို့မေးတော့ ဒကာ ဒကာမတို့ မိမိခန္ဓာအပေါ်ကို မိမိဥာဏ်နဲ့ လျှောက်ပြေးပါ … (မှန်ပါ)။ မိမိခန္ဓာပေါ်ကို … (မိမိဥာဏ်နဲ့လျှောက် ပြေးရပါတယ်ဘုရား)။
မိမိခန္ဓာပေါ်ကို မိမိဥာဏ်နဲ့ လျှောက်ပြေးတဲ့အခါကျတော့ “အနိစ္စာ ၀တ သင်္ခါရာ” ကိုး၊ ဖြစ်လိုက်ပျက်လိုက် နေတာပဲ .. (မှန်ပါ)၊ ၀တဧကန္တေန စင်စစ်အားဖြင့်၊ သင်္ခါရာ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့ သင်္ခါရတရားတို့သည်၊ အနိစ္စာဖြစ်ပြီး၍ မရှိကြတော့ဘူးကွတဲ့ … (မှန်ပါ)။ ဖြစ်ပြီး၍ မရှိတာချည်းပဲတဲ့၊ မင်းတို့ ခန္ဓာထဲမှာ … (မှန်ပါ)။ ဒါဖြင့် ခန္ဓာထဲမှာ ပေါ်လိုက် ပျက်လိုက် တရားနှစ်ခုသာ ရှိတော့တယ် ဆိုတာ ပေါ်လာကြပလား … (ပေါ်လာပါပြီ)။
မိမိခန္ဓာထဲ ဘာသာလျှင် ရှိပါလိမ့် …၊ (ပေါ်လိုက်ပျက်လိုက်သာ ရှိပါတယ်)၊ ပေါ်လိုက် ပျက်လိုက်ဆိုတာသာ ဒကာသစ်ရှိတယ် … (မှန်ပါ)၊ အဲ့ဒါ အနိစ္စနဲ့ သင်္ခါရလှည့်နေတာပဲ … (မှန်ပါ)၊ သဘော ကျပလား … (ကျပါပြီ)။
အနိစ္စနဲ့ သင်္ခါရလှည့်နေတာ
အနိစ္စနဲ့ သင်္ခါရ လှည့်နေတာ၊ သင်္ခါရဆိုတာသည် အခုပေါ်တာ၊ ပေါ်လာတဲ့ တရားကလေးပျက် သွားတော့ ဘယ့်နှယ်ဆိုမယ် … (အနိစ္စပါ)။
ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ ဝေဒနာကလေး ပေါ်လိုက် ပျက်လိုက်၊ စိတ်ကလေး ပေါ်လိုက် … (ပျက်လိုက်ပါဘုရား) သညာကလေးပေါ်လိုက် … (ပျက်လိုက်ပါဘုရား)၊ အဲဒါ တစ်ခုခုကို မှတ်ပြီးသကာလ ဝေဒနာကြိုက်တဲ့လူက ဝေဒနာ ရှုလို့၊ စိတ်ကြိုက်တဲ့လူက စိတ်ရှုလို့၊ သစ္စာကြိုက်တဲ့လူက သစ္စာနာမည် တပ်ပြီး ရှုလို့၊ ရုပ်ကြိုက်တဲ့လူက ရုပ်တွေကိုပဲ ဖြစ်ပျက် ရှုလို့နေကြပါမူကား ရှုတဲ့ဥာဏ်ဟာ မဂ်ရေသောက် နေတာပဲ … (မှန်ပါ)။
ရှုတဲ့ဥာဏ်ဟာ ဘာပါလိမ့် … (မဂ်ရေသောက်နေတာပါဘုရား)၊ သြော် … မဂ်ရေစင်အေးကိုဖြင့် သောက်သုံးပြီး သကာလ နေကြတာပဲဆိုတာ ဘယ်ခါကာလမဆို ယုံကြည်ပါ … (မှန်ပါ)၊ ရှင်းပြီးနော် … (ရှင်းပါပြီ)။
အဲဒီကဲ့သို့ ရှုဖန်များလာတဲ့အခါကျတော့ ၀ိပဿနာမဂ်ဆိုတာကလေးက ၀မ်းထဲရောက်ပြီးသကာလ လာတော့ ဒကာ ဒကာမတွေ ကိလေသာတေါဟာ ပါးသွားတာပဲ … (မှန်ပါ)။ သူ လာတယ်ဆိုရင် တဏှာ ဥပါဒါန်၊ ကံတွေဘယ့်နှယ်ဖြစ်သတုံး … (ပါသွားပါတယ်)။
ရှုတဲ့ဥာဏ်က ၀ိပဿနာမဂ်ဓား
ဘယ့်နှယ်ကြောင့် ပါးရပါလိမ့်မတုံးလို့ မေးဖို့မလိုဘူးလား … (လိုပါတယ်)၊ ကိလေသာ ဒုကြီး ဘယ့်နှယ်ကြောင့် ပါးရပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ခုနင်က ရှုတဲ့ ဥာဏ်က မဂ်ဓားကိုဗျ … (မှန်ပါ)၊ ရှုတဲ့ဥာဏ်က ၀ိပဿနာ မဂ်ဓားကနေပြီး ကိလေသာ ဒုတွေ ဆစ်ဆစ် ဆစ်ဆစ်ပြီး ပစ်လိုက်တဲ့အခါ ၀ါးများအပေါ်ယံတွေ ဆစ်လိုက်တော့ အောက်က အသားပါသလို၊ ဒီမှာလည်း ရှုဖန်များလို့ရှိ ရင်ဖြင့် ဒကာသစ်ရေ ကိလေသာဒုဟာ ပါးရတာပဲ … (မှန်ပါ)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ကိုင်း … ဒါဖြင့် ကိလေသာဒု ပါးတာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ကျုပ်တို့မှာ ဒုက္ခအကြောင်းပါးခြင်း ကြောင့် ဒုက္ခအကျိုးပါတာပဲလို့ ဆုံးဖြတ်ချက်ချပါ … (မှန်ပါ)။
အကြောင်းပါသောကြောင့် … (ဒုက္ခအကျိုးပါးပါတယ်ဘုရား)၊ အကျိုးဒုက္ခပါးတယ်ဆိုတာ သေချာပလား …(သေချာပါပြီ)၊ ဒါ့ကြောင့် တဏှာစရိုက်ပေါတဲ့ ပုဂ္ဂိုလ်ဝေဒနာ ဖြစ်ပျက်ရှုပါ … (မှန်ပါ)၊ ငါ-ငါလို့ အစွဲများတဲ့ ပုဂ္ဂိုလ်ဟာ စိတ်ကိုရှုပါ … (မှန်ပါ)၊ တဏှာများတဲ့ ပုဂ္ဂိုလ်ဟာ … (ဝေဒနာကို ရှုရပါမယ်)၊ ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်ဟာ … (စိတ်ကို ရှုရပါမယ်)၊ စိတ်ကို ကြပ်ကြပ်ရှုပေးပါတဲ့။
အနာနဲ့ဆေးသင့်အောင်ပေး
ပညာဥာဏ်ကလေးက ပါလာတဲ့ ပုဂ္ဂိုလ်ဟာ ပင်ကိုကတည်းက ဘယ်ဟာသင်လိုက်သင်လိုက် တတ်လွယ် သိလွယ်တဲ့ ပုဂ္ဂိုလ်ဟာဖြင့် သစ္စာရှုပါ … (မှန်ပါ) သဘောကျပလား (ကျပါပြီ)၊ အင်မတန် ထိုင်းတဲ့ ပုဂ္ဂိုလ်၊ ဥာဏ်အထိုင်းဆုံးပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖြင့် ရုပ်ကိုရှုပါ … (မှန်ပါ)၊ သဘောကျပလား … (ကျပါပြီ)။
