ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော် ဘုရားကြီး
အမရပူရမြို့ ၌ဟောကြားတော်မူသော တရားတော်
ရှာမှရှားတဲ့အလှူ
ဟောကြားသည့်နေ့ (၁-၁၀-၅၅)
စာအုပ်ငယ်အမှတ်စဉ် (၂၈၂)
ဆရာသမားကို သင်္ကန်းကပ်တယ်။ ဒီသင်္ကန်းကို မောင်ပေါက်ကျော်တို့ မစီတို့က ဘာဖြစ်လို့ ကပ်ချင်ရတာတုံး၊ မေးလိုက်တဲ့ အခါ ကျလို့ရှိရင်ဖြင့် သြော်.. တပည့်တော်တို့သည် ကောင်းမှုတို့၏ စိုက်ပျိုးရာ လယ်ယာမြေကောင်း သဖွယ် လျှောက်ရှာ နေတာပါ ဘုရား။
နိဗ္ဗာန်ရမည်ဟု ယုံကြည်၍လှူဒါန်းပါ
အခု အရှင်ဘုရားတည်းဟူသော ဆရာသမားတည်းဟူသော လယ်ယာမြေကို တွေ့ရတဲ့အတွက် တပည့်တော်တို့သည် ဒီသံဃာ (၁၀၀)ကျော်၊ ဆရာသမားကို တိစီဝရိတ်ကပ်တဲ့ စေတနာဟာ လယ်ယာမြေ ကောင်းကို စိုက်လို့ ရှိရင်ဖြင့် အလို ရှိတဲ့ တပည့်တော်တို့၏ မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်ချမ်းသာကြီးကို ရလိမ့်မယ်ဟု မုချ ယုံကြည်သောကြောင့် ဤသင်္ကန်း ကို လှူဒါန်း ပါသည်လို့ စိတ်ထဲမှာ ဆုံးဖြတ်ချက် ချရမယ် … (မှန်ပါ့)။ ဒါက တစ်နံပါတ်၊ ယုံကြည်တာ တစ်နံပါတ် ရှိသေးတယ် … (မှန်ပါ့)။ ယုံကြည်သဒ္ဓါ ရှိလို့ ရှိရင်ဖြင့် ပညာနောက်က လိုက်တယ်လို့ ဆိုတာ မှတ်ထားကြပါ။
ပညာက နောက်ကလိုက်ပါ
ပညာက ဘယ်လို လိုက်ရမလဲလို့ မေးလို့ ရှိရင် အခု ဒကာ ဒကာမတွေသည် အခု ခန္ဓာကိုယ်ကို ၀ိပဿနာ ဉာဏ်နဲ့ ကြည့်လိုက်ပါ လို့ ဆိုတာ ပြောရတယ် … (မှန်ပါ့)။ ၀ိပဿနာ ဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ခန္ဓာကိုယ်ကြီး အခု ထိုင်ပြီး သကာလ နေငြားသော်လည်း ဟိုဘက်စောင်းရ ဒီဘက်ပြောင်းရဆိုတာ အားလုံး ဒကာ ဒကာမတွေဟာ မငြင်း သာအောင်ဘဲ တွေ့ရတယ်။ သြော်.. ဒါဟာ ဘာပါလိမ့်မတုံး ဆိုတော့ ကာယိကဒုက္ခ, ကိုယ်၏ဒုက္ခ၊ စိတ်ကလည်း မခံသာမှု ဆိုတဲ့ စေတသိကဒုက္ခ။ အဲဒီ ကာယိကဒုက္ခ၊ စေတသိကဒုက္ခကြီးက တပည့်တော်တို့ အလှူပေးပြီး သကာလ နေငြားသော် လည်း ဒီဒုက္ခကြီးက တွန်းလှန်ပယ်ဖျက်လို့ မရပါဘူးဘုရား။ ကာယိကဒုက္ခ၊ စေတသိကဒုက္ခတွေ တွန်းလှန်ပယ်ဖျက် လို့ ရကြရဲ့ လား … (မရပါဘုရား)။
ဘယ်နေရာမှာနေနေ မလွတ်ဘူး
အလှူပေးနေငြားသော်လည်း မရပါဘူး။ အလှူပေးနေငြားသော်လည်း မရပါဘူး။ အဲဒီ ကာယိကဒုက္ခ၊ စေတသိကဒုက္ခ ဒဏ်ချက်တွေကို မစီနှင့်တကွ မောင်ပေါက်ကျော်တို့ အမြဲ ခံနေရတယ် … (မှန်ပါ့) အမြဲခံရတယ်။ ဘယ်နေရာမှာ နေနေ မလွတ်ဘူး။ (၃၁) ဘုံထဲမှာဖြင့် မစီတို့၊ ဒကာသိုက်တို့၊ မောင်ပေါက်ကျော်တို့ နေချင်တဲ့ နေရာ နေပေါ့။ ဒုက္ခကပါနေတာပဲ၊ ဒီဒုက္ခက ပါနေတယ်။
ဒုက္ခသစ္စာလို့ ဆိုရမယ်
ကောင်းပြီ ..ဒါက ခဏခဏ ပြောင်းလဲပြီး သကာလ နေရတဲ့ ဒုက္ခတွေ၊ ဟုတ်တယ် အဲဒီ ဒုက္ခသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဒုက္ခသစ္စာ လို့ ဆိုရမယ် … (မှန်ပါ့)။ ဒုက္ခသစ္စာလို့ ဆိုရတော့ ဒီဒုက္ခသစ္စာကြီးသည်ကား ခွဲမရ ခွာမရ ညနေကက ပြောသလို တစ်ထမ်းတည်းထမ်း၊ တစ်ပိုးတည်းပိုးနေရာက၊ တစ်ပြောင်းတည်း ပြောင်းနေရတဲ့ ဥစ္စာ ဘယ်အချိန်ကများ အားကြသတုံး လို့ မေးတဲ့အခါကျလို့ ရှိရင် ဘယ်အချိန်မှ မအားဘူး ဆိုတာ အဖြေထွက် လာမယ် … (မှန်ပါ့)။ ဒါဖြင့် ဒကာသိုက်တို့၏ ခန္ဓာ ကိုယ်ကြီးသည် ဘယ်အချိန်မှ မအားအောင် ပြောင်းလွဲပြီးသကာလ နေရတယ်ဆိုသဖြင့် ဒုက္ခသစ္စာမှ တစ်ပါး ဘာမှမရှိ ပါလား ဆိုတာ ဆုံးဖြတ်ချက်ချပါ … (မှန်ပါ့)။ ဒုက္ခသစ္စာမှ တစ်ပါး ဘာမှ မရှိဘူးဆိုတာ ဆုံးဖြတ်ချက် ချကြပါ … (မှန်ပါ့ဘုရား)။
ခဏခဏပျက်လို့
အဲဒီကဲ့သို့ ဒုက္ခသစ္စာမှ တစ်ပါး ဘာမှမရှိတဲ့ အပေါ်မှ ဒီခန္ဓာကြီးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အမျိုးမျိုးသော အစာအဟာရ၊ အမျိုးမျိုးသော ဥတုရာသီ၊ အမျိုးမျိုးသေ အထည်အလိပ် ဒါတွေနဲ့ ပြုပြင်နေရတာ ခိုင်လို့လား၊ မခိုင်လို့လား၊ ပျက်လို့လား လို့ မေးလို့ ရှိရင် ခဏခဏပျက်လို့ ခဏခဏ အစားထိုးရတယ်။ အဓိပ္ပါယ် မရောက်ဘူးလား … (ရောက်ပါတယ်ဘုရား)။ ဒါဖြင့် ခဏ ခဏ ပျက်လို့ ခဏခဏ အစားထိုးနေရလို့ ရှိရင်ဖြင့် ဒီသံသရာအတွင်းမှာ ပျက်တိုင်း အစားထိုးနေရမည့် အလုပ်မှ တစ်ပါး မောင်ပေါက်ကျော်တို့ ဒကာသိုက်တို့ ဘာရှိသေးသလဲ … (ဘာမှမရှိပါဘုရား)။ ဘာမှ မရှိဘူးနော်။ မစီ ဘာမှ မရှိဘူး။ သြော် ..တို့ အလုပ်ဟာ ဘာပါလိမ့်မတုံးလို့ သေသေချာချာဉာဏ်နဲ့ ဝေဖန်ကြည့်လိုက်တဲ့ အခါကျ တော့မှ ပျက်ပြီး အစားထိုး၊ အစားထိုးတာတွေပျက်၊ ပျက်ပြီးတော့ အစားထိုး၊ ထိုးပြီးသကာလ ထိုးထားတာတွေပျက် ၊ ပျက်ပြန်တော့ အစားထိုး ကျုပ်တို့မှာ ဒီအလုပ်မှ တစ်ပါး အခြားအလုပ်များ ရှိသေးရဲ့ လား … (မရှိပါဘူး)။
ဖြစ်ဒုက္ခ ပျက်ဒုက္ခ
ပျက်တာကလည်း ဒုက္ခ၊ အစားထိုးတာလည်း … (ဒုက္ခပါဘုရား)။ အစားထိုးတာလည်း ပျက်ဖို့ထိုးရတ၊ အဲဒါကြောင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခ ဆိုတာ ခန္ဓာကိုယ်ကို အခု ဉာဏ်နဲ့ ကြည့်စမ်းပါ။ အခုဉာဏ်နဲ့ ကြည့်ပြီး သကာလနေတော့ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခမှ တစ်ပါး ဘာများ ရှိသေးသလဲ … (ဘာမှ မရှိပါဘူး)။ သြော် ..ဒါဖြင့် လူ့ဘ၀ ရကြတယ်၊ နတ်ဘ၀ ရကြတယ်၊ ဗြဟ္မာဘ၀ ရကြတယ်လို့ ဒကာ ဒကာမတွေက ဘ၀တွေနဲ့ ပတ်သက်ပြီး စကားသာ ပြောကြတာ။ လူနတ်ဗြဟ္မာ ဆိုင်းဘုတ်မှာသာ လူနတ်ဗြဟ္မာ ထားလိုက်တယ်။ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကတော့ ဘယ်သူမှ မထူးကြဘူး … (မှန်ပါ့)။
လူရယ်နတ်ရယ်လို့ ဆိုင်းဘုတ်သာ ဆွဲထားတာ
လူရယ်၊ နတ်ရယ်၊ ဗြဟ္မာရယ်လို့တော့ ဆိုင်းဘုတ် ကလေးတော့ ဆွဲထားတာတော့ ထူးတယ်ပေါ့ဗျာ၊ မထူးပါဘူး။ အတွင်း ထဲမှာ ကြည့်လိုက်တော့ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခမှ တစ်ပါး ဘာရှိသေးသလဲ … (မရှိပါဘူး)။ အဲဒါဖြင့် (၃၁)ဘုံတွင် နေလေသမျှ ကြုံလေသမျှ၊ ဆုံလေသမျှ ဆိုလို့ ရှိရင်ဖြင့် ဒုက္ခမှ တစ်ပါ ကြုံစရာ မရှိဘူး ဆိုတဲ့ အဓိပ္ပါယ်ဟာ သေချာပါတယ် … (သေချာ ပါတယ်)။ အဲဒီတော့ ခဏခဏဖြစ်၊ ခဏခဏပျက် အခု သီလယူပြီးတဲ့ စိတ်ကလေး အကုန်ပျက်ပြီ … (မှန်ပါ့)။ တရားနာတဲ့ စိတ်နဲ့ တရားနာနေတယ်။
တရားနာတဲ့စိတ်
တရားနာတဲ့ စိတ်ကလည်း အခု စဉ်းစားကြည့်ပြန်တော့ နာခဲ့တဲ့ စိတ်ကလေး ပျက်လို့ အခု အသစ်စိတ်နဲ့ တရားနာနေ ရတယ် ဆိုတာလည်း ခင်ဗျားတို့အမှန် သိပြီးသား ဖြစ်ပါတယ်။ အဲဒီလို အမှန် သိပြီးသား ဖြစ်ပြီးနေတော့ စိတ်မှာလည်း အစားထိုးပြီး တရားနာ နေတယ်။ ရုပ်ကကော … (အစားထိုးပြီး တရားနာနေပါတယ်)။ အစားထိုးပြီး တရားနာနေတယ်။
အစားထိုးပြီး တရားနာ
အစားထိုးပြီး ရေစက်ချ၊ အစားထိုး၍ တရားနာ၊ အမလေး ဒကာ ဒကာမတို့ ခဏတောင်မှ မခိုင်ပါလား … (မခိုင်ပါဘုရား)။ မခိုင်တာသည် ပျက်တယ်။ ပျက်တာ ဘာသစ္စာ ပါလိမ့် … (ဒုက္ခသစ္စာပါဘုရား)။ သြော် .. ဒါဖြင့် ဒုက္ခသစ္စာကြီး ပျက်ဖြစ်ကြီး ဆိုတဲ့ ဒုက္ခသစ္စာကြီး တပည့်တော်တို့ အမှန် မြင်တဲ့ ဉာဏ်နဲ့ အမှန်မြင်တဲ့ ၀ိပဿနာ မဂ်ဉာဏ်ဖြင့် တပည့်တော်တို့သည် ဒီဝဋ်ကြီး ကျွတ်ချင်လွန်းလို့ ဒီသင်္ကန်းကပ်ပြီး ဒီ သံဃာ (၁၀၀) ကျော်တို့အား လက်ဖက်ခြောက်တို့၊ ဆပ်ပြာတို့ အမျိုးမျိုး ပေါ့လေ၊ သုံးဆောင်ဖို့ ဒါတွေ လှူဒါန်းခြင်းဟာ ဒုက္ခ ကျွတ်ချင်လို့ ဒုက္ခရွံ့ လွန်းလို့၊ ဒုက္ခမုန်းလွန်းလို့ ဖြစ်ပျက်ကြီး ဆိုတဲ့ ဥစ္စာ ဘယ်တော့မှ အားမရအောင်ပျက်၊ ဘယ်တော့မှ အားမရအောင် အစားထိုးနေရတော့ ၀ဋ်ကောင်သက်သက်မှန်း သိခြင်းကြောင့် ၀ဋ်ဒုက္ခမှ ကျွတ်ချင်တဲ့ ဉာဏ်နဲ့ ဆရာအား သင်္ကန်းကပ်ပါသည်လို့ ဆုံးဖြတ်ချက် ချ … (တင်ပ့ါ)။
ဘာမှ မရချင်ဘူး ၀ဋ်ပဲကျွတ်ချင်တယ်
ဝဋ်ကျွတ်ချင်လို့၊ ဘာရချင်လို့တုံး။ ဘာမှ မရချင်ဘူး။ ၀ဋ်ပဲ ကျွတ်ချင်တယ်။ ဒါပဲ ဆုံးဖြတ်ချက်ချ။ ဘာရချင်လို့တုံးလို့ မေးလို့ ရှိရင် ဘာမှ မရချင်ဘူး ၀ဋ်ပဲကျွတ်ချင်တာ သက်သက်ပဲ။ မောင်ပေါက်ကျော်၊ မစီ ၀ဋ်ကကော ကိုယ်တိုင်မြင်တာလား … (မှန်ပါ့)။ အစားထိုးလာ ခဲ့ကြတာလည်း ဘယ်လောက်ကြာ လာခဲ့ပြီလဲ … (ကြာပါပြီဘုရား)။ အစားထိုးရတိုင်း ထိုးရတိုင်း ပျက်နေလို့ချည်း မှတစ်ပါး ဘာမှ ပြောစရာ မရှိဘူး … (မှန်ပါ့)။ ဒါကြောင့် ပျက်လိုက် အစားထိုးလိုက်၊ ပျက်လိုက် အစားထိုး လိုက်၊ ပျက်လိုက် အစားထိုးလိုက်ဆိုတော့ အစားထိုးလို့ ဒကာသိုက်တို့ ဒေါ်ရွှေတို့က အစားထိုးလို့ ရှိရင် ပြီးရောဟဲ့လို့ အောက်မေ့မယ်။ အစားထိုးတာက ပျက်ဖို့က ပါပြီးသကာလ သွားတော့ အစားထိုးပြီး ပျက်တယ် … (မှန်ပါ့ဘုရား)။ ထိုးပြီးပျက်ပဲ။