ဥာဏ်ထိုင်းတဲ့ ပုဂ္ဂိုလ် ဘာရှုရမယ် … (ရုပ်ကို ရှုပါမယ်)၊ တဏှာများတဲ့ ပုဂ္ဂိုလ် … (ဝေဒနာ ရှုရပါမယ်) ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်စိတ်ရှု ပင်ကိုက ဥာဏ်ကလေးပါလာတဲ့ ပုဂ္ဂိုလ် … (သစ္စာရှုရပါမယ်) ဒါဟာ အနာနဲ့ဆေး သင့်အောင်ပေးနေတယ်လို့ ဦးလှဘူး မှတ်လိုက်စမ်းပါ … (မှန်ပါ)။
ဘယ်လိုမှတ်ရပါ့မယ် … (အနာနဲ့ဆေးသင့်အောင် ပေးနေပါတယ်ဘုရား)။
ဟာ … ဒါဖြင့် အနာနဲ့ဆေး သင့်အောင် ပေးလို့ရှိရင်ဖြင့် တို့ဒကာ ဒကာမတွေ သူ့အနာနဲ့ သူ့ဆေးနဲ့သာ အံကျဖြစ်နေလို့ ရှိရင် ဒုက္ခစက်ကြီးလည်တဲ့ အနာကြီးဟာဖြင့် ဦးဘအုန်း ပျောက်မှာပါပဲ … (မှန်ပါ့ဘုရား)၊ မပျောက်ရှိပါ့မလား … (မရှိပါဘုရား)။
ဘယ်မှာရှုရမှာလဲ
ဒါ့ကြောင့် ရှုပက္ခန္ဓာလည်း ခန္ဓာကိုယ်ထဲရှိတာပဲ၊ ဝေဒနာ က္ခန္ဓာလည်းရှိတာပဲ၊ ၀ိညာဏက္ခန္ဓာလည်း ရှိတာပဲ၊ ကျန်တဲ့ သင်္ခါ ရက္ခန္ဓာဆိုတဲ့ ဓမ္မာနုပဿနာတွေလည်း မရှိလားဗျာ … (ရှိပါတယ်ဘုရား)၊ အဲဒီတော့ ကျုပ်တို့ ရှုနေတာ ဘယ်မှာရှုရမှာပါလိမ့် မလဲလို့ မေးတော့ ခန္ဓာဥာဏ်လှည့် … (မှန်ပါ)။
ဘယ်လိုမှာပါလိမ့် … (ခန္ဓာဥာဏ်လှည့်ရပါမယ်)၊ ခန္ဓာကို ဥာဏ်လှည့်လိုက်ပါ … (မှန်ပါ)၊ ခန္ဓာဥာဏ် လှည့်တော့ ခန္ဓာက ဝေဒနာက ထူးထူးခြားခြားပေါ်တဲ့ ပုဂ္ဂိုလ်မျိုးကျတော့ ဝေဒနာကို လှည့်လိုက်တာပေါ့ … (မှန်ပါ)၊ စိတ်ထူးထူးခြားခြား ပေါ်လာတဲ့ ပုဂ္ဂိုလ်ကျတော့ … (စိတ်လှည့်ရပါမယ်)၊ စိတ်ပေါ်ကို ဥာဏ်လှည့်လိုက်၊ ဒကာသစ်ရေနော် … (မှန်ပါ)၊ သဘောပါကြပလား … (ပါ-ပါပြီဘုရား)။
သစ္စာသိတဲ့ဥာဏ်
အဲဒီကဲ့သို့ ဥာဏ်လှည့်လိုက်တဲ့အခါကျတော့ ဒီဥာဏ်သည် သစ္စာသိတဲ့ဥာဏ် … (မှန်ပါ)၊ သစ္စာသိတဲ့ဥာဏ်တည်းဟူသော မဂ်ဆေးသောက်လိုက်ရတဲ့အတွက် သံသရာစက်ရဟတ်ကြီးမှာ လည်တတ်တဲ့ကိလေသာတွေ ပါသွားတယ် … (မှန်ပါဘုရား)။
ဒါဖြင့် ၀ိပဿနာမရှုဘဲနဲ့ ဒကာကြွယ် ကိလေသာပါးပါ့မလား … (မပါးပါဘုရား)၊ သမုဒယသစ္စာ မပါးနိုင်ပါဘူး … (မှန်ပါ)၊ သဘောပါကြပလား … (ပါ-ပါပြီ)။
အံဆုံးလိုက်ရင် မဂ္ဂသစ္စာပေါ်လာတယ်
ကဲ … တစ်ခါတည်း ဝေဒနာဖြစ်ပျက်တွေလည်း ဆုံးလို့၊ စိတ်ဖြစ်ပျက်တွေလည်း ဆုံးလို့၊ ရုပ်ဖြစ်ပျက်တွေလည်း ဆုံးလို့၊ ကိုယ်ကြိုက်ရာ ကိုယ်ဆုံးကြပါစေ … (မှန်ပါ)၊ အဆုံးလိုက်လိုက်ပြီဆိုမှဖြင့် တကယ့် မဂ္ဂသစ္စာကြီး ပေါ်မလာဘူးလား … (ပေါ်လာပါတယ်)၊ မဂ္ဂင်ရှစ်ပါးပြည့်တဲ့ မဂ္ဂသစ္စာကြီးပေါ်မလာဘူးလား … (ပေါ်လာပါတယ်)။
ပေါ်လာလို့ရှိရင်ဖြင့် တစ်မဂ်ပေါ်ရင် သောတာပန် … (မှန်ပါ)၊ နောက်တစ်ခါတစ်မဂ်ပေါ်ရင် သကဒါဂါမ်၊ နောက်တစ်ခါ တစ်မဂ်ပေါ်လာရင် အနာဂါမ်၊ နောက်တစ်ခါ တစ်မဂ်ပေါ်လာရင် ရဟန္တာပဲ … (မှန်ပါ)၊ နောက်ခန္ဓာကြီးလာနိုင်သေးရဲ့ လား … (မလာနိုင်ပါဘုရား)။
ဒါဖြင့် ဒီရဟန္တာပုဂ္ဂိုလ် စုတေစိတ်ကျသွားပြီလို့ မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ်)၊ ရဟန္တာပုဂ္ဂိုလ်စုတေ စိတ်ကျသွားတာ၊ သြော် … ရဟန္တာပုဂ္ဂိုလ် စုတေစိတ်ကျသွားတာ၊ သြော် … ရဟန္တာပုဂ္ဂိုလ် စုတေစိတ်ကျသွားတာ ဘယ်များ ကြွသွားပါလိမ့်မလဲလို့ မေးလို့ရှိရင်တော့ ဒုက္ခတွေ သိမ်းသွားရှာပြီ … (မှန်ပါ)။
ဘယ်လိုဆိုကြပါ့မယ် … (ဒုက္ခတွေသိမ်းသွားပါတယ်ဘုရား)။
ပရိနိဗ္ဗာန်စံတဲ့ ရဟန္တာဘယ်ကြွသတုံး
လေးမဂ်ရတော့ ရဟန္တာဖြစ်သွားတယ်၊ ရဟန္တာဖြစ်သွားတော့ ရဟန္တာအဖြစ်နဲ့ပဲ ဒကာကြွယ် ပရိနိဗ္ဗာန် စံကြစို့နော် … (မှန်ပါ)၊ အဲဒီ ပရိနိဗ္ဗာန်စံတဲ့ ရဟန္တာသည် ဘယ်များ ကြွသွားသတုံးလို့ မေးလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်လှည့်လိုက်ပါလား၊ ဇာတိဒုက္ခက စပြီးချုပ်သွားတယ် … (မှန်ပါ)၊ ဇရာ ဒုက္ခလာသေးရဲ့ လား … (မလာပါဘုရား)၊ ဗျာဓိ မရဏ ဒုက္ခ … (မလာပါဘုရား)၊ သောက ပရိဒေ၀ဒုက္ခ ဒေမနဿ ဥပါယာသ … (မလာပါဘုရား)၊ သြော် … ဒါဖြင့် ရဟန္တာ ပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံတာသည် ဒုက္ခသိမ်းသွားတာကိုး … (မှန်ပါ)၊ သေသေချာချာမှတ်ပါ … (မှန်ပါ)။
ပရိနိဗ္ဗာန်စံတာ၊ ဒုက္ခသိမ်းသွားတာ