ပျက်စရာနဲ့ အစားထိုးတော့ ပျက်ပြန်တယ်
သူ့မှာလည်း ဒုက္ခတွေ ပါတာက တစ်မျိုး၊ ဇရာ, မရဏ နှိပ်စက်တာက တစ်မျိုး … (တင်ပါ့)။ ဤကဲ့သို့ အစားထိုးတာရော ပျက်စရာနဲ့ အစားထိုးလိုက်တော့ ပျက်ပြန်တာပဲ။ ပျက်ပြန်တော့ နောက်တစ်ခါ အစားထိုးပြန်တော့ ပျက်ဖို့ရာက ပါသွားတယ်။ ဒါဖြင့် ခင်ဗျားတို့မှာ ယာယီ မပျက်ချင်လည်း အပျက်ပါ နေသောကြောင့် ပျက်ဒုက္ခပဲ။ ပျက်သွားတာလည်း ပျက်စီးခြင်း ဒုက္ခပဲဆိုတော့ ဘုရားက ဒုက္ခမေ၀ဟိ သမ္ဘောတိ၊ ဒုက္ခံတိဋ္ဌတိ ဝေတိစ၊ နာညတြ ဒုက္ခာ သမ္ဘောတိ၊ နာညံ ဒုက္ခာနိရုဇ္ဈတိ လို့ ဘုရားက ဟောတယ်။ ဒုက္ခမေ၀ ဒုက္ခတရားသည်သာ။ သမ္ဘောတိ မင်းတို့ သန္တာန်၌ဖြစ်၏။ သြော် .. ဒုက္ခရောက်မှာ ပဲ ဖြစ်တာပဲ။ ဒုက္ခံတိဋ္ဌတိ တဲ့။ ဒုက္ခမေ၀ ဒုက္ခတရားသည်သာ၊ တိဋ္ဌတိ ခဏလေးတည်တာပဲကွ။ ဒုက္ခတည် နေတာတဲ့ကွ။
ဒုက္ခဖြစ်၍ ဒုက္ခ ပျက်တာပဲ ရှိတယ်
ဒုက္ခမေ၀ ဒုက္ခတရားသည်သာလျှင်၊ နိရုဇ္ဈတိ ချုပ်သွားတယ်။ ချုပ်သွားတာ ဘယ်သူတုံးဆိုတော့ ဒုက္ခချုပ်သွားတာ။ နာညတြ ဒုက္ခာသမ္ဘောတိ။ ဒုက္ခာ ဒုက္ခကို၊ အညတြ ကျဉ်ထား၍၊ သမ္ဘောတိ ဖြစ်တဲ့ တရားဟာ မင်းတို့ ရှာချင်သလို ရှာကွ။ မင်းတို့ ခန္ဓာကိုယ် ထဲမှာ ဒုက္ခမှ တစ်ပါး ဖြစ်နေတဲ့ တရား မရှိပါဘူးတဲ့။ နာညံဒုက္ခာနိရုစ္ဈတိ၊ ဒုက္ခာ ဒုက္ခကို၊ အညတြ ကျဉ်ထား၍။ နိရုစ္ဈတိ ချုပ်သောတရားသည်၊ နတ္ထိ မရှိပါဘူး။ ဒုက္ခချုပ်တာ ပဲရှိတယ်။ ဒါဖြင့် ဒုက္ခဖြစ်တာနဲ့ ဒုက္ခ ချုပ်တာ၊ ခင်ဗျားတို့ သန္တာန်မှာ ဒါနဲ့ပဲ နေရတော့ ဒါဖြင့် ဒီဟာကြီးကိုဖြင့် ဖြစ်တာလည်း ဒုက္ခ၊ ပျက်တာလည်း ဒုက္ခ ဆိုရင်ဖြင့် ဒကာသိုက်တို့၊ မောင်ပေါက်ကျော်တို့ ဘယ်မှာသာလျှင် အသိညာဏ်ရှိတဲ့ ပုဂ္ဂိုလ်၊ မကျွတ်ချင်စရာ ဘယ်မှာ ရှိမလဲ … (မရှိပါဘုရား)။
ဆရာကပေးတဲ့ အသိညာဉ်
အဲဒီတော့ ဒီအသိညာဉ်ကလေး သည်ကား ဆိုလို့ ရှိရင် ဆရာသမား ပေးတဲ့ အသိဉာဏ်၊ ခင်ဗျားတို့ ကိုယ်တိုင် ယုံကြည်ပြီး သကာလ နာပါများလို့ ရတဲ့ သြော်.. ဒုက္ခဖြစ်ပြီး ဒုက္ခပျက်နေတာမှ တစ်ပါး ဘာမှ မရှိဘူးဆိုတဲ့ အသိဉာဏ်ကလေး။ ဒါကလေးသည် ဒုက္ခမြင်တဲ့ ဉာဏ် ဖြစ်လေသောကြောင့် မဂ်ဉာဏ်ကလေး၊ ၀ိပဿနာ မဂ်ဉာဏ်ကလေးလို့ မစီတို့ မှတ်ရမယ် … (တင်ပါ့)။ ၀ိပဿနာမဂ် ဉာဏ်နော်။ အဲဒီတော့ ၀ိပဿနာ မဂ်ဉာဏ် ဆိုလို့ ရှိရင်ဖြင့် ဒီမဂ်ဉာဏ်ဟာ ဘာကို မြင်သတုံး ဆိုတော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခကို မြင်တယ်။ မောင်ပေါက်ကျော် ဘာမြင်သလဲ … (ဖြစ်ဒုက္ခ ပျက်ဒုက္ခကို မြင်ပါတယ်ဘုရား)။
နောက်ဘ၀များ ဘာဖြစ်ချင်သေးသတုံး
ဖြစ်ဒုက္ခ ပျက်ဒုက္ခကို မြင်တော့ မင်းတို့ဟေ့ နောက်ဘ၀များ ဘာဖြစ်ချင်သေးသတုံး မေးလို့ရှိရင် ပယ်လိုက်ကြပြီ။ ဖြစ်တာဒုက္ခလည်း သိပြီကော။ မဟုတ်ဘူးလား … (ဟုတ်ပါတယ်)။ နောက်ဘ၀ ဘာဖြစ်ချင်သေးသတုံး ဆိုတော့ ဘာဖြစ်ချင် သေးသတုံး ဆိုတာလည်း လာရတော့မှာပဲ။ အဲဒီတော့ဘာမှ မဖြစ်ချင်။ ဘာမှ မပျက်ချင် ပြောလို့ ရှိရင် အဖြစ်အပျက် လွတ်တဲ့ နေရာသာလျှင် ဒုက္ခသိမ်း၍ ငြိမ်းတဲ့ နေရာလို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့။ အဖြစ် အပျက် မရှိတဲ့ နေရာသည်သာလျှင် ဒုက္ခသိမ်း၍ ငြိမ်းတဲ့ နေရာ ရှင်းပြီလား … (ရှင်းပါပြီ)။
လူ့ခန္ဓာကြီးရတယ်
ခင်ဗျားတို့ အခု လူ့ခန္ဓာလို့ သမုတိသစ္စာနယ်ကနေတဲ့ လူခန္ဓာကြီးရတယ်။ လူခန္ဓာကြီး ရတော့ လူလို့သာ ဆိုင်းဘုတ်ဆွဲပြီး သကာလ နေတာ အတွင်းမှာ အဖြစ်ဒုက္ခနဲ့ အပျက်ဒုက္ခ မှတစ်ပါး ပိုက်ဆံရှိတဲ့လူကော၊ မရှိတဲ့လူကော၊ အလတ်စားရော၊ အမွဲရော ထူးကြသေးရဲ့ လား … (မထူးပါဘုရား)။ ဖြစ်ဒုက္ခ ပျက်ဒုက္ခမှတစ်ပါး … (မရှိဘူး)။ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သဗ္ဗေသင်္ခါရ ဒုက္ခကို ဟောထားသားပဲ … (တင်ပါ့)။ သဗ္ဗေသင်္ခါရာ ဒုက္ခက အလုံးစုံ ဒုက္ခသာ ရှိတယ်ကွ … (မှန်ပါ့)။ မင်းတို့က ကြံဖန်ပြီး တောင်းမနေနဲ့ … (မှန်ပါ့)။ အကောင်းရွေးမနေနဲ့ မောင်ပေါက်ကျော်၊ ကျေနပ် ပလား … (ကျေနပ်ပါပြီ)။ မစီတို့က အကောင်းများ ရွေးချင်နေလား … (မရွေးချင်ပါဘူး)။ ရှိကော ရှိရဲ့ လား … (မရှိပါဘူး)။
၃၁ဘုံထဲမှာ အကောင်းဆိုလို့ မရှိ
အကောင်းရွေးချင်လို့ ရှိရင်ဖြင့် အယုတ်တမာတရား ၀င်လာလို့သာ ၃၁ ဘုံထဲမှာ အကောင်းရွေးမှာပေါ့ … (မှန်ပါ့)။ အမှန်တရားဆိုတဲ့ ၀ိပဿနာမဂ် ၀င်လာလို့ ရှိရင်ဖြင့် ၃၁ဘုံ ထဲမှာ အကောင်းဆိုလို့ မြူမျှမရှိဘူးလို့ မှတ်လိုက်စမ်းပါ … (တင်ပါ့)။ ဒါကြောင့် ၃၁ဘုံမှာဖြင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခဆိုတဲ့ ဒုက္ခသစ္စာချည်းပဲ။ အဲဒါဉာဏ်နဲ့ မြင်ပြီး သကာလ အခု လှေခါးက တက်လာတဲ့ ရုပ်နာမ်တွေ ဘာမှ ရှာမတွေ့ဘဲနဲ့ အသစ်နဲ့ အသစ် ဒုက္ခကြီးနဲ့ ထိုင်နေရတာ … (တင်ပါ့)။ အသစ်ဒုက္ခ ကြီးကလည်း ခဏခဏပဲ ပျက်နေတယ် ဆိုတော့ အခုဉာဏ်နဲ့ ကြည့်လိုက်တော့ ဒီဒုက္ခ၀ဋ်မှ ကျွတ်ချင်လွန်းလို့ ဒီဆရာသမားကို ဒီသံဃာတွေကို လှူတန်းတဲ့ သဘောပဲဆိုတော့ ဒုက္ခမြင်လို့ ဒုက္ခကြောက်လို့ ဒုက္ခရွံလို့ လှူတဲ့အလှူ လို့ ဆုံးဖြတ်ချက်ချ … (မှန်လှပါဘုရား)။ သဘောကျပြီလား … (ကျပါပြီဘုရား)။
အခုမြင်တဲ့ ဉာဏ်က ပို့စေသတည်း
မစီ ဘာလုပ်ဖို့ လှူတဲ့အလှူလဲ … (ဒုက္ခကြောက်လို့ပါ)။ ဒုက္ခရွံလို့၊ ဒုက္ခရွံမုန်းပြီး ဒုက္ခကို ကြောက်လွန်းလို့ ဒုက္ခ ကျွတ်လွတ် စေတဲ့ နေရာဌာနကို တပည့်တော် အခုမြင်တဲ့ ဉာဏ်က ပို့ပါစေသား၊ ပို့စေသတည်း။ ခင်ဗျားတို့ ဆုမတောင်း ပါနဲ့။ ဒုက္ခ မြင်တဲ့ ဉာဏ်ကိုက ခင်ဗျားတို့ ဆုမတောင်းလည်း ပို့မှာပဲ … (ပို့မှာပါဘုရား)။ ဒါကြောင့် ခင်ဗျားတို လှူတဲ့ အလှူသည် ဒုက္ခ မြင်တဲ့ ဉာဏ်နဲ့ လှူတဲ့အလှူ ဖြစ်လေသောကြောင့် ၀ိပဿနာမဂ်ဉာဏ်နဲ့ လှူတဲ့အလှူ ဖြစ်လေသောကြောင့် အရိယာ အလှူ … (တင်ပါ့)။
အရိယာတို့၏အလှူ
ကဲ ... မခြုံ၊ ဘယ်သူ့အလှူတုံး … (အရိယာအလှူပါ)။ အရိယာတို့၏ အလှူ အရိယာတို့၏ အလှူဖြင့် ဘယ်ဝဋ်မှ မလာတော့ဘူး။ ၀ိပါက၀ဋ်၊ ကိလေသ၀ဋ်၊ ကမ္မ၀ဋ် ဆိုတဲ့ ၀ဋ်သုံးပါး ကျွတ်တဲ့အလှူလို့ မစီ သေသေချာချာ မှတ်ရမယ် … (မှန်လှပါဘုရား)။ ၀ဋ်သုံးပါးကျွတ်တဲ့အလှူ ရှိမှ ရခဲတာကို ဒကာသိုက်ရ။ ဒီအလှူမျိုးက … (တင်ပါ့)။ လှူရခဲပါတယ်တဲ့ ၀ဋ်သုံးပါး ကျွတ်တဲ့အလှူ။ ကောင်းပြီ ဒါဖြင့် ၀ဋ်သုံးပါက ဒုက္ခသစ္စာ၊ ကျွတ်ချင်တဲ့ဉာဏ်က မဂ္ဂသစ္စာ … (မှန်ပါ့)။
မဂ္ဂသစ္စာနဲ့ လှူတဲ့အလှူ
သြော် .. ဒါဖြင့် ဒီဉာဏ် ဦးစီးပြီး လှူတော့ကို မဂ္ဂသစ္စာနဲ့ လှူတဲ့အလှူ ဖြစ်လေသောကြောင့် ခင်ဗျားတို့ နိဗ္ဗာနံ မဂ္ဂတိ ဂဝေတီတိ မဂ္ဂေါ။ နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ ဆိုသဖြင့် ခင်ဗျားတို့ အခုမြင်တဲ့ ဉာဏ်ကလေး ဒီဉာဏ်နဲ့ အလှူဖြစ်လေ သောကြောင့် ခင်ဗျားတို့ အလှူသည် ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်မှ တစ်ပါး၊ ဘယ်မှ သူရွက်ဆောင်၍ မသွားတော့ ဘူးလို့ သေသေချာချာ ယုံကြည်လိုက်ပါ … (မှန်ပါ့)။
ဒုက္ခငြိမ်းချင်တဲ့ အလှူမို့ အဖိုးတန်တယ်
သေသေချာချာ ယုံကြည်လိုက်ပါ။ ဒုက္ခငြိမ်းချင်တဲ့ အလှူကိုးဗျ… (မှန်လှပါဘုရား)။ တယ်အဖိုးတန်ပါလား … (တန်ပါတယ်)။ အဲဒီတော့ကာ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ် ဦးစီးပြီး သကာလ လှူတဲ့ အလှူဖြစ်လေသောကြောင့် ဉာဏ်သည် မဂ္ဂသစ္စာ … (မှန်ပါ့)။ အဲဒီမဂ္ဂသစ္စာနဲ့ ဒုက္ခဖြတ်တာသည် ခင်ဗျားတို့ ဉာဏ် မို့လို့ ဖြတ်လို့ ရတာ။ အခြား သဘောနဲ့ ပြတ်ပါတယ် ဆိုတာ မဟုတ်ပါဘူး။ ဉာဏ်နဲ့ မြင်လိုက်တော့မှ ပြတ်တာ။ ဉာဏ်နဲ့ မြင်လိုက်တော့မှ ပြတ်ပြီး သကာလ လာတော့၊ ကြည့်စမ်းပါလား။ လှေခါးက ဆရာဘုန်းကြီးကို သင်္ကန်းကပ်မလို့ တက်လာတာတောင်မှ စိတ်တွေဟာ ဒုက္ခရောက်ပြီး သကာလ အခု အစားထိုးကြီးနဲ့ သင်္ကန်းကပ်နေရတယ် ဆိုတာ ကိုပေါက်ကျော် လွဲရဲ့ လား … (မလွဲပါဘုရား)။ မလွဲတော့ မင်းတို့သည် ဒါကြီးမှ ဒီသေခါနီး ဘ၀မှာ ခဏခဏ သေတဲ့ဘ၀ကိုမှ မကျွတ်ချင်လို့ ရှိရင် မင်းတို့လောက် အ,တာ၊ မင်းတို့လောက် ရူးတာ ဒကာသိုက် မရှိတော့ဘူး … (မရှိတော့ပါဘုရား)။
နောက်ဖြစ်ချင်ရင် သေချင်သေးလို့
နေ့တိုင်ဖြစ် အခါခါ သေလာတာချည့်ပဲ ဥစ္စာ၊ နောက်များ ဘာဖြစ်ချင်တယ်ဆိုရင် သေချင်သေးလို့မှ တစ်ပါး ဘာမှ ဆရာ ဘုန်းကြီး ဟောစရာ မရှိဘူး … (မှန်ပါ့)။ ရိပ်မိကြပလား … (ရိပ်မိပါပြီ)။ ဒါဖြင့် မောင်ပေါက်ကျော် အသေလွတ်နေရာကို ရောက်ပါရစေ ဆိုတဲ့ဥစ္စာ၊ အသေမြင်တဲ့ ပုဂ္ဂိုလ်က အသေလွတ်ကို ကြိုက်တယ်။ အသေ မမြင်တဲ့ ပုဂ္ဂိုလ်က အသေလွတ် ကြိုက်တယ်ဆိုတာ အလကား ပြောတာ … (မှန်ပါ့)။ အလကားပြောတာ။
တ၀ဋ်ကျွတ်ချင်တဲ့ အလှူ မပါတာများတယ်
ဒါကြောင့် အလှူပေါင်း တစ်ထောင်၊ အလှူပေါင်း တစ်သိန်းမှာ ခင်ဗျားတို့ ၀ဋ်ကျွတ်ချင်တဲ့ အလှူ မပါဘူးလို့ ဆရာ ဘုန်းကြီး ပြောတာ အသေအချာ မှတ် … (မပါ,ပါဘူးဘုရား)။ ခင်ဗျားတို့ နောက်က လှူတန်းခဲ့တာတွေ ပေါ့ဗျာ။ အလှူပေါင်း တစ်ထောင်၊ အလှူပေါင်း တစ်သောင်းမှာ ယခုလို ခန္ဓာကြီး ဉာဏ်ရောက်ပြီး ဟောဒီလို တွေ့ရတဲ့ ၀ိပါက၀ဋ်၊ ဖြစ်ဒုက္ခ၊ ပျက် ဒုက္ခ ဆိုတဲ့ ဒုက္ခ၀ဋ်ကြီးမှ ယခု တပည့်တော် မြင်တဲ့ ဉာဏ်နဲ့ ယခုကျွတ်ချင်လို့ ယခု လှူတာပါဘုရား။ အဲဒီ ၀ဋ် ကျွတ်ချင်လို့ သင်္ကန်းကပ်တာ ဆိုတော့ ခင်ဗျားတို့ ဉာဏ်ဦးစီးတဲ့ အလှူ ဆိုတာ မသေချာဘူးလား … (သေချာပါတယ်)။ ဒါဖြင့် ဒီဉာဏ်သည်ကား လို့ ဆိုလို့ရှိရင် မဂ္ဂပစ္စယောလို့ မှတ်လိုက် .. (တင်ပါ့)။ မောင်ပေါက်ကျော်၊ မဂ္ဂပစ္စယော … (မှန်ပါ့)။ မစီ ဘာတဲ့လဲ … (မဂ္ဂပစ္စယောပါဘုရား)။
ဝဋ်ထဲက ထွက်မြောက်အောင် သူကပို့ပေးမယ်
မဂ္ဂပစ္စယော - ၀ဋ်မှ ထွက်မြောက်ကြောင်း ဖြစ်အောင် ကျေးဇူးပြုမှာပဲ။ ဟော.. မဂ္ဂပစ္စယော -၀ဋ် ထွက်မြောက်ကြောင်း ဖြစ်အောင် ဆောင်ရွက်မယ်။ ခင်ဗျားတို့ အခု ၀ိပဿနာ ဉာဏ်လေး ဦးစီးပြီး လှူတဲ့အလှူက ၀ဋ်ထဲက ထွက်မြောက်အောင် သူပို့ ပေးပါမယ်တဲ့ … (တင်ပါ့)။ ခင်ဗျားတို့မှာ ရှိတဲ့ ၀ိပဿနာ ဉာဏ်ကလေးက ခင်ဗျားတို့ ရှုတဲ့ ၀ိပဿနာဉာဏ် ကလေးက ၀ဋ်ထဲက ထွက်မြောက်အောင် သူပို့ ပေးပါမယ်လို့ တာဝန်ယူ ပါတယ် … (တင်ပါ့)။ ဘာဖြစ်လို့ တာဝန်ယူသလဲ လို့ ဆရာဘုန်းကြီးက ဘာဖြစ်လို့ တာဝန်ယူသတုံးလို့ မေးတဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့ ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ မမြဲသော အကြောင်းတွေကြောင့် ပို့ပေးပါလို့ ခိုင်းရသလား။ အကုသိုလ် ကံတွေက ပို့လိုက်တာလား … (အကုသိုလ် ကံတွေက ပို့လိုက် တာပါ)။ ခင်ဗျားတို့ ပို့ပေးပါလို့ ခိုင်းလို့လား … (မခိုင်းပါဘူး)။ သူ့ကို သူ့ဝမ်းထဲ ကိန်းနေတဲ့ ဒီအကုသိုလ် ၀မ်းထဲ ကိန်းနေတာ။ ဒီအကုသိုလ်ကပဲ ပို့လိုက်တာ … (မှန်ပါ့)။
ဝဋ်ကျွတ်တဲ့ နိဗ္ဗာန်ပဲပို့မယ်
အခု မဂ္ဂပစ္စယောဆိုတဲ့ ဖြစ်ဒုက္ခ ပျက်ဒုက္ခ မြင်နေတဲ့ ဉာဏ်ကလည်း ထွက်မြောက်ကြောင်း တရားဖြစ်လေ သောကြောင့် ၀ဋ်မှ ထွက်မြောက်ကြောင်းတရား ၀မ်းထဲ ကိန်းနေသောကြောင့် ဟေ့ .. မင်းဘယ်ပို့ပေး လို့ ခိုင်းဖို့ လိုသေးသလား … (မလို ပါဘူး)။ ၀ဋ်ကျွတ်တဲ့ နိဗ္ဗာန်ပဲပို့မယ် … (တင်ပါ့)။ အကုသိုလ် လုပ်တော့ ဆုမတောင်းဘဲနဲ့ အကုသိုလ်က ပို့လိုက်သလို ဒီမှာ လည်း ဒုက္ခသစ္စာကို ဖြစ်ဒုက္ခ ပျက်ဒုက္ခကြီးကို မြင်နေတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လှူတဲ့အလှူက မြင်တဲ့ ဉာဏ်ကလေးက ၀မ်းထဲမှာ ကိန်းပြီး နေသောကြောင့် သူကမဂ္ဂပစ္စယော ဖြစ်သွားတယ် … (တင်ပါ့)။ သဘောကျပလား … (ကျပါပြီ)။
မောင်မင်းကြီးက ဘယ်များပို့မှာတုံး
မဂ္ဂပစ္စယောဆိုတော့ ဒီဝဋ်မှ ထွက်မြောက်ရာ ကိုသာလျှင် သူကပို့တတ်တဲ့ တရား … (တင်ပါ့)။ အဲဒီတော့ ကိလေသ၀ဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ် ဆိုတော့ ၀ဋ်သုံးပါးမှ ကျွတ်ရာ လွတ်ရာကို ပို့တတ်တဲ့ တရား၊ အခု ၀မ်းထဲမှာ ရှိနေသောကြောင့် မောင်မင်းကြီး ဘယ်ပို့မှာတုံးလို့ မေးမနေနဲ့ … (မှန်ပါ့)။ သဘောကျပြီလား … (ကျပါပြီ)။ ဧကာယနေအယံ ဘိက္ခဝေ မဂ္ဂေါ၊ ဘိက္ခဝေ ရဟန်းတို့၊ အယံမဂ္ဂေါ မင်းတို့ ဖြစ်ဒုက္ခ ပျက်ဒုက္ခတို့ကို မြင်တဲ့ မဂ်သည်၊ ဧကာယနော တစ်ကြောင်းတည်းနှင့် နိဗ္ဗာန် ပို့၏ … (မှန်ပါ့)။ မဟောဘူးလား … (ဟောပါတယ်)။ အဲဒါ ဒီလောက်သေချာနေတော့ သြော် တို့ဆရာ ဘုန်းကြီးက အခုလမ်းပြနေတယ်။ တို့ အလှူသည်ကား ဆိုရင် သူများအလှူ (၁၀)သိန်းကုန် လှူတဲ့အလှူ တွေနဲ့တောင် မတူသေးပါလား။ (၁၀) သိန်းကုန်က အခြား ကုသိုလ်တွေ သိန်းပေါင်း (၁၀) သိန်းပေါင်း (၂၀)တွေမှာ အကုသိုလ်က ပါနေတာ၊ ၀ိတက်တွေက ပါမယ်၊ ခန္ဓာက ဉာဏ်ရောက်က မပါဘူး။
ကုန်ကူးတစ်မျိုး
မပါတော့ ဟိုဥစ္စာက ပိုင်းခြားကုန်ကူး တစ်မျိုးလို့ မှတ်လိုက်တာပေါ့။။ မဏ္ဍပ်ကြီး ဆောက်ပြီးသကာလ ဘ၀ကို တောင့်တပြီး လှူတဲ့အတွက် မစီ ကုန်ကူးတစ်မျိုးပဲ … (တစ်မျိုးပါဘုရား)။ ပွဲရုံကြီး ခင်ဗျားတို့ အိမ်မှာ ဆောက်ထားကြတာပဲ။ ဒါကုန်ကူးတာ တစ်မျိုးပဲ … (ကုန်ကူးတာ တစ်မျိုးပါ)။ ဟိုမဏ္ဍပ်ကြီး ဆောက်ပြီး ကူးတာကော … (ကုန်ကူးတာတစ်မျိုးပါ)။ ကုန်ကူးတာ တစ်မျိုးပဲ ဆိုတာ ရိပ်မိပလား … (ရိပ်မိပါပြီ)။ အဲဒါတွေ ကုန်ကူးတစ်မျိုး ဆိုတဲ့ဥစ္စာ၊ ဒါ ၀မ်းမြောက်လို့ ရှိရင်ကွာ လူခန္ဓာ အဖြစ်မှ နတ်ခန္ဓာ အဖြစ်နဲ့ ရအောင်လို့ ကုန်ကူးလိုက်တာ … (မှန်ပါ့)။ လူခန္ဓာ အဖြစ်မှ ဗြဟ္မာခန္ဓာ အဖြစ်ကြီး ရအောင် ကုန်ကူးလိုက်တာ … (မှန်ပါ့)။
တဏှာခိုင်းတဲ့အလုပ်
ဤကဲ့သို့ ကုန်ကူးတဲ့ အလုပ်ဖြစ်လေသောကြောင့် အဲဒါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဉာဏ်အလုပ်လား၊ လိုချင်လို့ လုပ်တဲ့ အလုပ်ဖြစ် လေသောကြောင့် တဏှာအလုပ်လား ဆိုတာ မေးကြည့်ပါဦး … (တဏှာအလုပ်ပါ)။ အမယ်လေး ဒါလှူတာတဲ့။ တဏှာ ခိုင်းတဲ့ အလုပ်လုပ်ပေးတယ်။ လှူတယ်လို့လည်း လုပ်သေးရဲ့ ။ ခင်ဗျားတို့ မုသားဖြစ်တယ် … (မှန်ပါ့)။ သေသေချာ ချာ ဖြစ်တယ်။ သေသေချာချာ ဖြစ်တာပေါ့။ ခိုင်တာက တဏှာနော် … (မှန်ပါ့)။
လှူတာလုပ်ပြီးဖိတ်တယ်
ခိုင်းတာက တဏှာခိုင်းတဲ့ ဥစ္စာ၊ ခင်ဗျာတို့က ဖိတ်တာ လှူတာလုပ်ပြီး ဖိတ်တယ် … (မှန်ပါ့)။ မောင်ပေါက်ကျော် ရူးများ ရူး သလားကွ … (မှန်ပါ့)။ မရူးဘူးလား … (ရူးပါတယ်ဘုရား)။ မစီရေ ရူးတဲ့ ပုံများကိတော့ မပြောပါနဲ့တော့ … (မှန်ပါ့)။
ဆေးကုလို့ မရတဲ့ အရူးမျိုး
အေး … ရူးလိုက်တာက တန်းကြီးထဲကက ပေါ့ဗျာ။ အရူးတန်း အကြီးထဲက ကျနေတာပဲ။ ဆေးကုလို့ မပျောက်တဲ့ အရူးမျိုး ထဲက ဖြစ်နေတယ် … (မှန်ပါ့)။ အဲဒီတော့ တဏှာ ခိုင်းတာလဲ လုပ်သေးရဲ့ ၊ အလှူကြွပါလို့လည်း ဖိတ်သေးရဲ့ ။ သာဓုခေါ် ရအောင်လို့ ဖိတ်လိုက်သေးတယ်။ အတူတကွ တရားနာ ရအောင်လည်း ဖိတ်လိုက် သေးတယ်ဆိုတော့ ခိုင်းတဲ့ အလုပ်က ကုန်ကူး အလုပ် … (မှန်ပါ့)။
ရမ်းတောင်းမှန်းတောင်း
နိဗ္ဗာန်ဆိုတာက ခင်ဗျားတို့က ခင်ဗျားတို့လည်း ရောက်ဖူးတာ မဟုတ်ဘူး … (မရောက်ဘူးပါဘုရား)။ မရောက်ဘူးတဲ့ဟာ ဆရာသမားကလည်း နိဗ္ဗာန်တောင်းလိုက်၊ နိဗ္ဗာန်တောင်းလိုက် ဆိုလို့သာ တောင်းတာ … (မှန်ပါ့)။ အဲဒီတော့ ခင်ဗျားတို့ သည် ရမ်းတောင်း မှန်းတောင်း … (မှန်ပါ့)။ ရမ်းတောင်း မှန်းတောင်း ဆိုသဖြင့် ခင်ဗျားတို့ဟာ ရမှာလည်း မဟုတ် … (မှန်ပါ့)။ ဟုတ်ဘူးလား။ ဒီဒုက္ခကြီး ကျွတ်ချင်လို့ ဆိုတော့ဖြင့် ဒီဒုက္ခကို ကိုယ်တိုင်မမြင်လား … (မြင်ပါတယ်)။ ဒါဖြင့် ဒုက္ခ ကျွတ်တာကို ဘာခေါ် ကြမလဲ။ နိဗ္ဗာန် … (နိဗ္ဗာန်ပါဘုရား)။ ဒါဖြင့် ဒုက္ခတော့ အမြင်သား ပေါ့ဗျာ … (မှန်ပါ့)။ အဲဒီတော့ ပုထုဇဉ် ဉာဏ်နဲ့တော့ နိဗ္ဗာန် မမြင်ဘူးတဲ့။ မှန်းဆပြီးသာ သူပြောနေတာ။ ဒုက္ခကျွတ်ရ ပါလို၏ ဆိုမှ ကိုယ့်ဒုက္ခ ကိုယ်မြင်လို့ ကျွတ်ချင်တာ သေချာတယ် … (သေချာပါတယ်)။ သေချာကြတော့ ဒါနိဗ္ဗာန် ရတာပဲ မဟုတ်လား … (ရပါတယ်)။
ဉာဏ်ကဒုက္ခကျွတ်ချင်တယ်
ဒါဖြင့် ဒီဖြစ်ဒုက္ခ ပျက်ဒုက္ခကြီးမှ တပည့်တော်တို့သည် သင်္ကန်းကပ်တယ်။ သံဃာတွေကို ဆွမ်းအလှူ အတန်း လှူတဲ့ အလှူသည် ဒုက္ခကြီးမှ ကျွတ်ခြင်း လွတ်ခြင်းကို တပည့်တော်တို့သည် တကယ်မြင်လို့ ကျွတ်အောင် လွတ်အောင် လုပ်တဲ့ ဉာဏ်နဲ့ စွန့်ခြင်း၊ ကြဲခြင်း၊ ပေးကမ်းခြင်း ဖြစ်ပါတယ်ဘုရား ဆိုတော့ ဘာတောင့်တ သေးသလဲ … (ဘာမှ မတောင့်တ ပါဘုရား)။ ဒါဖြင့် ဒုက္ခ ကျွတ်ချင်တာ တစ်ခုတည်း ဆိုတော့ ဒါဉာဏ် စခန်း သက်သက်ပဲ … (မှန်ပါ့)။ တဏှာ နည်းနည်းမှ မပါဘူး … (မပါ,ပါဘူး)။ မပါဘူး။ မပါဘူး။
တဏှာက ဒုက္ခပေးတယ်