ရဟန္တာ ပုဂ္ဂိုလ်များ ပရိနိဗ္ဗာန်စံတာ ဘာပါလိမ့် … (ဒုက္ခသိမ်းသွားတာပါဘုရား)၊ ပုထုဇဉ်တွေ သေကြတာက ဘာပါလိမ့်၊ ဒုက္ခဖြစ်တာပါ၊ ဒုက္ခဆက်သွားတာ … (မှန်ပါ)။
သြော် … ဒါဖြင့် ဒုက္ခသိမ်းတဲ့ ပုဂ္ဂိုလ်နဲ့ ဒုက္ခဆက်တဲ့ ပုဂ္ဂိုလ်နဲ့ ဒုက္ခဆက်တဲ့ ပုဂ္ဂိုလ်နဲ့ ဒကာကြွယ် တယ်ခြားနားပါလား … (ခြားနားပါတယ်ဘုရား)၊ ခြားနားအောင် ဘယ်သူလုပ်သတုံးလို့ မေးတော့ မဂ်ကလုပ်ဘာ … (မှန်ပါ)၊ ရှင်းပြီနော် … (ရှင်းပါပြီဘုရား)။
ရဟန္တာပုဂ္ဂိုလ်များသည် ဒီဘ၀ စုတေစိတ်ကျသွားပြီ မဂ်လေးတန်ရလို့ ရဟန္တာအဖြစ်သို့ရောက်ပြီး အားလုံး တရားတစ်ပွဲလုံးက ဒကာ ဒကာမတွေ ရဟန္တာစုတိစိတ်ကျပြီးတော့ကို နောက် ပဋိသန္ဓေစိတ် လာသေးရဲ့ လား … (မလာပါဘုရား)၊ ပဋိသန္ဓေ မလာတော့ အိုမှုကြီးကော … (မလာပါဘုရား)၊ နာမှု သေမှုကော … (မလာပါဘုရား)။ သြော် … ဒါဖြင့် ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံတော့ ဘာတွေများ သိမ်းသွားပါလိမ့် … (ဒုက္ခတွေ သိမ်းသွားပါတယ်)။
သြော် … ဒါဖြင့် ရဟန္တာ ပုဂ္ဂိုလ်ပရိနိဗ္ဗာန်စံတာဟာ ဒုက္ခသိမ်းသွားတာကို ဆိုတာကိုးလို့ မှတ်လိုက် စမ်းပါ … (မှန်ပါ)၊ ဘာမှမဖြစ်တာလား၊ ဒုက္ခသိမ်းတာလား … (ဒုက္ခသိမ်းတာပါဘုရား)။
ရဟန္တာပုဂ္ဂိုလ်သည် ဒုက္ခသိမ်းလို့ ဒုက္ခငြိမ်းတဲ့သဘောသို့ မရောက်ဘူးလား … (ရောက်ပါတယ်)။
ပုထုဇဉ်များ သေတဲ့အခါကျတော့ တစ်ခုသော ဒုက္ခ၀န်ချပြီးသကာလ ဒုတိယ ဒုက္ခ၀န် ထမ်းတာပဲ … (မှန်ပါ)။
ပုထုဇဉ်ကတော့ ဒုက္ခပြောင်းထမ်းတာ
ပုထုဇဉ်ကတော့ ပထမ ဒုက္ခချပြီးတော့ … (ဒုတိယ ဒုက္ခ၀န် ထမ်းပါတယ်)၊ အင်း … ဒါ ပုထုဇဉ်တို့၏ အခြေအနေဖြစ်စဉ်ကဖြင့် ဒုက္ခပြောင်းထမ်းတာပဲ … (မှန်ပါ)၊ အသေဒုက္ခပြီး အနေ ဒုက္ခယူလိုက်ပြန်တာပဲ … (မှန်ပါ)။
အသေဒုက္ခပြီးတော့ … (အနေဒုက္ခယူလိုက်တာပါပဲ)၊ သြော် … ပုထုဇဉ်သေတာကတော့ ဘယ်လို ဆက်သွားပါလိမ့် မတုံးဆိုတာဖြင့် ယနေ့ သဘောကျပါပြီ … (ကျပါပြီ)၊ ပုထုဇဉ်သေတဲ့အခါ အသေဒုက္ခချထားပစ်ခဲ့ပြီးတော့ အနေဒုက္ခထမ်းတယ် … (မှန်ပါဘုရား)။
ဘယ်လိုမှတ်ကြမယ် … (အသေဒုက္ခ ချပစ်ခဲ့ပြီးတော့ အနေဒုက္ခထမ်းပါတယ်)။
ရဟန္တာ ပုဂ္ဂိုလ်များကတော့ အသေဒုက္ခလည်းချပြီးတော့ သွားပါရော၊ အနေဒုက္ခလည်း မထမ်းတော့ဘူး … (မှန်ပါဘုရား)။
ပရိနိဗ္ဗာန်စံပြီး၊ ဘယ်ကြွသွားပါလိမ့်
ရဟန္တာများကတော့ … (အသေဒုက္ခချပြီးတော့ အနေဒုက္ခမထမ်းတော့ပါဘုရား)၊ မထမ်းတော့ ဒီရဟန္တာ ပုဂ္ဂိုလ် ဘယ်များသွားကြပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက မေးလို့ရှိရင်ဖြင့် ဘုရား ဘယ်ကြွသွားပါလိမ့်၊ ပရိနိဗ္ဗာန်စံပြီး ဘယ်ကြွသွားပါလိမ့် မေးလို့ရှိရင်ဖြင့် ဘယ်မှမကြွဘူး ဒကာ ဒကာမတို့၊ သူ့ဒုက္ခ ဒီထွင်ထားပစ်ခဲ့ပြီး ဒုက္ခတွေသိမ်းသွားတဲ့ ပုဂ္ဂုလ်လို့ဆိုပါ … (မှန်ပါ)၊ ဒုက္ခသိမ်းသွားလေပေါ့ ဆိုလိုက်တာပေါ့ … (မှန်ပါ)၊ ရှင်းပလား … (ရှင်းပါပြီ)။
နိဗ္ဗာန်ဆိုတာဘာပါလိမ့်
ကောင်းပြီ၊ ဒါဖြင့် နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မလဲ … (ဒုက္ခသိမ်းတာပါဘုရား)၊ ပေါ်လာပြီနော် … (မှန်ပါ)၊ ဒုက္ခသိမ်းတာဟာ နိဗ္ဗာန် … (မှန်ပါ)၊ ရှင်းကြပလား … (ရှင်းပါပြီ)။
နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် … (ဒုက္ခသိမ်းတာပါဘုရား)၊ အသေဒုက္ခတွေသိမ်းပြီး အနေဒုက္ခတွေ မလာတာဟာ နိဗ္ဗာန် … (မှန်ပါ)၊ သဘောပါကြပလား … (ပါ-ပါပြီ)။
ဒါဖြင့် ရဟန္တာ ပုဂ္ဂိုလ်သည်ကားလို့ဆိုရင် ဒုက္ခချုပ်ငြိမ်း ရုပ်သိမ်းတဲ့ ပုဂ္ဂုလ်ပဲ၊ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ် ပုဂ္ဂိုလ်မွန်ပဲလို့ ဆိုထိုက်ကြပလား … (ဆိုထိုက်ပါပြီ)၊ တခြားသော ပုဂ္ဂိုလ်တွေကတော့ ဒီဒုက္ခပြီး ဟိုဒုက္ခတွေ ဆက်ထမ်းနေရတဲ့အတွက် လူတိုင်းထဲကပဲလို့ မဆိုနိုင်ကြဘူးလား …(ဆိုနိုင်ပါတယ်)၊ ရှင်းကြပလား … (ရှင်းပါပြီဘုရား)။
ဒါဖြင့် ရဟန္တာပုဂ္ဂိုလ်သေလို့ရှိရင်ဖြင့် ဘာမှမဖြစ်တာလား၊ ဒုက္ခသိမ်းတဲ့သဘောသို့ သက်ရောက်တာလား … (ဒုက္ခသိမ်းတဲ့သဘောသို့ သက်ရောက်တာပါ)၊ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။
နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် … (ဒုက္ခသိမ်းတာပါဘုရား)၊ အဲ … နိဗ္ဗာန်ဆိုတာ ဒုက္ခသိမ်းတာပဲလို့ဆိုတာ ဦးဘအုန်းတို့ သေသေချာချာမှတ်ပါတဲ့ … (မှန်ပါ)။
ကိုင်း … ဒါဖြင့် ဘာ့ကြောင့်တုံးလို့မေးတော့ ခုနင်က တရားချီကတည်းကပါခဲ့ပြီ ဒကာ ဒကာမတို့၊ ဒီဘ၀မှာ ဒကာ ဒကာမတို့၏ နောက်ဆုံးပိတ် ဒုက္ခ ဘယ်ဟာပါလိမ့်မတုံးလို့ဆိုတော့ သေတဲ့ဒုက္ခ … (မှန်ပါ)၊ ပုထုဇဉ်များကျတော့ သေတဲ့ဒုက္ခပြီးတော့ ၀မ်းခေါင်းထဲ ပဋိသန္ဓေနေရတဲ့ ဒုက္ခဆက်မလာဘူးလား … (ဆက်လာပါတယ်)၊ အပါယ်ဖြင့် အပါယ်ရောက်ရတဲ့ ဒုက္ခဆက်မလာဘူးလား … (ဆက်လာပါတယ်)၊ သြော် …ပုထုဇဉ်များတော့ ဒုက္ခပြီး ဒုက္ခဆက်တယ် … (မှန်ပါ)။
ပုထုဇဉ်ကတော့ ဘယ်လိုဆုံးဖြတ်ချက်ချက်မလဲ … (ဒုက္ခပြီး ဒုက္ခိဆက်ပါတယ်)။
မှတ်ထား - မှတ်ထား - မှတ်ထား၊ ပုထုဇဉ်ကတော့ တစ်ခုသော ဒုက္ခပြီးရင် တစ်ခုသော ဒုက္ခဆက်ပြီး သကာလ ထမ်းရပါတော့မယ်ဆိုတာ ငြင်းဖို့လိုသေးသလား … (မလိုပါဘုရား)။
ကဲ … ဒါက ရဟန္တာ ပုဂ္ဂိုလ်၏ စုတိနော် … (မှန်ပါ)၊ နောက်ဆုံးပိတ်စိတ်၊ နောက်ဆုံးပိတ်စိတ်သည် ရဟန္တာပုဂ္ဂိုလ်၏ စုတိစိတ်ကျရော … ပဋိသေန္ဓစိတ်လာသေးရဲ့ လား … (မလာပါဘုရား)။
သဿတဒိဋ္ဌိတက်သွားလိမ့်မယ်
ဒါဖြင့် ဒီရဟန္တာပုဂ္ဂိုလ်သေပြီး ဘာဖြစ်သေးသတုံးမေးလို့ ဘာမှ ဘာဖြစ်တယ်လို့မယူနဲ့ ဒကာမတို့နော်…(မှန်ပါ)၊ဖြစ်တယ်ဆိုရင် သဿတဒိဋ္ဌိဘက်သွားလိမ့်မယ်…(မှန်ပါ)။
ဒါကြောင့် ဒီရဟန္တာပုဂ္ဂိုလ် ဘယ်များကြွသွားပါလိမ့်မလဲ၊ နောက်ဆုံးပိတ် ဘယ်များကြွသွားပါလိမ့် မလဲကို မမေးနဲ့ … (မှန်ပါ)၊ ကြွသွားတယ်ဆိုရင် သဿတဒိဋ္ဌိ … (မှန်ပါ)၊ ရှင်းပလား … (ရှင်းပါပြီ)။
ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားမယ်
ဒါဖြင့် ဒီပုဂ္ဂိုလ်ဘယ်မှ မကြွတော့ဘူးလားလို့ မေးလို့ရှိရင်ဖြင့် ဘယ်မှ မကြွဘူးဆိုလို့ရှိရင်လည်း ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားမယ် …(မှန်ပါ)၊ ရှင်းပြီနော် … (ရှင်းပါပြီ)၊ နိဗ္ဗာန်ကြွသွားပြီဆိုတော့လဲ … (သဿတဒိဋ္ဌိ ဖြစ်ပါတယ်)။
အဲဒါ တချို့ က နိဗ္ဗာန်ကြွသွားပြီလို့ ဆိုချင်ဆိုတတ်တယ်၊ ကြွသွားတယ်ဆိုတာ တစ်လမ်းပြီး တစ် လမ်း ကြွတာကို ဆိုပါတယ် … (မှန်ပါ)၊ သဘောကျပလား … (ကျပါပြီ)၊ အရှင်ဘုရားတို့တော့ အေးပြီ၊ ဒီဘ၀ စုတေသေလွန်ရင် နိဗ္ဗာန်ကြွရုံရှိတော့တယ် … (မှန်ပါ)၊ ဟာ … နိဗ္ဗာန်ကြွတဲ့ ပုဂ္ဂိုလ်ဖြစ်ရဦးတော့မလိုလို … (မှန်ပါ)။
ဘယ်လောက် ဒီဟာ အရုပ်ဆိုး အကျည်းတန်ပြီး သကာလ မသိမှုတွေကလည်း ဒကာကြွယ် များပြားနေတယ် … (မှန်ပါ)၊ အခုသေသေချာချာရှင်းတော့မှ ရဟန္တာပုဂ္ဂိုလ်စုတိပြီးတော့ ဘာတွေသိမ်းသွား သလဲ … (ဒုက္ခသိမ်းသွားပါတယ်)။
ဒီဘ၀ဒုက္ခပြီး နောက်ဘ၀ဒုက္ခ
ပုထုဇဉ်ပုဂ္ဂိုလ်များကတော့ ဒီဘ၀စုတိပြီးတော့နောက် ဘာတွေဖြစ်သေးတယ်ဆိုတော့ ဒီဘ၀ ဒုက္ခပြီး နောက်ဘ၀ ဒုက္ခပြန်ဖြစ်တာပဲ … (မှန်ပါ)၊ ဒုက္ခပြန်ဆက်တယ် … (မှန်ပါ)။
ရဟန္တာပုဂ္ဂိုလ်ကတော့ ဒီဘ၀ဒုက္ခပြီးတော့ နောက်ဘ၀ဒုက္ခတွေ ထမ်းပိုးနေသေးသလား … (မပိုးပါဘုရား)၊ ဒါဖြင့် သူက ဒုက္ခသိမ်းတဲ့ပုဂ္ဂိုလ် … (မှန်ပါ)၊ ရဟန္တာ ပုဂ္ဂိုလ်က … (ဒုက္ခသိမ်းတဲ့ပုဂ္ဂိုလ်ပါ)။
ဘယ်များကြွသွားသတုံး
ဟာ … ဒါဖြင့် အားလုံး တရားတစ်ပွဲလုံး မေးလိုက်ပါတယ် ဒကာ ဒကာမတို့၊ ရဟန္တာ ပုဂ္ဂိုလ်သေတဲ့ အခါ ဘယ်များကြွသွားသတုံးမေးတဲ့အခါ ဘယ့်နှယ်ဖြေမတုံး … (ဒုက္ခချုပ်သွားပါတယ်ဘုရား)၊ ဒုက္ခသိမ်းသွားပါတယ်ဆိုတာသာ တစ်ပြိုင်နက် အသံထွက်ပါတော့ … (မှန်ပါ)၊ ရှင်းပလား … (ရှင်းပါပြီ)။
ဘယ်များ ကြွသွားပါလိမ့် … (ဒုက္ခသိမ်းသွားတာပါဘုရား)၊ ဘယ်မှ မကြွဘူး၊ ဒုက္ခတွေသိမ်းသွား တယ် … (မှန်ပါ)၊ သူ့ဒုက္ခတွေ သူ့မဂ်ဥာဏ်နဲ့ သူသိမ်းသွားတော့တယ်ဆိုတာ မှတ်လိုက်တာပေါ့ … (မှန်ပါ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသိမ်းတာသည် ကျုပ်တို့အခု မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ရအောင် လုပ်နေကြတာ၊ ဒုက္ခသိမ်းချင်လို့လုပ်တာ … (မှန်ပါ)၊ ရှင်းပလား … (ရှင်းပါပြီ)။