တဏှာနည်းနည်း မှမပါဘူး။ ဒုက္ခကျွတ်ချင်တာ၊ တဏှာကတော့ ဒုက္ခပေးသမားကို … (မှန်ပါ့)။ ဉာဏ်ကတော့ ကျွတ်ချင် သမား … (မှန်ပါ့)။ ဒါဖြင့် ဒုက္ခ ကျွတ်ချင်တဲ့ အလှူပွဲ ဖြစ်လေသောကြောင့် မစီတို့ မောင်ပေါက်ကျော်တို့ အားကြီး အဖိုးတန်တယ် … (မှန်ပါ့ဘုရား)။ အားကြီး အဖိုးတန်သွားပြီ။ မင်းတို့ကတော့ သားရှင်ပြုတုန်းကတော့ ဘယ်လောက် ကုန်ခဲ့တယ် ဆိုတာကို ငါသာဓု မခေါ် ပါဘူး။ မစီ သာဓု မခေါ်လို့ ၀မ်းနည်းသလား … (၀မ်းမနည်းပါဘူး)။ အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မသိ မလိမ္မာသေးခင်က မှားပြီး သကာလ ထားတဲ့ အပြစ်တွေကတော့ မောင်ပေါက်ကျော် မနည်းလှဘူး … (မနည်းပါဘုရား)။ မနည်းဘူးနော် … (မနည်းပါဘုရား)။ အဲဒါကြောင့် ယခုတော့ဖြင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခကြီး ကာယိကဒုက္ခ၊ စေတသိကဒုက္ခကြီး၊ နောက်လာလတ္တံ့ဖြစ်တဲ့ ဇာတိဒုက္ခကြီး၊ ဇရာဒုက္ခကြီး၊ ဗျာဓိဒုက္ခကြီး၊ မရဏဒုက္ခကြီး ညနေက ဟောတဲ့အတိုင်း သူသေကောင် ထမ်းတဲ့ အလုပ်ကြီး … (မှန်ပါ့)။ ညနေက သူသေ ကောင် ထမ်းရ တယ်ဆိုတာ မစီတို့ ကြားလိုက်တယ် … (ကြားပါတယ်ဘုရား)။ မောင်ပေါက်ကျော်လည်း ကြားလိုက်တယ် … (ကြားပါတယ်ဘုရား)။
မိုက်တာက ပါလိုက်သေးတယ်
အေး..အဲဒါကြီးကိုမှ ဆုတောင်းသွား ယူတဲ့ ပုဂ္ဂိုလ်ဟာ အရူးနဲ့ အမိုက် နှစ်ခုစလုံး စုံလို့ ဖြစ် လိမ့်မယ် … (စုံလို့ပါဘုရား)။ အရူးချည့် သက်သက်လည်း သွားမတောင်းဘူး … (မှန်ပါ့)။ မိုက်တာကလည်း ပါလိုက်သေးတယ် … (ပါ,ပါတယ် ဘုရား)။ ဒါဖြင့် ဒွန်းစဏ္ဍား၊ သုဘရာဇာ အဖြစ် ဆုတောင်းယူတာ မစီရေ့ ။ ရှက်စရာ ကောင်းတယ်။ ငွေလည်းကုန်သေးတယ်။ မသာ လည်း ထမ်းရသေးတယ်။ မောင်ပေါက်ကျော် ဘာဖြစ်ကြတာလဲ … (အရူးထတာပါ ဘုရား)။ အရူးထတာ။ ဒေါ်ရွှေ ဘာဖြစ်နေ တာလဲ … (အရူးမိုက်ပြနေတာပါဘုရား)။ ရူးမိုက်ဖြစ်နေတာ။ အဲဒါကတော့ ယခုလို ဆရာကောင်း သမားကောင်းနဲ့ ကြုံမှသာလျှင် အရူးမှန်း သိ အမိုက်မှန်းသိတာဗျာ။
အလောင်းပြောင်းထမ်းတာ
အမလေး၊ နို့မို့လို့ ရှိရင် ခင်ဗျားတို့က ကျုပ်တို့တော့ ပူစရာ မရှိဘူးတဲ့။ နောက်ဘ၀ဆိုရင် ကောင်းစားဖို့သာ ရှိပါတယ်။ သူကောင်းစားတာက မသာတုံးကြီး … (မသာတုံးကြီးပါဘုရား)။ ရိပ်မိပလား … (ရိပ်မိပါပြီ)။ သူကောင်းစားတာ ဘာပါလိမ့် … (မသာတုံးကြီးပါ)။ အလောင်းပြောင်းထမ်းတာ။ မစီ ထမ်းချင်သေးသလား … (မထမ်းချင် ပါဘူးဘုရား)။ ရှက်ကြပါတော့ ဗျာ။ မောင်ပေါက်ကျော်ကော … (တင်ပါ့)။ ရှက်ကြပါတော့။ ကြောက်လည်း ကြောက်ပါတော့ဗျာ။
မသာကြီးများ ထမ်းချင်သေးလား
မသာကြီးများ ထမ်းချင် သေးသလားလို့ မေးတဲ့အခါ မေးကြည့်။ မမေးဘူးလား … (မေးပါတယ်ဘုရား)။ နတ်ခန္ဓာ ဆိုတာက လူ့ခန္ဓာထက် ကြီးတယ်။ အဲဒီတော့ လူခန္ဓာထက် ကြီးတယ်ဆိုတော့ ခင်ဗျားတို့ နတ်ပြည် ရောက်သွားတော့ ဘာထမ်း ရမှာ တုံး … (နတ်ခန္ဓာထမ်းရမှာပါဘုရား)။ နတ်ခန္ဓာဆိုတော့ မသာသေးလား။ မသာကြီးလား … (မသာကြီးပါဘုရား)။ တော် လောက်ပြီ ထင်တယ်။ ရိပ်မိပလား … (ရိပ်မိပါပြီ)။ တော်လောက်ပြီ ထင်တယ် မစီရ … (မှန်ပါ့)။ တော်လောက်ပါပြီ။ ခင်ဗျား တို့က ဂုဏ်မယူ ပါနဲ့တော့ … (မှန်ပါ့)။
ဂုဏ်မယူပါနဲ့တော့
ဂုဏ်မယူ ပါနဲ့တော့။ မသာကြီးများ ဖြစ်ချင်သေး သလား … (မဖြစ်ချင်ပါဘူး)။ ဗြဟ္မာဆိုတော့ကို ခုနက ပြောတဲ့ ဒီကနေ ကျောက်ဆည်လောက် ရှိပါတယ်၊ ဆိုတာပေါ့ဗျာ သူ့ခန္ဓာကိုယ်ကြီး၊ တစ်ယောက်တစ်ယောက် ခန္ဓ္ဓာကိုယ်ကြီး အဲ.. ဗြဟ္မာ ဖြစ်ချင်တော့ ဗြဟ္မာ ခန္ဓာကိုယ်ကြီးကလည်း အသုဘပဲ မဟုတ်လား … (မှန်ပါ့)။ အသုဘကြီး ဖြစ်ပြီး သကာလ အသုဘက ဒုက္ခသစ္စာကြီး မဟုတ်လား။ အဲဒီ အသုဘ ဒုက္ခသစ္စာကြီးနဲ့ ထမ်းရမှာတော့ တပည့်တော်တို့ ကြောက်လွန်းလို့ ဘုရား … (မှန်ပါ့)။
ဉာဏ်နဲ့ခန္ဓာကိုယ်ကို ကြည့်
မသာထမ်း ဘ၀မှ လွတ်မြောက်အောင်၊ ဒုက္ခကြီးတည်း ဟူသော ခန္ဓာဝန်ကြီး ထမ်းရတဲ့ ဘ၀မှ ကျွတ်အောင်လွတ်အောင် လို့ ယခုကဲ့သို့ သင်္ကန်းကပ်ပြီး သကာလ ကျွတ်လို လွတ်လိုသော ဉာဏ်နဲ့ကို၊ တကယ် ကပ်တာပါဘုရားလို့ ဆိုတာ ဉာဏ်နဲ့ကို ခန္ဓာကို ကြည့်လိုက်ပါ … (မှန်ပါ့)။ ကြည့်လိုက်တဲ့ အခါကျတော့ ခန္ဓာကိုယ်ထဲ ကြည့်စမ်း။ အသုဘတွေ ကျင်ကြီး ရှိရဲ့ လားလို့ ခင်ဗျားတို့ ၀မ်းဗိုက်ထဲ မေးရင် ဘယ့်နှယ့် ဖြေကြမလဲ … (ရှိပါတယ်ဘုရား)။ ကျင်ငယ်တွေ ရှိရဲ့ လား … (ရှိပါတယ်ဘုရား)။ သွေး၊ ပြည်၊ သလိပ်တွေကော … (ရှိပါတယ်ဘုရား)။ အမယ်.. ဒါကြီးထမ်းပြီး ဒီကျောင်းပေါ် တက်လာ ခဲ့ကြတာပေါ့ … (တင်ပါ့)။ ဒါကြီးထမ်းပြီး ဒီကျောင်းပေါ်တက်လာ ခဲ့ကြတယ်။ သြော် … ခင်ဗျားတို့သည်ကား လို့ ဆိုရင် ကျောင်းကတော့ အသက်မရှိလို့သာ နိဗ္ဗာန်ကတော့ဖြင့် ဒီလိုလူကို လက်မခံဘူး … (လက်မခံပါဘုရား)။ အသုဘ ကိုးဗျ … (မှန်ပါ့)။ အသုဘကိုး။ ဒုက္ခသစ္စာကိုး။ လက်ခံ ပါ့မလား … (လက်မခံပါဘုရား)။ ဒါကြောင့် နိဗ္ဗာန်ကို ခင်ဗျားတို့က သေသေချာချာ မှတ်ပါ၊ ခန္ဓာ ဇာတ်သိမ်းပုံ ဇာတ်သိမ်းချက် … (မှန်ပါ့)။ အသုဘခန္ဓာကြီး ပါသွားလို့ တော်ပါ့မလား … (မတော်ပါဘူး)။
နိဗ္ဗာန်မှာ ဘာခန္ဓာမှ မရှိဘူး
ဒါကြောင့် နိဗ္ဗာန် ဘာခန္ဓာ ရှိသတုံးလို့ ဒကာသိုက်က မေး,မေး၊ မောင်ပေါက်ကျော်က မေး,မေး၊ ဒေါ်ရွှေတို့က မေး,မေး မစီတို့က မေး,မေး၊ မေးချင်တာကမေး။ ဘာခန္ဓာမှ မရှိဘူး မှတ်ပါ … (မှန်ပါ့)။ ရှိရင် အသုဘ ရှိနေဦးမှာပဲ … (မှန်ပါ့)။ အသုဘ ရှိရင် မသာထမ်း ဘ၀က ကျွတ်ပြီလို့ ဆိုလို့ ရလား … (မရပါဘုရား)။ အဲဒါကြောင့် တပည့်တော်တို့ ဘုရား ယခု ဆရာကောင်း သမားကောင်း လမ်းညွှန်တဲ့ အတွက် ဤကျွတ်ခြင်း လွတ်ခြင်း ကိုဖြင့် မုချ ကျက်သရေ မင်္ဂလာမရှိတဲ့ အသုဘ ခန္ဓာ၊ ဒုက္ခသစ္စာကြီးဖြင့် ကျွတ်လို လွတ်လိုသော ဆန္ဒ ပြင်းပြပြီး သူ့ကို ရွံ့ လွန်းလို့ ဟောဒါကြီးကိုဖြင့် အခုစလို့ ရှိရင်ဖြင့် အခုသည် ဉာဏ်နဲ့ အခုစလို့ ရလို့ ရှိရင်ဖြင့် အခုဖြတ်ချင်တဲ့ ဉာဏ်နဲ့ ဆရာသမား သင်္ကန်း ကပ်ပါတယ် ဘုရား လို့ ပြောင်းလိုက်။ အခုစလို့ ရရင် အခုဖြတ်ကြည့် ဟုတ်ဖူးလား … (မှန်ပါ့)။ သို့သော်လည်းတဲ့ အခု ဖြတ်ချင်လို့ ရှိရင် အခု ဖြတ်ချင်တဲ့ ဉာဏ်နဲ့ပဲ လှူပါတယ် ဆိုတော့ စ‘မရတာက ခင်ဗျားတို့။
ဝိပါက၀ဋ်ကောင်
ဘာဖြစ်လို့ စ မရသေး သတုံး ဆိုတော့ ၀ိပါက၀ဋ်ကောင်၊ ၀ဋ်မကျွတ်သေးဘူး … (၀ဋ်မကျွတ် သေးပါဘုရား)။ သဘောကျ ပလား … (ကျပါပြီ)။ ဘာကောင်းတုံး ခင်ဗျားတို့… (၀ိပါက၀ဋ်ကောင်ပါ)။ ၀ဋ်ကောင် ၀ဋ်မကျွတ်သေးတော့ ဘာနဲ့ တူနေ သတုံးဆိုတော့ နေ့လည်ကပဲ ပုံရိုင်းရိုင်းနဲ့ နှိုင်းလိုက် ရတယ် … (မှန်ပါ့)။ ခွေးတွေဟာ လည်ပင်း ပြတ်လောက်အောင် အနာကြီး ပေါက်နေတယ်။ ခင်ဗျားတို့က ကြည့်လိုက်တော့ မောင်ပေါက်ကျော် တို့က ကြည့်လိုက်တော့ မစီတို့ ဒေါ်ရွှေတို့က ကြည့်လိုက်တဲ့ အခါကျတော့ ဒီခွေး သေလည်းမသေနိုင်ဘူး။ ၀ဋ်ကြီးလိုက်တာ။
အသုဘကြီးနဲ့အထမ်းသမား
အနာနဲ့သူ ခွဲမရ ရှာပဲကိုး … (မှန်ပါ့)။ ခွေးနဲ့ အနာနဲ့ ခွဲရရဲ့ လား … (မရပါဘူး)။ လူမှာကတော့ အသုဘကြီးနဲ့ အထမ်းသမား နဲ့ ခွဲရသလား … (မရပါဘူး)။ ခွေးအနာကြီးလိုပဲ ၀ဋ်ကြီးနေလိုက်တာ ခင်ဗျားတို့မှာ။ ရိပ်မိပလား … (ရိပ်မိပါပြီ)။ မောင်ပေါက်ကျော် မင်းဘ၀က သေးသလား … (မသေးပါဘုရား)။ မသေးဘူးကွ။ ခွေးအနာသာ မင်းတို့က မြင်နေတာ။ ခွေးအနာသာ မြင်နေတာ မစီတို့ လူစုက လူနာ အပြစ်မသိဘူး။ အပြစ်မြင်ပြီလား … (မြင်ပါပြီ)။ ထမ်းထားတာကလည်း သုဘလား အသုဘလား … (အသုဘပါ)။ အသုဘမှာလည်း (၉၆)ပါးသော အနာတွေက ပေါက်လျက်ပဲ မို့လား … (ပေါက်လျက် ပါပဲ)။ အမလေး … ဆိုးလှချည်လားဗျာ။
နိဗ္ဗာန်က ဒါမျိုးလက်မခံ
အဲဒီတော့ နိဗ္ဗာန်က ဒါမျိုးလက်ခံပါ့ မလား … (လက်မခံပါဘူး)။ အသုဘခန္ဓာကိုယ် ဒုက္ခခန္ဓာကိုယ် မောင်ပေါက်စီ လက်မခံဘူးကွ … (မှန်ပါ့)။ အဲဒါကြောင့် တပည့်တော်တို့ ဘုရား ဒါဖြင့် လက်ရှိဟာကြီး ဟာဖြင့် အတော်ရုပ်ဆိုးလို့ အတော် အကျည်းတန် နေပါပြီ။ အဲဒါကြီးကို အသုဘခန္ဓာနဲ့ ဒုက္ခသစ္စာ ကြီးကိုဖြင့် ကိုယ်တိုင်ပဲ အခုကိုယ့်ကိုယ် ကိုမြင်ပါပြီ။ အသုဘနဲ့ ဒုက္ခသစ္စာ သာရှိတယ် ဆိုတာ ပြန်ကြည့်လိုက်စမ်း။ အသုဘနဲ့ ဒုက္ခသစ္စာ မှတစ်ပါး ဘာရှိသလဲ … (ဘာမှ မရှိပါ ဘူး)။ ကျင်ကြီးအိမ်ထဲ ဉာဏ်နဲ့ သွားကြည့်လိုက ဉာဏ်နဲ့ကြည့်လိုက် ကျင်ကြီးပဲ ရှိတယ်။ ကျင်ငယ် အိမ်နား ခန္ဓာထဲ ပြန်ကြည့်လိုက်စမ်း … (ကျင်ငယ်ပဲရှိတယ်)။ သလိပ်အိမ်ထဲ သွားကြည့်လိုက်စမ်း … (သလိပ်ပဲ ရှိပါတယ်)။ သွေးပဲ ရှိတာပဲ။ နှာခေါင်းထဲ သွားကြည့်၊ နှပ်ပဲ ရှိတာပဲ။ ပါးစပ်ထဲ သွားကြည့် တံတွေးပဲ ရှိတာပဲ။ မဟုတ်ဘူးလား … (ဟုတ်ပါတယ်)။
တင့်တယ်တဲ့ သုဘ မပါဘူး
ဘယ်ဟာသည် သုဘဆိုတဲ့ တင့်တယ်တာ ပါရဲ့ လား … (မပါပါဘုရား)။ မပါတော့ ဒီ အသုဘကြီးနဲ့ နေရတာနဲ့ အကြည့် မှားပါပြီ။ ကြောက်လည်း ကြောက်လှပါပြီ။ ဒီအထဲကပဲ တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့်မှ မသာလောင်း သေနေတာကလဲ ရပ်ကဲ့လား … (မရပ်ပါဘုရား)။ ရုပ်နာမ် သေနေတာကကော … (မရပ်ပါ)။ တော်တော်ကြာ မစီတစ်ယောက် သေပြန်ပြီ။ ဟိုက မစီ၊ သည်ကထိုင်တဲ့ဆီ ပါရဲ့ လား … (မပါ,ပါဘူး)။ အင်း ခုနက ဒီ မစီ တစ်ယောက် ဘာဖြစ်သွားသတုံး မေးလို့ရှိရင် သေပြီဘုရာ့။ မောင်ပေါက်ကျော် တစ်ယောက် ဘာဖြစ်သွားသလဲ … (သေသွားပါတယ်)။ အနိစ္စရောက်တယ်။ သဘောကျ ပလား … (ကျပါတယ်)။
ဒီထက်ကြီးတဲ့ ဒုက္ခမရှိဘူး
အဲဒါတွေ အသေလည်း မပြတ် အသုဘကလည်း တရစပ်၊ အသေမပြတ် အသုဘတရပ်စပ်ဆိုတဲ့ ဒုက္ခထက် ကြီးတာများ ခင်ဗျားတို့ ခွဲလို့လည်း မရဘူး။ ခွာလို့လည်း မရဘူး။ ထမ်းလည်း ထမ်းရသေးတယ် ဆိုတော့ ဒီ့ထက်ကြီးတဲ့ ဒုက္ခ ရှာကြ စမ်းပါဦး။ ပေါ်ကြပလား … (ပေါ်ပါပြီ)။ ဒီ့ထက်ကြီးတဲ့ ဒုက္ခများ ရှိသေးသလား … (မရှိပါဘူး)။ အမယ်လေး.. ဒါကို ဒကာ ဒကာမတွေက ဖော်ထုတ် ပြောလိုက်တော့မှ ကိုယ့်ဉာဏ်ထဲ ရောက်သွားတော့မှ ဟုတ်ပါလား ဆိုတဲ့ ဉာဏ် မလာ ဘူးလား … (လာပါတယ်ဘုရား)။ အဲဒီဉာဏ်ကလေး နဲ့မှ ခင်ဗျားတို့ အသုဘနဲ့ ဒုက္ခသစ္စာမြင်တယ်။ အဲဒီ အသုဘ ဒုက္ခသစ္စာ ကြီးနဲ့ ဘယ်တော့မှ မတွဲပါရစေနဲ့။ ဘယ်တော့မှ မဆက်ပါရစေနဲ့။ ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချ … (မှန်ပါ့)။ အတော် အရေးကြီးတယ်နော်။ အင်မတန် အရေးကြီးလို့ ပြောနေတယ်။ မောင်ပေါက်ကျော် ဒီအရေး မသေးဘူးနော် … (မသေး ပါဘုရား)။ မသေးဘူး။ မသေးဘူး။
ဒုက္ခလွတ်ချင်တဲ့ ဉာဏ်နဲ့လုပ်
မင်းတို့ တစ်သံသရာလုံး မျက်စိလည်ပြီး၊ မှောက်မှားပြီး ချောက်ကျ လာခဲ့ကြတာ မစီ။ အခု ဖြောင့်ပေးနေတာ … (မှန်ပါ့)။ ဖြောင့်ပေးနေတာ။ ဒုက္ခလွတ်ချင်တဲ့ ဉာဏ်နဲ့ လုပ်လို့ ရှိရင်ဖြင့် ဒီဉာဏ်သည် လွတ်ရာ ကျွတ်ရာမှတစ်ပါး ဘယ်မှ ကျေးဇူး မပြုဘူး ဆိုတာ ဘုရားက မဂ္ဂပစ္စယောဟေ့။ ထွက်မြောက်ရာကိုသာ ကျေးဇူးပြုတယ် ဆိုတော့ ဘယ်လောက်ရှင်းသလဲ ကျေနပ် ပလား … (ကျေနပ်ပါပြီ)။ ဒါဖြင့် ဒီသံသရာကြီးကို ဒုက္ခသစ္စာ အသုဘခန္ဓာ … (မှန်ပါ့)။ ဒုက္ခသစ္စာ၊ အသုဘခန္ဓာကြီး နဲ့ မတွဲချင် မဆက်ချင်လို့ ဒီသင်္ကန်းကို ဆရာသမားကို ကပ်တာ … (မှန်ပါ့)။ ဒုက္ခသစ္စာနဲ့ အသုဘခန္ဓာနဲ့ ခွဲလို၊ စွန့်လိုတဲ့ ဉာဏ်နဲ့ လှူတဲ့ သင်္ကန်းပါဆိုတာ သေသေချာချာ ပြောင်းပါ။ မောင်ပေါက်ကျော် ပြောင်းပြီးပြီလား … (ပြောင်းပြီးပါပြီ)။ ဒုက္ခသစ္စာ အသုဘခန္ဓာနဲ့ တွဲပိုက်မှုကို လုံးဝရွံလွန်းလို့ မုန်းလွန်းလို့ ဒီသင်္ကန်းကို ဆရာသမားအား ရွံတဲ့ဉာဏ်နဲ့ ကပ်ပါတယ် ဘုရား၊ လွတ်ပါစေသား ဆိုပြီးတော့ ရွံတဲ့ ဉာဏ်နဲ့ ကပ်ခြင်း လှူခြင်း ဖြစ်ပါသည်လို့ မစီ ပြောင်းပေးပါ။ သေသေချာချာ ပြောင်းနော်။ ယီးတီးယားတား မပြောင်းနဲ့။ သေသေချာချာ ပြောင်းမှ မောင်ပေါက်ကျော်ကော သေသေ ချာချာ ပြောင်းမှ။ ဟန်လေးပန်လေး မလုပ်နဲ့ကွ … (မှန်ပါ့ဘုရား)။
ငွေဖလားနဲ့ ငွေခရားနဲ့
မင်းတို့ မဏ္ဍပ်ထဲမှာ တစ်ယောက်က ငွေဖလားနဲ့ တစ်ယောက်က ငွေခရားနဲ့ ကိုင်တဲ့ အခါမျိုး မဟုတ်ဘူး။ ဒီဥစ္စာက တကယ့် ခန္ဓာငါးပါး ပေါ်မှာမှ ဟိုဟာက ဟန်ရေစက်ချတွေ။ ဟုတ်ဘူးလား … (မှန်ပါ့)။ ဒါတွေကမှ အလကား ဟာတွေ … (မှန်ပါ့)။ တကယ်တန်းဆိုတော့ ဉာဏ်ရောက်တာ မဟုတ်ဘူး။ အလကား တစ်ယောက်တည်း ငွေဖလားကြီးနဲ့၊ ရေခရားနဲ့၊ ဟိုဘက် တစ်ယောက်ကလည်း ငွေဖလားနဲ့ ရေခရားနဲ့။ အံမယ် မစီတို့ ဒါတွေက အလကားဟာတွေနော် … (မှန်ပါ့)။ ဒီ အထဲမှာ ဟန်က လုပ်ချင်သေးတာကိုး။ ဟန်ပါမနေဘူးလား … (ပါနေပါတယ်)။
ဟန်ပါနေရင် ဉာဏ်မပါဘူး
အဲဒီတော့ ဟန်ပါနေကတည်းကိုက ဉာဏ်မပါဘူး ဆိုတာပါပဲ … (မပါပါဘူး)။ သေချာပလား … (သေချာပါတယ်)။ အလကား လုပ်နေတာ … (မှန်ပါ့)။ အလကား လုပ်တာ၊ အလကားလုပ်တာ။ ကဲ ..ဒါဖြင့် နေရာကျပလား … (ကျပါပြီ)။ ဒါဖြင့် ခင်ဗျားတို့ ဒုက္ခသစ္စာနဲ့ အသုဘခန္ဓာကြီးကို တကယ်ကျွတ်လိုတဲ့ ဉာဏ်။ ပေါ်ပလား … (ပေါ်ပါပြီ)။ ဉာဏ်ပေါ် လို့ ရှိရင်ဖြင့် ခင်ဗျားတို့သည် ၀ိပဿနာ ဉာဏ်ဦးစီး၍ ၀ိဝဋ္ဋဒါန၊ သေသေချာချာ ဖြစ်တယ်။ ၀ိပဿနာ ဦးစီးပေးလိုက်တဲ့ အတွက်ကြောင့် ၀ိဝဋ္ဋဒါန မစီ သေသေချာချာ ဖြစ်တယ်။ ရှင်းပြီလား … (ရှင်းပါပြီ)။ ဒါဖြင့် ခန္ဓာပြန်ကြည့် ပါဦးကွ။ သူ့ကို ချစ်စရာ၊ ခင်စရာ၊ ကြင်နာစရာ တစ်ပဲသားများ ရှိရဲ့ လား … (မရှိပါဘုရား)။ သြော် ..ဒါဖြင့် မရှိတော့ ဒီခန္ဓာကြီး အသုဘဒုက္ခ ဖြစ်ပြီး သကာလ ပျက်နေသောကြောင့် သူ့ကို ကျွတ်လို လွတ်လိုတဲ့ ဉာဏ်ပေါ်ပလား … (ပေါ်ပါပြီ)။ အဲဒီလို ကျွတ်လိုတဲ့ ဉာဏ်ပေါ်တဲ့ အချိန်မှာ မင်းသင်္ကန်း ကပ်ရမယ်။ ပေါ်ပလား မောင်ပေါက်ကျော် … (ပေါ်ပါပြီ)။ မစီကော … (ပေါ်ပါပြီ)။ ကဲ မောင်ပေါက်ကျော် လာ..ကပ်လှည့်။ တပည့်တော်တို့ လှူဒါန်းသော ကုသိုလ်ကံသည် အသုဘ ခန္ဓာ ဒုက္ခသစ္စာကြီး၊ မြင်သောဉာဏ်ဖြင့် ကျွတ်လို လွတ်လိုတဲ့ စိတ် ပြင်းပြသည် ဖြစ်၍ ဒုက္ခ၀ဋ်မှ ကျွတ်လိမ့်မည်ဟု ဧကန်ယုံကြည်သော သဒ္ဓါ ဖြင့်လည်းကောင်း၊ ဧကန် မြင်သော ပညာဖြင့် လည်းကောင်း၊ လှူဒါန်းပါသည် အရှင်ဘုရား ..ကဲ..ကပ်။
လှူပုံတန်းပုံကို ပြောပြမယ်
ရေစက်မချခင် အလှူရှင် ဒကာ ဒကာမတွေကို လှူပုံ တန်းပုံ ပြောပြမယ် ဆိုတာ နားထောင်ကြဖို့ပါ။ ဘုရားသခင် ကိုယ်တော် မြတ်ကြီးသည် သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးပြီး သကာလနေတယ်။ အဲဒီအချိန်မှာ ရှင်သာရိပ္တုရာ၊ ရှင် မောဂ္ဂလာန် အမှူးရှိတဲ့ ပုဂ္ဂိုလ်တွေက နကုလမာတာ တို့ဆီမှာ သွားပြီး သကာလ ဆွမ်း၊ သင်္ကန်း အစရှိသည် တို့ကို အလှူခံ သွားကြတယ်။ အလှူခံသွားကြတဲ့ အခါကျတော့ ဘုရားသခင် ကိုယ်တော်ကြီးက တရားစချင်တာနဲ့ ဇေတ၀န်ကျောင်းမှာ ကျန်ရစ်တဲ့ ရဟန်းတွေကိုမေးတယ်။ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ ဘယ်များ ကြွကြသတုံးကွ။ ဝေလုကန် ရေကြည်မှာ နကုလမာတာ၊ နကုလပီတာတို့ ဆွမ်း အနုမောဒနာ ပြုတယ်။ အဲဒီကြွသွားကြတယ် ဘုရားလို့ လျှောက်တဲ့ အခါကျတော့ ဒါဖြင့်ကွာ သူတို့ ကြွသွားတဲ့ အခါကျတော့ သူတော်ကောင်းတွေ ဖြစ်ကြတယ်။
ဘယ်လိုကောင်းကျိုးများခံစားရမှာလဲ
ဟိုက လှူတဲ့ပုဂ္ဂိုလ်များကလည်း စေတနာ သဒ္ဓါတရား ကောင်းကြတယ်။ အဲဒီတော့ သူတို့ ဘယ်လိုများ အကျိုးအာနိသင် များ ခံစားရမှာပါလိမ့်မလဲလို့ ရဟန်းတွေ မေးလိုက်တယ်။ ရဟန်းတွေက အရှင်ဘုရားတဲ့ အရှင်ဘုရား ပြောမှ ဟောမှ သိရမည့် ပုဂ္ဂိုလ်များ ဖြစ်တဲ့အတွက် တပည့်တော်များဖြင့်သည် အကျိုးပေးကို ဘယ်လောက်ထိအောင် အကျိုးပေးမယ်လို့ မလျှောက်နိုင် မထားနိုင် ဖြစ်ပြီး သကာလ နေပါတယ်ဘုရားလို့ ပြန်လျှောက်တယ်။
ဘုရားက တာဝန်ယူလိုက်တယ်
အေး.. ဒါဖြင့် ငါပဲ မင်းတို့ သိလောက်အောင် ဟောကြားညွှန်ကြားပေးမယ်လို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တာဝန် ယူလိုက်တယ်။ ကိုင်းကွာ .. ငါဟောတော့မယ်တဲ့။ အလှူပေး ပုဂ္ဂိုလ်မှာ အင်္ဂါသုံးပါးဟေ့။ အလှူခံ ပုဂ္ဂိုလ်မှာ အင်္ဂါသုံးပါးဟေ့။ အလှူပေး ပုဂ္ဂိုလ်မှာ မောင်ပေါက်ကျော် ဘယ်နှစ်ပါးလဲ … (အင်္ဂါသုံးပါးပါဘုရား)။ အလှူခံပုဂ္ဂိုလ်ဘက် ကကော … (အင်္ဂါသုံး ပါးပါ)။ အင်္ဂါသုံးပါး မစီ မှတ်မိပြီ။
အလှူပေးပုဂ္ဂိုလ်
ကိုင်း.. ဒါဖြင့် အလှူပေး ပုဂ္ဂိုလ်က စပြီး သကာလ ငါတရားဟောမယ် ဆိုပြီး ဘုရားက ဟောလိုက်တယ်။ မလှူမီ ရှေးအဖို့ ကာလက ပုဗ္ဗစေတနာကလည်း ရာဂ၊ ဒေါသ၊ မောဟ မခြံရံခြင်း တစ်ပါး။ ပုဗ္ဗစေတနာမှာလည်း၊ ရှေးဦးစွာ ဖြစ်တဲ့ စေတနာ မှာလည်း ဉာဏ်နဲ့ ယှဉ်ပြီးသကာလ သြော် ဆရာသမား အရှင်ဘုရား အနေကဇာတင်ပြီး သကာလ တရားဓမ္မတွေ နှလုံးသွင်းပြီး သကာလ နေခြင်းကြောင့် ရှေးဦးစွာ စေတနာလည်း အင်မတန် ကောင်းတယ် ဆိုတာလည်း မင်းတို့ဘက်က တစ်ခုလုံလောက်ပြီ။ နက်ဖြန်ကျပြန်တော့လည်း သံဃာတွေ ထိုက်တန်တဲ့ လှူဒါန်းပြီးသကာလ ဆွမ်းကွမ်းတွေ ကပ်ကြမှာက အဲဒီ အချိန်မှာလည်း မုဉ္စစေတနာ လို့ခေါ်တဲ့ လှူဆဲစေတနာ လို့ခေါ်သည်။ အဲဒီ စေတနာ အချိန်မှာဖြင့် ရာဂ၊ ဒေါသ၊ မောဟတွေ အောင်ပွဲ ယူလို့ အောင်စဲပါလားလို့ မင်းတို့ အပြင်လင်မယားက အောက်မေ့ကြရမယ်။ သြော် ..ရာဂ၊ ဒေါသ၊ မောသတွေချည်း အညစ်အကြေးတွေ …(မှန်ပါ့)။
ဝိပဿနာဉာဏ်နဲ့သိ
ဒီအလှူကို သိတတ်တဲ့ ကမ္မဿကတဉာဏ်၊ ၀ိပဿနာဉာဏ်တွေနဲ့ သိလေသောကြောင့် ရာဂ၊ ဒေါသ၊ မောဟ ချုပ်ငြိမ်းတဲ့ အလှူ ဖြစ်အောင် မင်းတို့က နက်ဖြတ်လည်း နှလုံးသွင်းရမယ်။ ဒီနေ့လည်း နက်ဖြန်လှူ ရတော့မယ် ဆိုပြီး သကာလ ကောင်းကောင်းမွန်မွန် နှလုံးသွင်းကြပါလို့ ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တယ်။ ဒီနေ့ ၀ိပဿနာ အားထုတ်ကြ။ မမေ့မလျှော့ အားထုတ်ကြ။ နက်ဖြန်လှူတဲ့ အခိုက်အတန့်မှာ ရာဂ၊ ဒေါသ၊ မောဟ တည်းဟူသော အညစ်အကြေး တရားတွေကို တို့သည် လှူတာဟာ အောင်ပွဲယူတာပါလား။ သူတို့ နိုင်နင်းတဲ့ အောင်ပွဲ ယူတာပါလား။ နက်ဖြန်လည်း ၀မ်းသာကြရမယ်။