ကျုပ်တို့အခု အလုပ်-လုပ်နေကြတဲ့ ဒကာ ဒကာမတွေ ဘယ်အကျိုးငှာ အလုပ်-လုပ်နေကြတာပါလိမ့် … (ဒုက္ခသိမ်းချင်လို့လုပ်တာပါဘုရား)။
ဒုက္ခသိမ်းတာနိဗ္ဗာန်
သြော် … ဒါကြောင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာ ဒုက္ခသိမ်းတာ နိဗ္ဗာန်ပဲ … (မှန်ပါ)။
နိဗ္ဗာန်ဆိုတာ … (ဒုက္ခသိမ်းတာပါဘုရား)၊ ဒကာကြွယ်တို့၊ ဦးလှဖူးတို့ ရှင်းပလား … (ရှင်းပါပြီ)။
ဒါဖြင့် နိဗ္ဗာန်ဆိုတာသည် ဒကာ ဒကာမတို့၊ ရဟန္တာပုဂ္ဂိုလ်သေတော့ ပြတ်သွားသလားတဲ့၊ ဒုက္ခသိမ်းခြင်းသို့ ရောက်သွားသလား … (ဒုက္ခသိမ်းခြင်းသို့ ရောက်သွားပါတယ်)၊ ဒါဖြင့် ပြတ်သွားတာကော ဟုတ်ကဲ့လား … (မဟုတ်ပါဘုရား)၊ သူသည်ကား ဒုက္ခဇာတ်သိမ်းသွားရှာပြီလို့ မဆိုထိုက်ဘူးလား … (ဆိုထိုက်ပါတယ်ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့၊ ရဟန္တာသေလို့ရှိရင်ဖြင့် ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်သဘော ရောက်သွားတယ် … (မှန်ပါ)၊ သဘောကျပလား … (ကျပါပြီ)။
ဒုက္ခသဘောမှ သုခသဘောသို့
ဒါဖြင့် ဒုက္ခသဘောမှ သုခသဘောသို့ သက်ရောက်သွားတာ ဘာခေါ်ကြမယ် … (နိဗ္ဗာန်ပါဘုရား)၊ ဒုက္ခချုပ်၍ သုခပေါ်လာတာ ဘာခေါ်ကြမယ် … (နိဗ္ဗာန်ပါဘုရား)။
သြော် … နိဗ္ဗာန်ဆိုတာ ဘာမှ အထူးတလည် တွေးမနေကြပါနဲ့၊ ဒုက္ခခပ်သိမ်းငြိမ်းအေးတဲ့ သဘောဟာ ဘာပါလိမ့် … (နိဗ္ဗာန်ပါဘုရား)၊ ရှင်းပြီနော် … (ရှင်းပါပြီဘုရား)။
ဒါဖြင့် ရဟန္တာပုဂ္ဂိုလ်များသည် ဘာများဖြစ်သွားသတုံးလို့ မေးလို့ရှိရင် ဒုက္ခသိမ်းသွားတာပဲလို့ ဖြေရမယ် … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတွေ၊ ဒီနိဗ္ဗာန်ကို ယနေ့စပြီး ပြောရခြင်းဟာက မနေ့ကလည်း ကတိက၀တ်ထားခဲ့ရတယ်၊ နက်ဖြန် နိဗ္ဗာန်ပြောမယ်လို့ဆိုတာ၊ ဒီနိဗ္ဗာန်ဟာ ၀တ္ထုမပါဘဲနဲ့လည်း ရဟန္တာ ပရိနိဗ္ဗာန်စံတဲ့အခါကျတော့ ဘာများဖြစ်သွားသတုံးလို့မေးရင် ဘယ့်နှယ်ဖြေကြမတုံး … (ဒုက္ခသိမ်းသွားတယ် ဘုရား)၊ ပုထုဇဉ်များ သေတဲ့အခါကျတော့ ဘယ်လိုများ ခင်ဗျားတို့ မှတ်ကြမလဲ … (ဒုက္ခဆက်ပါတယ်ဘုရား)၊ ဒုက္ခဆက်တယ် … (မှန်ပါ)၊ ရှင်းကြပလား … (ရှင်းပါပြီ)၊ ဒုက္ခဆက်တာနဲ့ ဒုက္ခသိမ်းတာ မခြားနားဘူးလား … (ခြားနားပါတယ်)။
ယမက ရဟန်းအယူ
ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး လက်ထက်က သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ ရှင်သာရိ ပုတ္တရာသီတင်းသုံးနေတယ်၊ ရဟန်းငယ်တစ်ပါးကလည်း သူ့ဘွဲ့က ယမကတဲ့ … (မှန်ပါ)။
ယမကဟာ သူ့စိတ်ထဲမှာ အကြံပေါ်လာတယ်၊ သြော် … ရဟန္တာများ သေသွားတဲ့အခါကျလို့ရှိရင် ဘာမှမဖြစ်တော့ဘူးတဲ့ဆိုတော့ ဥစ္ဆေဒဒိဋ္ဌိ သူယူပစ်လိုက်တယ် … (မှန်ပါ)၊ မယူလိုက်ဘူးလား … (ယူလိုက် ပါတယ်ဘုရား)၊ ဘာဒိဋ္ဌိ ယူလိုက်ပါလိမ့် … (ဥစ္ဆေဒဒိဋ္ဌိယူလိုက်ပါတယ်)။
ရဟန္တာသေရင်ပျောက်သွားတာပဲတဲ့
ဒုက္ခသိမ်းသွားတယ်လို့ သူက မယူဘူး … (မှန်ပါ)၊ ရဟန္တာသေရင် ပျောက်သွားတာပဲ၊ ဆေးခိုးလို ပျောက်သွားတာပဲဆိုတော့ ဘာဒိဋ္ဌိထဲသက်ရောက်သလဲ … (ဥစ္ဆေဒဒိဋ္ဌိထဲ သက်ရောက်ပါတယ်)၊ သေသေချာချာမှတ်ပါ၊ ဒကာ ဒကာမတို့နော် …(မှန်ပါ)။
ဥစ္ဆေဒဒိဋ္ဌိသက်ရောက်သွားတဲ့အခါကျတော့ သူက သူ့ဝမ်းထဲတွင် ယူတဲ့အယူက ရဟန္တာသေရင် ဘာမှ မဖြစ်တော့ဘူး … (မှန်ပါ)၊ ဟိုမှာ ဘာမှမဖြစ်တာ မဟုတ်ဘဲ ဒကာ ဒကာမတို့ ဒုက္ခချုပ်ငြိမ်း ရုပ်သိမ်းသွားတဲ့ သဘောဖြစ်သွားတာပေါ့ … (မှန်ပါ)။
အနာပေါက်တာနဲ့ အနာပျောက်တာ
နဂိုက … ဥပမာ ဒကာကြွယ်က အနာကြီးပေါက်နေတယ်၊ နာလိုက်တာဘုရား၊ တပည့်တော်ဖြင့် ဒီဝေဒနာနဲ့ပဲ သေလိမ့်မယ်ထင်တယ်၊ နောက်တော့ ဆေးကောင်း ၀ါးကောင်းနဲ့ တွေ့တဲ့အခါကျတော့ ဒကာကြွယ် ဒီအနာကြီးပျောက်သွားတယ် … (မှန်ပါ)၊ ဒါဖြင့် အနာပေါက်တာနဲ့ အနာပျောက်တာဟာ မထူးခြားဘူးလား … (ထူးခြားပါတယ်)၊ အနာပေါက်တာသည် ဆင်းရဲတယ် … (မှန်ပါ)၊ အနာပျောက်တာသည် … (ချမ်းသာပါတယ်)။