အောင်ပွဲယူပြီး ၀မ်းသာရမယ်
နောက်လူတွေနဲ့ သံဃာတွေ ဆွမ်းတွေ၊ ဘာတွေ ကျွေးပြီးသည့် အခြားမဲ့၌လည်း အင်း.. ကိလေသာ ရန်သူကို အောင်ပွဲ ယူပြီး လေပြီ ဆိုပြီး သကာလ ၀မ်းသာကြရမယ်။ ဒါဖြင့် မလှူမီကလည်း ကိလေသာရန်သူ အောင်ပွဲယူရမှာကြောင့် ၀မ်းသာ ပေါ့ကွာ။ လှူခိုက်အချိန်မှာလည်း ကိလေသာရန်သူ အောင်ပွဲ ယူရတဲ့အတွက်လည်း နိုင်ပေပြီ ဆိုပြီး သကာလ ၀မ်းသာကြပါလို့ သတိပေးတယ်။ လှူပြီးတဲ့ အခါမှာလည်း ကိလေသာ ရန်သူ အောင်ပွဲ ယူပြီးလေပြီလို့ မင်းတို့ အကြင် လင်မယားက ၀မ်းမြောက်ရမယ် ဆိုတော့ ၀မ်းမြောက်စရာ သုံးချက်ပါသွားတယ်။
ဒီတစ်ခါအနိုင်ယူပြီ
မလှူမီ ၀မ်းသာမှု ကိလေသာ ရန်သူ အောင်ပွဲ ယူလို့ ၀မ်းသာမှု တစ်နံပါတ်၊ လှူဆဲအခိုက် အတန့်လည်း ကိလေသာ ရန်သူ အောင်ပွဲ ယူရတဲ့အတွက် အင်း… ဘ၀ သံသရာများ အရှုံးချည်း ပေးလာခဲ့ရတာ၊ ဒီတစ်ခါ ဆရာကောင်း သမားကောင်း အကူအညီနဲ့ ရာဂ၊ ဒေါသ၊ မောဟတည်း ဟူသော အညစ်အကြေးတွေ အနိုင်ယူပြီး မင်းတို့ ၀ိပဿနာဉာဏ်နဲ့ ချေမှုန်း ပစ်လိုက်ပြီ။ လှူဒါန်းပေးကမ်းတဲ့ ကမ္မဿကတဉာဏ်နဲ့ ချေမှုန်းပစ်လိုက် ပြီဆိုပြီးသကာလ လှူတဲ့ အခိုက်အတန့် မှာလည်း ၀မ်းသာနေရမယ်။ လှူပြီးတဲ့ အခါ ကျလို့ ရှိရင် ကိလေသာ ရန်သူတွေ ဒီတစ်ခါဖြင့် ဘ၀ သံသရာက အရှုံးပေးလာခဲ့တာတွေ ဒီတစ်ခါဖြင့် မရှုံးဘဲနဲ့ အောင်ပွဲယူပြီးလေပြီ ဖြစ်လေသောကြောင့် မင်းတို့ အကြင် လင်မယားက ၀မ်းသာရမယ် ဆိုတော့ မင်းတို့ဘက် သုံးချက် ၀မ်းသာရမယ်။ အလှူခံ ပုဂ္ဂိုလ်ဘက်ကတော့ ငါတို့လဲ ဆရာသမားဖြစ်နေတဲ့အတွက် သံဃာတွေ လည်း ဆုံးမပြီးသကာလ၊ သွားမယ်တဲ့ နက်ဖြန် လှူကြ,တမ်းကြ, ပေးကြ, ကမ်းကြတဲ့ အချိန်မှာ ဘုရားထဲမှာပဲ လှူမယ် တမ်းမယ် ပြောထားတော့ လှူမည့် တန်းမည့် အချိန်မျာ သံဃာတွေ နှလုံးသွင်းမှုကို ငါပြောထားမယ်။ သံဃာဘက် ကလည်း အင်္ဂါသုံးပါးရှိမယ်တဲ့။ အလှူခံဘက် ကလည်း သုံးပါး။ သုံးပါးက ဘာပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် ရာဂ၊ ဒေါသ၊ မောဟ ချုပ်ငြိမ်းတဲ့ ပုဂ္ဂိုလ် ဖြစ်ခဲ့သော်လည်း ကောင်းတယ်။
အလှူခံပုဂ္ဂိုလ်
သို့သော် အလှူခံဆဲမှာ ရာဂ၊ ဒေါသ၊ မောဟကင်းအောင် ၀ိပဿနာ အလုပ်ကြီး လုပ်နေပြန်လို့ ရှိရင်လည်း အရိယာမျိုးစေ့ လှူတာပဲ အောက်မေ့ရမယ်။ အလှူခံ ပုဂ္ဂိုလ်ကလည်း ရာဂ၊ ဒေါသ၊ မောဟကင်းတဲ့ ပုဂ္ဂိုလ်ဖြစ်နဲ့ ကျင့်ခြင်းနဲ့လည်း ကြုံရမယ် နော်။ ရာဂကင်းအောင် ကျင့်ဆဲ ပုဂ္ဂိုလ် ဖြစ်ရမယ်။ ဒေါသကင်းအောင် ကျင့်ဆဲ ပုဂ္ဂိုလ်ဖြစ်ရမယ်။ မောဟကင်းအောင် ကျင့်ဆဲ ပုဂ္ဂိုလ် ဖြစ်ရတဲ့ အခိုက်အတန့်မှာ မင်းတို့က လှူရမယ် ဆိုတော့ အလှူခံ ပုဂ္ဂိုလ်ကလည်း ရာဂကင်းအောင် ကျင့်ဆဲပေါ့။ ဒေါသ ကင်းအောင် ကျင့်ဆဲ ပုဂ္ဂိုလ်ဖြစ်ရမယ်။ မောဟကင်းအောင် ကျင့်ဆဲ ပုဂ္ဂိုလ်ဖြစ်ရမယ်။ အဲဒီ ကျင့်ဆဲ ပုဂ္ဂိုလ်တွေ လှူရလို့ ရှိရင်လည်း မစီတို့က အဖိုးတန်မယ်။ ဒီအဖိုးတန်မှုဟာတော့ ဆရာသမားက နက်ဖြန် သံဃာတွေ ဆုံးမ ပြီးသကာလ ဒီစိတ်ကို မွေးကြပါ။ ကိုယ့်ခန္ဓာကြီးကို ၀ိပဿနာနဲ့ ရှုပြီး သကာလ နေဆဲ အခိုက်အတန့်မှာ မင်းတို့က လှူဘွယ် တန်းဘွယ်တွေ ကပ်တဲ့ အခါကျတော့ သူတို့မှာ ကျင့်ဆဲအဖြစ်နဲ့ ကြုံနေတဲ့အခါ ကပ်လိုက်ရတာ ဖြစ်လေသောကြောင့် ရာဂ ကင်းတဲ့ပုဂ္ဂိုလ် လှူရတဲ့ အလှူပေး ပုဂ္ဂိုလ်ဖြစ်သွားတယ်။
ဒေါသကင်းတဲ့ပုဂ္ဂိုလ်
ဒေါသကင်းတဲ့ ပုဂ္ဂိုလ် လှူရတဲ့အတွက် အလှူပေး ပုဂ္ဂိုလ်မှာလည်း စင်ကြယ်တဲ့ ပုဂ္ဂိုလ်တွေကို လှူဒါန်း ရတဲ့ အခြေအနေတွေ ရောက်သွားတယ်။ မောဟကင်းအောင် ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေသော ကြောင့်လည်လှူတဲ့ ပုဂ္ဂိုလ်မှာ အလွန့်အလွန် ကျေးဇူးများတယ် ဆိုတာ မှတ်ရမယ်။ အလှူခံ ပုဂ္ဂိုလ်ဘက်ကလည်း ရာဂကင်းအောင် ကျင့်ဆဲအချိန်နဲ့ ကြုံအောင် ငါကပဲ ရွက်ဆောင် ပေးပါ့မယ်နော်။ ဒေါသကင်းအောင် ကျင့်ဆဲ ပုဂ္ဂိုလ်ဖြစ်အောင်လည်း ငါကပဲ သံဃာတွေကို အကြောင်းကြားပြီး ရွက်ဆောင်ပေးမယ်။ မောဟကင်းအောင် ကျင့်ဆဲပုဂ္ဂိုလ် ဖြစ်အောင် သံဃာတွေကို ငါကပဲ တိုက်တွန်းပေးပါ့မယ်။ အဲ.. ထိုကဲ့သို့ အလှူခံ ပုဂ္ဂိုလ်ဘက်ကလည်း ရာဂကင်းအောင် ကျင့်ဆဲ၊ ဒေါသကင်းအောင် ကျင့်ဆဲ၊ မောဟကင်းအောင် ကျင့်ဆဲ။ ဒီလို စေတနာ သုံးတန်ပြထမ်းတဲ့ ဒကာ ဒကာမတွေရဲ့  အလှူသည်ကား လို့ ဆိုလို့ ရှိရင်ဖြင့် ဘုရားက အင်မတန် အကျိုးပေး သန်တယ်ဟေ့လို့ ပြောလိုက်တယ်နော်။
ဘုရားက အကျိုးပေး သန်တယ်လို့ ဟောလိုက်တယ်
ဘယ်မှာ အကျိုးပေး သန်သလဲ ဆိုတဲ့ အခါကျတော့ သူတို့ အကျိုးပေးဟာကွာ ဘယ်လောက်ထိအောင် အကျိုးပေး မယ်ဆိုတာ ငါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး မင်းတို့ကို ပြောပြမယ်။ ဟောပြတယ်။ မင်းတို့ နားထောင်ဆိုပြီး သကာလ ဘုရားက ပြောပြတယ်။ ဟောပြတယ်။ ဘယ်လို ဟောပြသတုံး ဆိုတဲ့အခါ ကျတော့ အလှူပေး ပုဂ္ဂိုလ်ဘက်ကလည်း …
(၁)။ ပုဗ္ဗစေတနာမှာလည်း ကိလေသာ ရန်သူအောင်ပွဲယူလို့
(၂)။ မုဉ္စစေနတာ လှူတဲ့အခိုက်အတန့်မှာ ကိလေသာရန်သူ အောင်ပွဲယူလို့
(၃)။ ပရစေတနာအဆင့်မှာလည်း ကိလေသာ ရန်သူအောင်ပွဲ ယူပြီးပြီလို့ စိတ်ထဲက ထားပြီး သကာလ လှူတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်မယ်။
သမုဒ္ဒရာရေဥပမာ
အလှူခံ ပုဂ္ဂိုလ်ရဟန်းတွေ ဘက်ကလည်း ရာဂကင်းအောင် ကျင့်ဆဲအချိန်၊ ဒေါသကင်းအောင် ကျင့်ဆဲအချိန်၊ မောဟကင်းအောင် ကျင့်ဆဲအချိန်မှာ မင်းတို့ လှူလိုက်ရလို့ ရှိရင် မင်းတို့ဘက်က သုံးပါးကလည်းညီ၊ အလှူခံ ပုဂ္ဂိုလ်ဘက်ကလည်း သုံးပါးကလည်း ညီမယ် ဆိုလို့ ရှိရင် ကွာတဲ့ မဟာ သမုဒ္ဒရာရေကြီးဟာ အင်မတန် များပြားပါတယ်။ ရဟန်းတို့ အဲဒါ မင်းတို့သာမှတ်ကြပေတော့။ ခွက်နဲ့ ချင်မယ် ဆိုလို့ ရှိရင် မဟာသမုဒ္ဒရာရေမှာ ခွက်ပေါင်း ဘယ်လောက် ရှိတုံး ဆိုရင် မင်းတို့ ဘယ့်နှယ်ဖြေ ကြမတုံး။ တပည့်တော်တို့ မဖြေတတ်ပါဘူး ဘုရား။ ခွက်ပေါင်းဘယ်လောက် ရမလဲလို့ မေးလို့ ရှိရင် အများကြီး ရမယ်သာ ဖြေနိုင်စရာ အကြောင်းရှိပါတယ် ဆိုတော့ သမုဒ္ဒရာ ရေခွက်နဲ့ ချင်ရင် ခွက်အများကြီးသာ ရမယ် ဆိုတာပြောနိုင်မှာပဲ။ ဘယ်လောက်ရတယ် လို့တော့ မပြောနိုင်ဘူး။
သမုဒ္ဒရာရေ ရေတွက်လို့မရ
အဘယ့်ကြောင့် ဆိုသော်သမုဒ္ဒရာရေ အင်မတန် များသောကြောင့် ဆိုတာ မင်းတို့ သိကြမှာပါပဲ။ အဲဒီ သမုဒ္ဒရေ ခွက်နဲ့ မရေတွက်နိုင်အောင် များပြားလှစွာသော ခွက်တွေသာ ရလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးသာ ပြောဆိုနိုင်တဲ့ အတွက် မစီတို့ မောင်ပေါက်ကျော်တို့က အင်း..တို့ အလှူသည်ကား လို့ ဆိုရင် များများကြီး အကျိုးပေးမှသာ ဘုရားဟောကပါလားလို့။ သမုဒ္ဒရာရေ, ရေတွက်လို့ မရသလို ခုနက ပြောခဲ့တဲ့ အလှူခံ ပုဂ္ဂိုလ်က သုံးပါး၊ လှူတဲ့ပုဂ္ဂိုလ်က သုံးပါးနဲ့ ညီညွတ်ပြီး လှူတဲ့ အလှူဟာ အများကြီး ရလိမ့်မယ်လို့ ငါဘုရားဟောတယ်တဲ့။ လှူတဲ့အချိန်မှာဖြင့် ကိုယ့်ခန္ဓာကို ၀ိပဿနာ ရှုပြီး သကာလ နေဆဲအခိုက် အတန့်မှာ လှူရသည် ဖြစ်လေသောကြောင့် ရာဂကင်းအောင် ကျင့်ဆဲပုဂ္ဂိုလ်လို့ ဆိုထိုက်တယ်ကွ။ ဒေါသကင်းအောင် ကျင့်ဆဲ ပုဂ္ဂိုလ်လို့ ဆိုထိုက်တယ်ကွ။ မောဟကင်းအောင် ကျင့်ဆဲ ပုဂ္ဂိုလ်လို့ ဆိုထိုက်တယ်ကွ။
မနှိုင်းယှဉ်နိုင်တဲ့ အကျိုးပေးမယ်
ဒါကြောင့် အလှူပေး ပုဂ္ဂိုလ်ကလည်း အင်္ဂါသုံးပါးနဲ့ညီပြီး အလှူခံပုဂ္ဂိုလ်ကလည်း အင်္ဂါသုံးပါး နဲ့ ညီလို့ရှိရင် မနှိုင်းယှဉ် နိုင်တဲ့ အကျိုးပေးမယ်။ သမုဒ္ဒရာရေ, ခွက်ပေါင်းမည်မျှ ရတယ်ဆိုတာ မရေတွက်နိုင်သလို ခွက်အများကြီးသာ ရမယ်လို့ ဆုံးဖြတ် ချက်ချနိုင်သလို ဒီအလှူသည်ကား ဆိုရင် မကြုံဘူးတဲ့ အလှူ၊ အကျိုးအင်မတန်များမည့် အလှူပဲ ဆိုတဲ့ ဥစ္စာ မင်းတို့ အလှူရှင် ဒကာ ဒကာမတွေက သြော် .. ဒီအလှူသည်ကား တယ်ထူးခြားပါကလား ဆိုတာ မစီ မှတ်ထားရမယ်နော်။ ကိုယ့်ဘက်က ဘယ်နှစ်ခုတုံး … (သုံးခုပါ)။ ကိုယ့်ဘက်က သုံးခု ရဟန်းဘက်ကကော … (သုံးခုပါ)။
ရဟန်းတွေဘက်ကို ဘုန်းကြီးတာဝန်ထား၏
ရဟန်းတွေ ဘက်က သုံးခုက ဘုန်းကြီးတာဝန်ယူပြီး နှလုံးသွင်း ခိုင်းလိုက်မယ်နော်။ မင်းတို့ ဘက်ကတော့ အခု ဆရာသမား သင်ထားတဲ့အတိုင်း နှလုံးသွင်းမှု မြဲကြပါစေ ဆိုတာကို ငါက ယနေ့ည သတိပေးလိုက် တယ်နော် … (မှန်ပါ့)။ အဲဒီတော့ ဒီအင်္ဂါ သုံးပါး အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်က အင်္ဂါသုံးပါး၊ အလှူခံ ပုဂ္ဂိုလ်ဘက်က အင်္ဂါသုံးပါး ညီညွတ်ပြီး သကာလ လှူတဲ့ အလှူဟာ မင်းတို့ ဘယ်အခါမှ မလှူဘူးသေးဘူး။ တော်အောင်နဲ့သာ ပြီးပြီး သကာလ လာကြတယ်နော်။ အဲဒီတော့ ဒီတစ်ခါ အလှူသည်ကားဆိုရင် ဘေးက သိန်းကုန် သောင်းကုန် လှူတာတွေထက် ပိုမိုပြီး သကာလ ကျေးဇူးများလိမ့် မယ်လို့ မင်းတို့ အလှူရှင်များက အင်း .. ဆရာကောင်း ကပ်မိတဲ့အတွက်၊ အင်း .. ရဟန်းဘက်က လိုတာတွေကို ရှေးက တို့က မသိခဲ့ဘူး။ တို့ဘက်က လိုတာတွေလည်း မသိခဲ့ဘူး ဆိုတော့ အခုကိုယ့်ဘက် အလှူပေး ပုဂ္ဂိုလ်ဘက်က လိုတာများကို ဆရာသမား တစ်ဦးက ဒီနေ့ နှလုံးသွင်းထားရမယ် ဆိုသဖြင့် မင်းတို့ သိထားနှင့်ပြီ။
အရိယာမျိုးစေ့ကို လှူတဲ့အလှူ
အလှူခံ ပုဂ္ဂိုလ်ဘက်ကလည်း ရာဂကင်းအောင် ကျင့်ဆဲဖြစ်အောင်၊ ဒေါသကင်းမှု ကျင့်ဆဲဖြစ်အောင်၊ မောဟကင်းမှု ကျင့်ဆဲ ဖြစ်အောင် ဒါကိုလည်း ငါက နက်ဖြန် ဆုံးမ သွန်သင်လို့ ရှိရင် ဒီသံဃာတွေဟာ နှလုံးသွင်းကြလိမ့်မယ်။ နှလုံးသွင်းကြတော့ အရိယာ မျိုးစေ့ကို လှူတဲ့ အလှူဖြစ်တယ်လို့ မောင်ပေါက်ကျော် မစီတို့က မှတ်ရမယ်နော်။
သားရှင်ပြုတုန်းက အလှူနဲ့ မတူဘူး
ဒါက ကိုယ့်ဘက်က သုံးပါး အလှူခံ ပုဂ္ဂိုလ်ဘက်ကလည်း သုံးပါးဆိုတော့ မနှိုင်းယှဉ်နိုင်တဲ့ အကျိုးကို ပေးနိုင်တယ်လို့ ဘုရားရှင် ကိုယ်တော် မြတ်ကြီးသည် နကုလမာတာတို့ အလှူပွဲကြီးမှာ ဒီတရားကို ဘုရားသခင်ကိုယ်တော် မြတ်ကြီးက ဟောသည် ဖြစ်လေသောကြောင့် သြော် တို့သည်ကားလို့ ဆိုရင် ဒီနေ့ ဒီကာလ ဆရာသမားဆီ ဤကဲ့သို့ လာလုပ်ရတာ သည် ရှေးက သားရှင်ပြုတုန်းကနဲ့ ခြားနားနေပါပေါ့လား ဆိုတာ မစီပေါ်လာလိမ့်မယ်။ ကိုယ့်ဘက်က သုံးပါးကလည်း အရေးကြီးတယ်နော်။ ခုနက ရဟန်းတွေဘက်က သုံးပါးဆိုတာ မပါဘူးကွ။ မောင်ပေါက်ကျော် ပါ,ပါ့မလား … (မပါ, ပါဘူး)။ မပါဘူးတဲ့။ ဘာပြုလို့လဲဆိုတော့။
ဖြစ်ပျက်နေတာ နှလုံးသွင်းပါ
အခုတော့ ဆရာသမားက အလှူခံပုဂ္ဂိုလ်ဘက်ကလည်း ကိုယ်တော်တို့ ဒီအချိန်အတွင်းမှာ ခန္ဓာကိုယ်ကြီး အနိစ္စရောက်ပုံ တွေ ခဏနှလုံးသွင်းပါ။ ဒေါသကင်းအောင်လည်း၊ မောဟကင်းအောင်လည်း ဒီခန္ဓာကိုယ်ကြီး ခဏခဏ ဖြစ်ပျက်နေတာကိုလည်း နှလုံးသွင်းပါ။ နှလုံးသွင်းပြီး အလှူခံပါ ဆိုလိုက်သဖြင့် မင်းတို့ အရိယာမျိုးစေ့ကို လှူရတဲ့ အခြေအနေ မရောက်လားကွာ … (ရောက်ပါတယ်)။ အရိယာ မျိုးစေ့ကို လှူရတဲ့ အခြေအနေကို ရောက်သောကြောင့် သြော် ဒါက အံ့သြစရာပဲ။ ဒီနေရာ ဒီလိုလုပ်မှ ဒီအဓိပ္ပါယ်က မစီ ရောက်မှာကိုး … (မှန်ပါ့)။ ဟိုမဏ္ဍပ်ပေါ်တင် တက်ပြီး သကာလ သူကလည်း တစ်မှောင့် ဆရာလုပ်လို့ လွယ်ပါ့မလား … (မလွယ်ပါဘုရား)။ မလွယ်တော့ မင်းတို့ဘက်က အင်္ဂါ သုံးပါး ညီညွတ်ထားစေကာမူ ဆရာတွေဘက်က အလှူခံဘက်က မညီညွတ်ပြန်လို့ ရှိရင်လည်း မနှိုင်းယှဉ်နိုင်တဲ့ အကျိုးက မပေးပြန်ဘူးနော်။
မနှိုင်းယှဉ်နိုင်တဲ့အကျိုးပေးမည့်အလှူ
အဲဒါကြောင့် အခုဘ၀ အလှူသည်ကား ဆိုလို့ ရှိရင်ဖြင့် မင်းတို့ အကြင်လင်မယားမှာ ကိုယ့်ဘက်ကလည်း ညီညွတ်အောင် လုပ်နိုင်ခြင်း၊ အလှူခံပုဂ္ဂိုလဘက်ကလည်း ညီညွတ်အောင် လုပ်ဖို့ကိုတော့ ငါကပဲ တာဝန်ယူပြီး သကာလ လုပ်ခိုင်ရလို့ ရှိရင်ဖြင့် မနှိုင်းယှဉ်နိုင်တဲ့ အကျိုးပေးမည့် အလှူကြီးဟာ ဖြစ်ရတော့မယ်။ နိဗ္ဗာန်ချမ်းသာ ဆိုတဲ့ မနှိုင်းယှဉ်နိုင်တဲ့ ချမ်းသာကြီးလည်း ရအောင် လှူတဲ့ အလှူပွဲကြီး ဖြစ်ရတော့မယ် ဆိုတာ ယနေ့ သေသေချာချာ မှတ်ထားပါ။ သဘောကျပြီလား … (ကျပါပြီ)။
ရှာမှရှားတဲ့အလှူ
ကောင်းပြီ ဒါဖြင့် ဒီအလှူမျိုးသည်ကား ဆိုလို့ရှိရင်ဖြင့် မောင်ပေါက်ကျော် ရှာမှရှားနေတော့မှာ။ မင်းတို့ဘက်က လွယ်တယ် ထားဦးတော့။ သံဃာတွေဘက်က လွယ်ဖို့ရာလည်း လွယ်ကြပါ့မလား … (မလွယ်ပါဘုရား)။ ဒီဘက်က ဆရာတစ်ယောက် တည်းကနေ သြဇာနဲ့ ပေးပြီး သကာလ လုပ်ခိုင်းမှ ရမှာပေါ့။ သူတစ်လူ၊ ငါတစ်မင်းနဲ့ နေတဲ့ပုဂ္ဂိုလ်တွေကို ဒီလို ညီညွတ်အောင် မစီ လွယ်ပ့ါမလား … (မလွယ်ပါဘူး)။ အဲဒီတော့ တစ်ဘက် လုံးလုံး ချို့ တဲ့ပြီ မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ်)။ များသောအားဖြင့် တစ်ဘက်က လုံးလုံးချို့ တဲ့တယ်။ သံဃာဘက်က ချို့ တဲ့လို့လည်း ဖြစ်ရမယ်ကွ။ မင်းတို့ နားမလည်မှုဆိုရင် မင်းတို့ဘက်က ချို့ တဲ့တာပဲ။ သို့သော် မင်းတို့ဟာ မဆုံးအောင် လှူခဲ့တန်းခဲ့တယ်။ ကိုယ့်ဘက်ကလည်း ဟန်မရ၊ ဟိုဘက်ကလည်း ဟန်မရ။ အလှူခံပုဂ္ဂိုလ် ဘက်ကလည်း ဟန်မရ။ အလှူပေး ပုဂ္ဂိုလ်ဘက်ကလည်း ဟန်မရဆိုတော့ အင်း.. ဒါသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် အကျိုးပေး ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဒါကျတော့ မဟောဘူးနော်။ သိပ်များလိမ့်မယ်လို့ မဟောဘူး။ အခုပြောတာက လှူတဲ့ ပုဂ္ဂိုလ်ဘက်ကလည်း အင်္ဂါသုံးပါး ညီပြီး၊ အလှူခံ ပုဂ္ဂိုလ်ဘက်ကလည်း အင်္ဂါသုံးပါး ညီညွတ်ရင် မနှိုင်းယှဉ်တဲ့ အကျိုးကို ပေးမယ်နော်။
အလွန်ကြီးကျယ်တဲ့အကျိုးပေးမယ်
ဘာနဲ့မှ နှိုင်းယှဉ်လို့ မရတဲ့ အကျိုးပေး၊ သမုဒ္ဒရာရေ, ခွက်နဲ့ခြင်လို့ရှိရင် ခွက်ပေါင်းများစွာ ရလိမ့်မယ်လို့ ဆိုသည်ကဲ့သို့ အကျိုးများစွာ ရလိမ့်မယ်လို့ ဟောနိုင်တယ်တဲ့။ ဘယ်လောက် ပေးလိမ့်မယ်လို့ ကန့်သတ် မဟောနိုင်ဘူးဆိုတော့ အလွန် ကြီးကျယ်တဲ့ အကျိုးပေးမယ်လို့ ဘုရားက မဟောဘူးလား … (ဟောပါတယ်)။
ပစ္စည်းကုန်တာ မကုန်တာ လိုရင်းမဟုတ်
အဲဒီတော့ ဒီအလှူပွဲသည် သာမည အလှူလို့ ဆိုရင် မရတော့ဘူး။ အလွန် အကြောင်ညီညွတ်တဲ့ အသိဉာဏ် ဦးစီးပြီး သကာလ နှစ်ဘက်ညီညွတ်အောင် လုပ်ရတဲ့ အလှူပွဲကြီးပဲလို့ ဆိုသဖြင့် ခင်ဗျားတို့သည် ပစ္စည်းကုန်တာ မကုန်တာ လိုရင်း မဟုတ်ဘူး။ အင်္ဂါမြောက်တာက လိုရင်း ဖြစ်နေသောကြောင့် အလွန့် အလွန်ကြီး ကျယ် ခမ်းနားတဲ့ အကျိုးပေးရမယ် ဆိုတာကို ယနေ့မှ စပြီး ဆုံးဖြတ်ချက်ချပါ။
နှစ်ဘက်အကြောင်းညီညွတ်ဖို့လိုသည်
ဒါ ဘယ်လောက်အဖိုးတန် သလဲ … (တန်ပါတယ်ဘုရား)။ အဖိုးတန်တယ်တဲ့။ ဒီ ရေစက်ချတွေလည်း ဒါမပါသေး ပါဘူး။ ခုဟာက နောက်ကို ဘာအလုပ် လုပ်,လုပ်။ ကိုယ့်ဘက်ကလည်း ညီညွတ်အောင် ဆရာတွေ ဘက်ကလည်း ညီညွတ်အောင် လုပ်ဖို့ အရေးဟ။ ကိုယ့်ဘက်ကလည်း ညီညွတ်အောင်လုပ်ရုံနဲ့ မပြီးသေးဘူး။ အလှူခံဘက်က ညီညွတ်အောင်လုပ်ဖို့ ကလည်း မစီ အရေးကြီး သေးတယ်။ အဲဒါဆိုတော့ တော်တော်လေး သတိထားမှုနှင့် တကွ သိမှု ရှိတဲ့ ပုဂ္ဂိုလ်တွေမှလည်း မောင်ပေါက်ကျော်ရဲ့  ဒါဟာ လုပ်မှ ဖြစ်မှာပေါ့ကွာ။ ဒီအတိုင်းတင်ပဲ သင်္ကန်းကပ်ပြီး ဒီအတိုင်း အလှူခံပြီး ပြန်သွားတဲ့ အဓိပ္ပါယ်မျိုးဆိုရင်ဖြင့်တဲ့ ခုနက ပြောတဲ့ အကျိုးပေးမျိုး ရနိုင်ပါ့မလား … (မရနိုင်ပါဘူး)။ တစ်ဘက်ချို့ ပြီနော်။ အဲဒီတော့ များသောအားဖြင့် တိုတို ပြောကြပါစို့ဆိုတော့ နှစ်ဘက်ချို့အလှူတွေ များနေတယ် မစီ။ ဒါကဲ့ရဲ့ တာ မဟုတ်ဘူးနော်။ နှစ်ဘက်ချို့တွေက မောင်ပေါက်ကျော် မများလား … (များပါတယ်ဘုရား)။
ဝမ်းမြောက်စရာကောင်းတဲ့အလှူ
အဲဒါဖြင့် အခုအလှူကတော့ဖြင့် နှစ်ဘက်ကောင်း ဖြစ်မည့် အလှူဖြစ်လေသောကြောင့် မနှိုင်းယှဉ်နိုင်တဲ့ အကျိုးပေးမယ်။ ကျေးဇူးကြီးကို တို့သည်ကား ဆိုလို့ ရှိရင် ကိုယ်ပိုင်ကိုယ်တိုင်အဖြစ်နဲ့ ရရပေတော့မယ် ဆိုတာဟာ အင်မတန်မှ ၀မ်းမြောက် စရာကောင်းတဲ့ အလှူပဲ ဆိုတာကို ဒီတရားနာတဲ့ ပုဂ္ဂိုလ်တွေ အကုန်မှတ်ရမယ် … (မှတ်ပါတယ်)။ မှတ်တော့ အလှူပေး ပုဂ္ဂိုလ်တွေဘက်က ဘယ်နှစ်ပါးတဲ့… (သုံးပါးပါ)။ အလှူခံ ပုဂ္ဂိုလ်ဘက်ကကော … (သုံးပါး)။ အဲဒီသုံးပါး ညီညွတ်မှ အကျိုးပေး သန်တယ်ဆိုတာ အသေအချာ မှတ်ပါ။စ်
တစ်ဘက်ချို့နေရင် အကျိုးပေးလျော့တယ်
တစ်ဘက်ဘက် ချို့နေရင် အကျိုးပေးလျော့တယ်လို့ မှတ်ပါ။ ရှင်းပလား … (ရှင်းပါပြီ)။ တယ်… အဖိုးတန်သွားပြီကွာ။ ကဲ … ရေစက်ချမယ်။ ရေစက်ချတဲ့အခါလည်း တရားပါ သွားလို့ နားထောင်ကြ။ ရှေ့ ပိုင်းက တရားပြောလိုက်ပြီ။ စိတ်ထက်သန် အောင် ပြောလိုက်ပြီ။
ရေစက်ချ တရားတော်