ဒီမှာလည်း ခန္ဓာဒုက္ခဖြစ်တာသည် ဆင်းရဲတယ်၊ ခန္ဓာ ဒုက္ခကြီး ချုပ်ငြိမ်းသွားလို့ရှိရင်ဖြင့် ချမ်းသာတယ်…( မှန်ပါဘုရား ) ၊ အနာပေါက်တာနဲ့ အနာပျောက်တာလိုပဲ ကွာခြားပါတယ်..( မှန်ပါ ) ၊ ရှင်းပ လား … ( ရှင်းပါပြီ ) ။
ကောင်းပြီ၊ ခန္ဓာဝန်ထမ်းသမားသည် ဒုက္ခနဲ့ မခွဲရသောကြောင့် ဒုက္ခတွေရှုပ်နေတယ်…( မှန်ပါ ) ၊ နောက် ဒီဒုက္ခတွေ၊ ကိလေသာတွေ၊ ခန္ဓာတွေ ငြိမ်းသွားတော့ လောင်စာနဲ့မီးသိမ်းတဲ့ သဘောကော မရောက်ဘူးလား…( ရောက်ပါတယ် ) ၊ ဒါဖြင့် ငြိမ်းအေးမှ ငြိမ်းအေးပါ့မလား…( ငြိမ်းအေးပါတယ် ) ။
ရဟန္တာသေတာငြိမ်းအေးခြင်းသဘော
သြော် … ဒါဖြင့်ရင် ရဟန္တာသေတာ ငြိမ်းအေးခြင်း သဘောရောက်သွားတယ်…( မှန်ပါ ) ၊ သဘောကျပလား…( ကျပါပြီ ) ။
အဲဒ်ီလိုမယူဘဲနဲ့ ယမက, က ရဟန္တာသေရင် ဘာမှမဖြစ်ဘူးဆိုပြီး သူက ဒီအယူဖောက်ပြန်သွား တယ်…( မှန်ပါ ) ၊ ဖောက်ပြန်သွားတော့ ဘေးကရဟန်းတွေက ဆုံးမကြတယ် ၊ ယမက ရဟန္တာသေရင် မင်းက ဘာမှမဖြစ်တော့ဘူးဆိုတဲ့ ဥစ္စာ မင့်အယူဟာ ဥစ္ဆေဒဒိဋ္ဌိပါကွ၊ ဒီအယူမယူပါနဲ့ကွဆိုတော့ ဟာ… မဟုတ်ဘူး၊ တပည့်တော် ဒီလိုပဲ သဘောကျတယ်၊ ဒီလိုယူရမှာပဲ၊ ရဟန္တာသေရင် ဘာမှမဖြစ်ဘူးတဲ့ ….( မှန်ပါ ) ။
ရှင်သာရိပုတ္တရာကသိတယ်
ဒီလိုယူတော့ ရဟန်းတွေက ပြောကြ၊ ဆိုကြ၊ ဆုံးမကြငြားသော်လည်း ဒကာကြွယ် သူ့အယူမစွန့်ပါ ဘူး…( မှန်ပါ ) ၊ မစွန့်တော့ ရဟန်းတွေက သူတို့ပြောမရတာနဲ့ ရှင်သာရိပုတ္တရာ သွားပြောကြတယ်၊ အရှင် ဘုရား - ယမကတော့ ဥစ္ဆေဒယူနေပြီဘုရား၊ ရဟန္တာသေရင် ဘာမှမဖြစ်ဘူးချည်းဘဲ ပြောနေတယ်… ( မှန်ပါ ) ၊ သြော် .. ဒီကိုယ်တော်ဟာ ဥစ္ဆေဒဒိဋ္ဌိစွဲနေပါပေါ့လားလို့ ရှင်သာရိပုတ္တရာကသိတယ် …( မှန်ပါ ) ။
ယမကကျောင်းသွားတယ်
ထိုကဲ့သို့ သိတဲ့အခါကျတော့ ကဲကွာ ငါပဲဆုံးမပါမယ်ဆိုပြီး ရှင်သာရိပုတ္တရာက ညနေကျတော့ ယမကနေတဲ့ ကျောင်းကိုသွားတယ်…( မှန်ပါ )၊ ယမက ရဟန္တသေရင် ဘာဖြစ်သတုံးကွလို့မေးတယ်…( မှန်ပါ )၊ ဒီတော့ ယမက, က ရဟန္တာသေရင် ပျောက်ပျက်သွားတယ်၊ ဘာမှမဖြစ်တော့ဘူးတဲ့၊ ဒီတော့ ရှင် သာရိပုတ္တရာက သြော်.. မင်ဟာ မိစ္ဆာဒိဋ္ဌိအယူ၊ ဥစ္ဆေဒဒိဋ္ဌိအယူပါလား… ( မှန်ပါ )၊ ဆိုပြီးသကာလ ဒကာ ဒကာမတို့ ရဟန္တာဆိုတဲ့ဥစ္စာ အခေါ်ပဲနော်.. ( မှန်ပါ ) ၊ တကယ်ရှိတာလား၊ အခေါ်ပဲလား…( အခေါ်ပါဘုရား )၊ ရှိတာပြောကြပါစို့ဆိုတော့ ခန္ဓာငါးပါး …( မှန်ပါ ) ။
ရှိတာကခန္ဓာငါးပါး
ရှိတာပြောကြပါစို့.. ( ခန္ဓာငါးပါး ) ၊ အဲ… ဒကာ ဒကာမတို့ ရူပက္ခန္ဓာကို ရဟန္တာခေါ်လို့ရရဲ့ လား..( မရ ပါဘုရား )၊ ဝေဒနာကိုကော .. ( ခေါ်လို့မရပါဘုရား ) ၊ သညာကိုကော …( မရပါဘုရား ) ၊ သင်္ခါရက္ခန္ဓာတွေ ကော …( မရပါဘုရား ) ၊ ဒါဖြင့် သူက ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးဆိုတော့ သူ့စကားဟာ မရှိတာ ဟာ မရှိဘူးပြောတာနဲ့ တယ်တူနေတာပဲ…( မှန်ပါ ) ၊ နဂိုကမှ မရှိတာ ၊ နောက် ဘာမှမရှိဘူးပြောတော့ ဘာထူးသေး သတုံး… ( ဘာမှမထူးပါဘုရား ) ၊ နဂိုတုန်းက ရဟန္တာမှမရှိတာကို မရှိတာကိုင်ထားတယ်..( မှန်ပါ )၊ မရှိတဲ့ပစ္စည်းသည် ပျောက်ပျက်သွားတယ်ဆိုတော့ ဒီစကားဟာ မမှန်တဲ့စကားပဲ..( မှန်ပါ ) ။
မရှိတဲ့ပစ္စည်း ပျောက်ပျက်သွားတယ် ဆိုတော့ ဒကာသစ် ကိုယ့်အိမ်ရှေ့ မှာ ကိုယ်သုံးကြည့်ပါ၊ ကိုယ့်အိမ်မှာ မရှိတဲ့ပစ္စည်း ပျောက်သွားတယ်ဟေ့၊ ဒီစကား သုံးထိုက် မသုံးထိုက်….( မသုံးထိုက်ပါဘုရား ) ။
ဒကာကြွယ်တို့ အိမ်မှာ သုံးကြည့်စမ်း၊ ငါ့အိမ်မှာဟေ့ နဂိုကလည်း မရှိဘူး၊ ဒီပစ္စည်းဟာ အခုပျောက် သွားတယ်ကွလို့ ပြောရင် အဖေ ရူးသလားလို့တောင် မေးကြလိမ့်မယ်.. ( မှန်ပါ )၊ မေးမလား၊ မမေးဘူးလား. … ( မေးမှာပါ ) ။
ဒီမှာလည်း သူက အရူးယတာက၊ ဥစ္ဆေဒဒိဋ္ဌိ အရူးထတာက ရဟန္တာသေရင် ဘာမှမဖြစ်ဘူးဆိုတော့ ဒီထဲ ရဟန္တာကောပါရဲ့ လား…( မပါ - ပါဘုရား ) ၊ နို့ ဘာမှမဖြစ်ဘူးဆိုတဲ့ စကားသုံးစရာကောရှိရဲ့ လား.. .. ( မရှိပါဘုရား ) ။
အဲဒါကြောင့် ယမကကို ဥစ္ဆေဒဒိဋ္ဌိ အရူးထပြီကွဆိုတာ မပြောထိုက်ဘူးလား…( ပြောထိုက်ပါတယ် ဘုရား ) ။
ရုပ်တရားကို ရဟန္တာဆိုမလား
ကိုင်း.. ယမက မင်းကို ငါမဆုံးမပါမယ်ကွာ၊ နားထောင်စမ်းပါဦးဆိုပြီး ရုပ်တရားပဲ ရဟန္တာဆိုမလားလို့ မေးလိုက်တယ် …( မှန်ပါ ) မဆိုပါဘူးဘုရားဟု ယမက, ကဖြေတယ်…( မှန်ပါ )၊ ဝေဒနာ တရားကို ရဟန္တာဆိုမလားလို့ မေးလိုက်တယ်…( မဆိုပါဘုရား ) ။
ဒီလိုဖြေတာနဲ့ပဲ သူသည်ကားလို့ဆိုရင် ဧ၀ံ ပဿံ ဘိက္ခဝေ သုတ၀ါ အရိယသာဝကော ဝေဒနာယပိ နိဗ္ဗိန္ဒတိ ဆိုတဲ့အတိုင်း သူဒီလိုပဲ မေးရင်း မေးရင်း ဝေဒနာက္ခန္ဓာပေါ်မှာ ဖြစ်ပျက်တွေ မြင်ပြီးတော့ မုန်းလာတယ်…( မှန်ပါ ) ၊ မုန်းပြီးတော့ ဝေဒနာက္ခန္ဓာတွေကို သူသည် ဒုက္ခသစ္စာပဲ မလိုချင်တော့ပါဘူးဆိုပြီး ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခပါပဲ ဆိုပြီး ဆုံးဖြတ်ချက်ချပြီး ရှုလိုက်တော့ သူသောတပန်တည်တယ် …( မှန်ပါ ) ။
ယမက သောတာပန်တည်တယ်
ကိုင်း.. ဒါဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုပြီး သစ္စာမြင်လိုက်တာနဲ့ ယမက ဘာဖြစ်သွားသတုံး…( သောတာပန်တည်ပါတယ် ) ။
အဲဒါကြောင့် ခင်ဗျားတို့လည်း ဝေဒနာကို ဖြစ်ပျက်ရှုပါ… ကြိုက်တာရှုပ်…( မှန်ပါ )၊ စိတ်ဖြစ်ပျက်ရှုပါ … ( မှန်ပါ ) ၊ ရှုလို့ဖြစ်ပျက်မြင်ရင် ယထာဘူတဥာဏ် … ( မှန်ပါ ) ၊ ဖြစ်ပျက်မုန်းရင် …( နိဗ္ဗိန္ဒဥာဏ်ပါ ) ၊ ဟာ … ဒီဖြစ်ပျက်တွေဟာ ဒုက္ခသစ္စာတွေပဲလို့ ပိုင်ပိုင်နိုင်နိုင်သိလို့ ဆုံးသွားရင် … ( မဂ်ဥာဏ်ပါ ) ၊ ဆုံးသွား တာမြင်တဲ့ဥာဏ်ဟာ မဂ်ဥာဏ်မရပေဘူးလား …( ရပါတယ်ဘုရား ) ။
ရှင်သာရိပုတ္တကမေးတယ်
အဲဒါ ယမကလည်း ဒီအတိုင်းလာတာပဲ .. ( မှန်ပါ ) ၊ ရသွားတော့ ရှင်သာရိပုတ္တရာက ရိပ်မိတယ်၊ ငါ့ရှင် ယမကဟာ နဂိုတုန်းက ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်၊ ယခုအခါ သူတေသာတာပန်တည်သွားပြီဆိုတော့ သောတာပန်တည်ပြီးမှ မေးပြန်တယ် …( မှန်ပါ ) ။
ခန္ဒငါးပါးကိုရဟန္တာလို့ဆိုမလား
ယမက ခန္ဓာငါးပါးရှိတယ်ကွ၊ အဲဒီမှာ ရုပ်တရားကို ရဟန္တာလို့ ဆိုမလားလို့ မေးလိုက်တယ်၊ မဆိုရပါ ဘူးဘုရားတဲ့ …( မှန်ပါ )၊ ဝေဒနာတရားကို ရဟန္တာလို့ဆိုကြမလား.. ( မဆိုရပါဘုရား )၊ စိတ်တရားကို ရဟန္တာလို့ဆိုကြမလား… ( မဆိုရပါဘုရား ) ၊ ခန္ဓာငါးပါးကို ရဟန္တာလို့ ဆိုနိုင်ကြမလား.. ( မဆိုနိုင်ပါဘုရား )၊ တစ်ခါသွားပါဦး၊ ခန္ဓာငါးပါးကိုကော ရဟန္တာလို့ ဆိုနိုင်ပါ့မလား…( မဆိုနိုင်ပါဘုရား )၊ ခန္ဓာငါးပါးကြဉ်ပြန် တော့လည်း ရဟန္တာလို့ဆိုစရာရှိပါ့မလား..( မရှိပါဘုရား )၊ ဒါဖြင့်ကွာ မင်းသည်ကားလို့ဆိုရင် ခန္ဓာငါးပါး အပေါင်းကိုကော ရဟန္တာလို့ဆိုမလားတဲ့…( မဆိုရပါဘုရား )၊ မဆိုနိုင်ဘူးလို့ ယမက, က ဖြေတယ်၊ ဒီ ဒကာ ဒကာမတွေ အခုဖြေသလို ဖြေတာပဲ..( မှန်ပါ ) ။
တစ္ပါေးသာတရားကို ရဟႏၲာဆိုမလား
ဒါဖြင့် ရူပက္ခန္ဓာမှ တစ်ပါးသော တရားကို ရဟန္တာဆိုမလားတဲ့…( မဆိုနိုင်ပါဘုရား )၊ ၀ိညာဏက္ခန္ဓာမှတစ်ပါးသောတရားကို ရဟန္တာဆိုမလား…( မဆိုနိုင်ပါဘုရား ) ။
အဲ… ယမက ဒီအတိုင်း ဖြေတော့ သြော်.. ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာတရားသာရှိတယ်လို့ သူသိမနေ ဘူးလား..( သိပါတယ် )၊ ယမကဟာ သိနေပါပြီ ဒကာ ဒကာမတို့…( မှန်ပါ ) ။
ဒါဖြင့်… ကွာတဲ့၊ မင်း အခု ယူသွားတာတွေဟာ အကုန်မှန်ပြီးသကာလနေတယ်၊ နဂိုတုန်းကတော့ မင်းဟာ ရဟန္တာသေရင်ဘာမှမဖြစ်တော့ဘူး၊ ပျက်တာပဲဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိအယူကြီးဟာ မင်းဘယ့်နှယ်ကြောင့် နဂိုက ယူတုံးတဲ့…( မှန်ပါ )၊ အရှင်ဘုရားတည်းဟူသော သစ္စာဟောတတ်တဲ့ဆရာသမား မတွေ့ ခင်တုန်းက ယူတာပါဘုရားလို့ လျှောက်တယ်… ( မှန်ပါ ) ၊ ရိပ်မိသလား…( ရိပ်မိပါပြီ ) ။
အရှင်ဘုရားတည်းဟူသော အသိဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်နဲ့ မပေါင်းသင်းခင်တုန်းက နဂိုက ယူတဲ့ ဒိဋ္ဌိအယူပါဘုရားလို့ ဖြေလိုက်တယ် …( မှန်ပါ ) ။
ကိုင်း… သာဓု၊ သာဓုကွာ၊ မင်းသည်ကားလို့ဆိုရင်ဝိပဿနာရှုလိုက်တာနဲ့ အခုသောတာပန်တည်ပြီ၊ သို့သောလည်း ငါမကျေနပ်သေးဘူးကွ၊ မင်းကိုမေးရဦးမယ်၊ ဖွတ်မြီးနဲ့ ဖွတ်ချည် ဆိုတဲ့ လောကီပုံပြင် အတိုင်းလိုပေါ့ဗျာ…( မှန်ပါ )၊ အခုလည်း မင်းသောတာပန်တည်ပြီ၊ မင်းကို တာခြားသောပုဂ္ဂိုလ်များက ရဟန္တာသေရင် ဘယ်သွားသတုံးလို့ မင်းကို မေးရင် မင်းက အဖြေထွက်စမ်းတဲ့ …. ( မှန်ပါ ) ။
နဂိုတုန်းက အမှားကို ပြင်ခိုင်းတယ်
ဒကာကြွယ် တယ်အဖိုးတန်တဲ့ အဖြေပါလား… ( မှန်ပါ )၊ သူနဂိုတုန်းက မှားနေတာကိုး၊ သူ့အမှားကို သူ့အပြင်ခိုင်းတာပဲ ..( မှန်ပါ ) ။
အရှင်ဘုရားတဲ့၊ ရဟန္တာသေရင် ဘယ်သွားသတုံးလို့မေးလို့ရှိရင် တပည့်တော်က ဝေဒနာတရားဟာ အနိစ္စပဲလို့ တပည့်တော်ဆိုပါမယ့်…( မှန်ပါ ) ၊ ရဟန္တာ ဒီဝေေ၀ဒနာက္ခန္ဓာကိုစသည်တွေကို ဖြေရမှာပေါ့ဗျာ..( မှန်ပါ )၊ ဝေဒနာတရားဟာ အနိစ္စပဲ၊ ၎င်းအနိစ္စတရားဟာ ဒုက္ခပဲ၊ အဲဒီဒုက္ခတရားဟာ ကုန်ပြီလို့ ဖြေရုံပါပဲ… ( မှန်ပါ )၊ ရိပ်မိပလား…( ရိပ်မိပါပြီ ) ။
စိတ်တရားဟာ အနိစ္စပဲနော်…( မှန်ပါ ) ၊ အနိစ္စတရားကို ဒုက္ခလို့မဆိုနိုင်ဘူးလား..( ဆိုနိုင်ပါတယ် )။
ဒါဖြင့် ရဟန္တာများသေတဲ့အခါ ဘယ်သွားသတုံးဆိုတော့ ဒုက္ခဆုံးသွားတယ်လို့ ဆိုရုံပါပဲ…( မှန်ပါ )၊ တပည့်တော် ဒီအတိုင်း ဖြေပါမယ်ဘုရားလို့ ယမက,က ဖြေလိုက်တယ်…( မှန်ပါဘုရား ) ။
ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မလဲ…( ဒုက္ခဆုံးတာပါဘုရား ) ။
အနိစ္စတရားဟာ ဒုက္ခမဖြစ်ဘူးလား…( ဖြစ်ပါတယ် ) ၊ အဲဒီဒုက္ခတွေ ချုပ်ငြိမ်းသွားတာ ဘာခေါ်ကြ မယ်…( နိဗ္ဗာန်ပါ ဘုရား ) ။
ဒုက္ခတွေချုပ်ငြိမ်းသွားတာနိဗ္ဗာန
သြော်… နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတို့၊ ဒုက္ခချုပ်ငြိမ်းရုပ်သိမ်းတာ ဘာခေါ်ကြမယ်…( နိဗ္ဗာန်ပါဘုရား )။
ဒါဖြင့် ယမက,က သူကိုယ်တိုင်၊ နိဗ္ဗာန်ကို သူကိုယ်တိုင် မဖြေဘူးလား….( ဖြေပါတယ် )၊ ခန္ဓာငါးပါး ဟာ အနိစ္စတရားပါဘုရား၊ ၎င်းအနိစ္စတရားဟာ ဒုက္ခပဲ၊ အဲဒီဒုက္ခကုန်ဆုံးသွားတယ်လို့ ဖြေရုံပါပဲတဲ့၊ ရဟန္တာ သေရင် ဘာမှမဖြစ်ဘူးလို့ မဖြေပါဘူးတဲ့…( မှန်ပါ )၊ သဘောပါပလား…( ပါ ပါပြီ ) ။
ခန္ဓာငါးပါးတရားဟာ ဘာတရားတဲ့…( အနိစ္စတရားပါ )၊ ၎င်းအနိစ္စတရားဟာ ဒုက္ခလား၊ သုခလား… ( ဒုက္ခပါ )၊ ဒုက္ခတွေဆုံးသွားတာသည် ရဟန္တာသေလို့ရှိရင်ဖြင့် ဒုက္ခဆုံးတယ်ဆိုရုံပါပဲ…( မှန်ပါ )၊ ခင်ဗျားတို့လည်း ဒီအတိုင်းအားထုတ်ရင် ဒုက္ခဆုံးတာရကြမှာပဲ…( မှန်ပါ ) ၊ သဘောကျပလား…( ကျပါပြီ )။
ဒုက္ခချုပ်တဲ့ နိဗ္ဗာန်တွေ့ မယ်
ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်မြင်အောင်ရှု..( မှန်ပါ )၊ ဖြစ်ပျက်မုန်းအောင်…( ရှုရပါမယ် )၊ ဖြစ် ပျက်.. ( ဆုံးအောင်ရှုရပါမယ် ) ၊ ဖြစ်ပျက်ဟာ ဘာသစ္စာပါလိမ့်…( ဒုက္ခသစ္စာပါဘုရား )၊ အဲဒီဒုက္ခဆုံးရင်ဖြင့် ခင်ဗျားတို့ ရှုနေတဲ့ ဥာဏ်ဟာ ဘာတွေ့ ရမတုံး…( နိဗ္ဗာန်တွေ့ ပါမယ် )၊ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်မတွေ့ ပေဘူးလား …( တွေ့ ပါတယ် )၊ ဒုက္ခအဆုံးမတွေ့ ပေဘူးလား …( တွေ့ ပါတယ် )၊ အဲဒီတွေ့ သည့်တိုင်အောင် အားထုတ် လို့ရှိရင်ဖြင့် ပထမတွေ့ ရင် သောတာပန်..( မှန်ပါ ) ၊ ဒုတိယတွေ့ ရင် …( သာကဒါဂါမ် )၊ တတိယတွေ့ ပြန် လို့ရှိရင် …( အနာဂါမ်ပါ )၊ စတုတ္ထတွေ့ ပြန်ပြီဆိုရင်…( ရဟန္တာပါဘုရား ) ၊ ရဟန္တာပဲဆိုတော့ ဒုက္ခအဆုံးတွေ့ အောင် လိုက်ဖို့ရာသည် ဒုက္ခရှိတဲ့နောက် လိုက်သွား…( မှန်ပါ့ ) ။
တုံးတွေ့ တယ်ဆိုရင် တုံးနောက်ကို ဒကာသစ်က လိုက်သွားတာပေါ့၊ တုံးအရှည်အတိုင်းလိုက်သွား ရင် တုံးအဆုံးကို…( တွေ့ ရပါမယ် )၊ တုံးရှိနေရင် တုံးအဆုံးရှိတာပေါ့…( မှန်ပါ ) ။
ဒီမှာလည်း ခန္ဓာကိုယ်ကြီးက ဘာသစ္စာတုံး…( ဒုက္ခသစ္စာပါဘုရား )၊ အဲ… ဒုက္ခသစ္စာကို ဒုက္ခသစ္စာ လို့ဥာဏ်နဲ့ကြည့်ပြီးတော့ လိုက်သွားရင် ဒုက္ခဆုံးတာ တွေ့ မှာပဲ …( မှန်ပါ )၊ ဒုက္ခဆုံးတာတွေ့ တော့ ဆုံးတာ က နိရောဓသစ္စာ၊ တွေ့ တာက မဂ္ဂသစ္စာ..( မှန်ပါ )၊ သဘောကျပလား…( ကျပါပြီ )၊ သေတာက သမုဒယ သစ္စာ၊ နောက်ခန္ဓာတွေ မလာတာကလည်း အနုပါဒိသေသ နိရောဓသစ္စာ …( မှန်ပါ ) ၊ ရိပ်မိပလား…..( ရိပ် မိပါပြီ ) ။
ကဲ … ယနေ့ ဒီတွင် တော်ကြစို့… ။
သာဓု … သာဓု … သာဓု … ။