ဘန္တေ - အရှင်ဘုရား။ မယံ - အကျွန်ုပ်တို့သည်။ ရာဂါဒီဟိ - ရာဂအစရှိသော။ ဧကာဒသဂ္ဂီဟိ - ဆယ့်တစ်ပါးသောမီးတို့ဖြင့်။ ပရိပီဠိတံ - လွန်ကဲညှင်းဆဲ နှိပ်စက်၍ နေတတ်ထသော။ ဒီဒကာ ဒကာမတွေ ဘာဖြစ်နေပါလိမ့် ဆိုလို့ ရှိရင်ဖြင့် ဆယ့်တစ် မီး လောင်နေတယ်လို့ မှတ်ရမယ်။ မင်းတို့မှာ ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿမီး၊ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏမီး ပေါင်းလိုက်တဲ့ အခါမှာ ဆယ့်တစ်မီးလောင်နေတယ်။ အလှူပေး ပုဂ္ဂိုလ်တွေက ဘာဖြစ်နေပါ လိမ့် မတုံးဆိုတော့ ကိုယ့်ဟာကိုယ် စဉ်းစားလိုက်။ သြော် .. လောဘမီးတွေလည်း တို့ နေ့တိုင်းလောင်နေပါတယ်။ ဒေါသမီးတွေ ကလည်း နေ့တိုင်းလောင်နေတယ်။ မောဟမီးတွေကလည်း နေ့တိုင်းလောင်နေတယ်။ သောကဆိုတာ စိုးရိမ်မှုကလည်း နေ့တိုင်း လောင်နေတယ်။ ပရိဒေ၀ဆိုတဲ့ ၀မ်းထဲ မချိမဆန့်ဖြစ်ပြီး သကာလ နေတာတွေကလည်း နေ့တိုင်းလိုလို တွေ့ပြီး နေရတာ။ ဒုက္ခမီးဆိုတာ ကိုယ်ပေါ် ကာယိကဒုက္ခတွေ၊ ကိုယ်ပေါ်ထင်ရတဲ့ နေပူခံ၊ မိုးရွာခံ တင်ရတွယ်ရ၊ ကာယိကဒုက္ခမီး၊ စေတသိက ဒုက္ခမီး စိတ်ထဲကတော့ မကျေမနပ်တွေ ဖြစ်တဲ့ဟာတွေ အများကြီးပါရတယ်။
မီး(၁၁)မီးငြိမ်းအောင်လို့လှူပါတယ်
သောကပရိဒေ၀မီး၊ ဒုက္ခဒေါမနဿမီး၊ ဥပယာသမီး၊ ဇာတိမီး ဆိုတာလည်း လောင်လျက်၊ ဇရာမီးဆိုတာလည်း ဒီရေစက်ချမှာ လောင်လျက်၊ ဗျာဓိမီး၊မရဏမီးတွေကလည်း လောင်လျက် ဖြစ်ပြီး သကာလ နေသောကြောင့် သြော်… တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် (၁၁)မီး လောင်တဲ့အထဲမှာ ဆရာသမားတွေ ကယ်တင်ရမှာ ပါလား။ (၁၁)မီးတွေကို ငြိမ်းအောင်လို့ တို့ အလှူ, လှူမှာပါလားလို့ နှလုံးသွင်းလိုက်။ (၁၁)မီး ငြိမ်းချင်လို့ (၁၁)မီး အလောင်ဓါတ်ကို ငြိမ်းသတ်ချင်လို့ (၁၁)မီး အလောင်ဓာတ်တွေကို အမြစ် ဖြတ်ချင်လို့ လှူတဲ့ အလှူလို့ အောက်မေ့ကြရမယ်။
(၁၁)မီး ဇာတ်သိမ်းချင်လို့ လှူတဲ့အလှူ
ဘာအလှူပါလိမ့်ကွာ … (ဆယ့်တစ်မီးငြိမ်းချင်လို့)။ ဆယ့်တစ်မီးလောင်စာတွေကို ငြိမ်းသတ်ချင်လို့ လှူတဲ့ အလှူ၊ ဆယ့်တစ်မီး ဇာတ်သိမ်းချင်လို့ လှူတဲ့အလှူ သေသေချာချာ ဆုံးဖြတ်ခ်ျချပါ။ ဒါကြောင့် သံသာရဘယံ - ချားရဟတ် ပမာ ချာချာပတ်၍ တဖြစ်တည်း ဖြစ်၍နေသော သံသရာ ဘေးကြီးကို သြော် .. သံသရာ ဘေးကြီးကလည်း ကြောက်စရာ ကောင်းလိုက်တာ … (မှန်ပါ့)။
သံသရာဘေးသင့်နေတယ်
ဆယ့်တစ်မီးလောင်နေတဲ့ ခန္ဓာကြီးဟာ သံသရာဘေးသင့်နေသေးတယ်ဆိုတာလည်း ဆုံးဖြတ်ချက်ချပါ။ သံသရာဘေးက ဘာတုံးဆိုတော့ အခု ပဋိသန္ဓေနေတာသည် တော်ကြာ ပဋိသန္ဓေ နေပြီးအိုလာသည်။ တော်ကြာ နာလာသည်၊ တော်ကြာ သေလာသည်။ တော်ကြာ သေတာက တော်ကြာ ၀ဋ်မကျွတ်သေးရင် ပဋိသန္ဓေ ပြန်မနေရဘူးလား … (နေရပါတယ်)။ ပဋိသန္ဓေ ပြန်နေရပြန်တော့ အိုနာသေက မလာဘူးလား … (လာပါတယ်)။ သေပြီး,ပြီးတော့ ဘယ်ဆက်သွားသလဲ။ ပဋိသန္ဓေ ဆက်ပြီးတော့၊ သြော် .. သံသရာကြီးဟာ ဒီလို လည်နေတာပါလား။ အဝိုင်းကြီး လည်နေတာပါလားလို့ မှတ်ရမယ်။ အဲဒါကြောင့် သံသရာရထား ချားရဟတ်ပမာ ချာချာပတ်၍ တဖြစ်တည်း ဖြစ်၍နေတဲ့ သံသရာ ဘေးကြီးကို အတိဘီတာ - အလွန်တရာ ကြောက်ကြပါကုန်သည် ဖြစ်၍ မင်းတို့ အခုအချိန် ကြောက်ပစ်လိုက်ပါတဲ့။
သံသရာဘေးမသင့်ပါစေနဲ့တော့
ဒီဘေးကြီးသင့်နေတာဖြင့် နောက်ကို မသင့်ပါရစေနဲ့တော့။ ဒီအလှူဒါနနဲ့ ဒီဝိပဿနာကပဲ ဒီသံသရာ စက်ရဟတ်ကြီးကို ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ်နဲ့ပဲ ငါတို့သည် ဖြတ်ပါတော့မယ်။ ဒီဟာကြီးကို ကြောက်စရာ ကောင်းလွန်းလို့ ကြောက်တဲ့ စိတ်ကလေး ပေါ်လာရမယ်နော်။ သံသရာကြီး လည်နေတာကွာ၊ သေလိုက်၊ ပဋိသန္ဓေနေလိုက်၊ အိုလိုက်၊ နာလိုက်၊ သေလိုက်၊ ပဋိသန္ဓေ နေလိုက်ဆိုတော့ ဒီအ၀ိုင်းကြီး လှည့်နေတာပါလား။ အဲဒီ့ အ၀ိုင်းကြီးပေါ်၌ မလှည့်ချင်လို့ လှူတဲ့ အလှူပေါ့ဗျာ။ ရိပ်မိကြပလား … (ရိပ်မိပါပြီ)။
အ၀ိုင်းမပြေးချင်လို့ လှူတဲ့အလှူ
အ၀ိုင်းပြေး မပြေးချင်လို့ လှူတဲ့အလှူကြီး။ အ၀ိုင်းကြီး ကြောက်လွန်းလို့ နောက်ဘ၀ မပြေးချင်လို့ လှူတဲ့ အလှူကြီး။ ရိပ်မိကြ ပလား … (ရိပ်မိပါပြီ)။ ဆယ့်တစ်မီး သိမ်းချင်လို့ လှူတဲ့အလှူကွ။ သံသရာ အ၀ိုင်းကြီးမှာ မပြေးချင်လို့ လှူတဲ့အလှူကွ။ သဘောကျပြီလား … (ကျပါပြီ)။ မှတ်ထားကြပါ။ သံသရဘယံ - သံသရာတရား ချားရဟတ်ပေါ်မှာ ချာချာလည် ပတ်၍ တဖြစ်တည်း ဖြစ်၍နေတဲ့ သံသရာဘေးကြီးကို။ အတိဘီတာ - ကြောက်ကြပါကုန်သည်ဖြစ်၍ ဆယ့်တစ်မီး လောင်တာလည်း ကြောက်လှပါသည် ဘုရား။ ဒါကြီး လွတ်လိုလို့ လှူပါသည်ဘုရား။
မောလွန်းလို့ မပြေးပါရစေနဲ့
သံသရာ အ၀ိုင်းကြီးမှလည်း မောလွန်းလို့ မပြေးပါရစေနဲ့တော့။ ဒီသံသရာ အ၀ိုင်းပြေးမှ ပြတ်ချင်လွန်းလို့ လှူတဲ့ အလှူ ပါဘုရားလို့ အခု နှလုံးသွင်းလိုက်။ သံသရာဘေး ဆယ့်တစ်မီးလောင်တာ၌ ငြိမ်းသတ်ချင်လို့ လှူပါတယ် ဘုရား။ သံသရာ အ၀ိုင်းပြေးမှလည်း ကျွတ်လွတ်ချင်လို့ အပြေးဇာတ်သတ်ချင်လို့၊ အပြေးဇာတ် ရပ်ချင် သတ်ချင်လို့ လှူတဲ့ အလှူ ပါဘုရား အဲဒီလို နှလုံးသွင်းကြ။ အဲဒီတော့ သံသာရဘယံ သံသရာအ၀ိုင်း ချားရဟတ်ပေါ်မှာ ချာချာပတ်၍ နေသော သံသရာ ဘေးကြီးကို တပည့်တော်တို့။ အတိဘီတာ အလွန်တရာ ကြောက်ကြပါ ကုန်သည် ဖြစ်၍။ တတော - အလုံးစုံ သံသရာ ၀ဲဂယက်မှ။ မုတ္တာ - ကင်းလွတ်ရ ကုန်သည်ဖြစ်၍။ နိဗ္ဗာနံ - ဆယ့်တစ်မီးတို့၏ ငြိမ်းရာ သံသရာ အ၀ိုင်းကြီးမှ ဇာတ်သိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာ မြတ်ကြီးကို။
အ၀ိုင်းပြေးမှ စခန်းသတ်ရာ နိဗ္ဗာန်
နိဗ္ဗာန်ဆိုတာက ဘာပါလိမ့်မလဲ ဆိုတော့ ဆယ့်တစ်မီး ငြိမ်း၍ သိမ်းတာနိဗ္ဗာန် အ၀ိုင်းပြေးမှ စခန်းသတ်ရာ နိဗ္ဗာန်။ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မလဲဆိုရင် ဆယ့်တစ်မီးငြိမ်းရာ နိဗ္ဗာန်၊ သံသရာ အ၀ိုင်းပြေးမှု ကြီးမှ မပြေးရဘဲနဲ့ ကျွတ်လွတ် သွားတာသည် နိဗ္ဗာန်။ သံသရာ အ၀ိုင်းပြေး ဆိုတာသည် နေ့စဉ်ပဲ အိုလိုက်, နာလိုက်, သေလိုက် ဆက်ပြီး ပဋိသန္ဓေ နေပြီးသား အိုနာသေမှုက လာပြန်။ အိုနာသေလာတော့ နောက် ပဋိသန္ဓေက ဆက်လာပြန်တော့ ထွက်ပေါက် မရှိအောင်ဘဲ အ၀ိုင်းနဲ့ ပြေးနေရတဲ့ အဖြစ်ကြီးမှလည်း တပည့်တော်တို့ ကျွတ်လို လွတ်လိုလို့ ဒီသံဃာတွေကို ဒီဆွမ်းတွေ ဒီထိုက်တန်တဲ့ ၀တ္ထုတွေ လှူခြင်း ဖြစ်ပါသည်။
ကြောက်လွန်းလို့ လှူတဲ့အလှူ
ဒါကြီး ဆယ့်တစ်မီး ငြိမ်းချင်တာကလည်း ဧကန်ပါဘုရား။ အ၀ိုင်းပြေးမှလည်း မုချ၊ လွတ်ချင်၊ ကျွတ်ချင် တာလည်း ဧကန် ပါပဲ ဘုရား။ ဒီနှစ်ခု ကြောက်လွန်းလို့ ရွံ့ လွန်းလို့၊ မုန်းလွန်းလို့ တပည့်တော်တို့ လှူတဲ့ အလှူပါဘုရားလို့ အလှူရှင်တွေ စိတ်ပြောင်းလိုက်ပါ။ နိဗ္ဗာနံ - ဆယ့်တစ်မီးတို့၏ ငြိမ်းရာကို ရည်စူး၍ ပြရာဖြစ်သော နိဗ္ဗာန်ချမ်းသာ မြတ်ကြီးကို။ သစ္ဆိကရဏတ္တာယ - မကြာမတင် စောလျင်ကူးမြောက် မျက်မှောက်ပြုပါရခြင်း အကျိုးငှာ တပည့်တော်တို့။
မြန်မြန်နိဗ္ဗာန်ရောက်ချင်ပါတယ်
မြန်မြန် နိဗ္ဗာန်ရောက်ချင်ပါတယ်ဘုရား။ ဒီ ဆယ့်တစ်မီးလည်း မြန်မြန်သိမ်း၊ အ၀ိုင်းပြေးလည်း မြန်မြန်ရပ်၊ အဲဒါကိုသာ အဓိက ထားပါတယ် ဘုရားဆိုတော့ သြော် … ဆယ့်တစ်မီးငြိမ်းရာနိဗ္ဗာန်။ အ၀ိုင်းပြေးမှ ကျွတ်ရာသည် နိဗ္ဗာန်။ အင်း .. ဒီနိဗ္ဗာန်ကြီးကိုသာ တပည့်တော်တို့ ဘာမှ မလိုချင်ဘူးဘုရား။ ဒါပဲ လိုချင်ပါတယ်။ ၀ဋ်ကျွတ်ချင်တာရယ်၊ မီးငြိမ်းချင်တာရယ် ဒါပဲလိုချင်လို့ ဒါကိုသာ ပြင်းပြတဲ့ ဆန္ဒနဲ့ တပည့်တော်တို့ လှူခြင်း,တန်းခြင်း, ပေးခြင်း, ကမ်းခြင်း ဖြစ်ပါတယ်ဘုရား။
မီးငြိမ်းတဲ့ အလှူ၊ ၀ဋ်ပြတ်တဲ့အလှူ
ဒါကြောင့် ကိလေသာ ရန်သူအောင်ပွဲ ယူနေတာ ဒီပစ္စည်းတွေ ကိလေသာ မခင်တွယ်ဘဲနဲ့ အ၀ိဇ္ဇာ တဏှာတွေကို တိုက်ထုတ်ပြီး သကာလ လှူတဲ့ အလှူ ဖြစ်လေသောကြောင့် သြော် တို့အလှူသည် မီးငြိမ်းတဲ့ အလှူ ၀ဋ်ပြတ်မည့် အလှူ ပါလားဆိုတဲ့ ဥစ္စာ သေသေချာချာ မှတ်ရမယ်။ နိဗ္ဗာနံ - ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ ဖြစ်သော နိဗ္ဗာန်ချမ်းသာ မြတ်ကြီးကို (၀ါ) ၀ဋ်တကာတို့၏ ကျွတ်ရာဖြစ်တဲ့ နိဗ္ဗာန်မြတ်ကြီးကို။ သစ္ဆိကရဏတ္ထာယ - မကြာမတင် စောလျင် ကူးမြောက် အထောက်ရ၍ မျက်မှောက်ပြုပါ ရခြင်း အကျိုးငှာ။ ဉာဏစက္ခုနာ - ဉာဏ်ပညာစက္ခုဖြင့်။ ဂဝေသန္တော - ရှာမှီးသည် ရှိသော။ ဘိက္ခဝေ - သံသရာဘေး ဘယာတွေးဆ ရှုမျှော်လေ့ ရှိကြကုန်သော သူတော်ကောင်း အပေါင်းတို့။ ပုညံ - မင်းတို့ ပြုတဲ့ ကောင်းမှုကုသိုလ် ဟူသမျှသည်။ သုခံ - နိဗ္ဗာန်မြတ်ကြီးကို။ ဧကန် ရောက်မှာဆိုတာကို သေသေချာချာ ယုံကြည်လိုက်ပါ။
အလှူက သာမည အလှူမဟုတ်
အဘယ့်ကြောင့် ဆရာသမားတွေ ယုံကြည်မှုကို တိုက်တွန်းရပါသတုံးလို့ မေးခွန်းထုတ် ခဲ့သည်ရှိသော် ဒီဒကာ ဒကာမတွေ လှူတာက သာမည အလှူမှ မဟုတ်ဘဲ ရာဂ, ဒေါသ, မောဟ ကင်းချင်လို့ လှူတဲ့အလှူ။ ရာဂ၊ ဒေါသ၊ မောဟ ငြိမ်းတဲ့ ပုဂ္ဂိုလ်ကို လှူတဲ့ အလှူ၊ ငြိမ်းအောင်ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေကို လှူတဲ့ အလှူ ဖြစ်လေသောကြောင့် မုချတို့သည် ဒုက္ခပြတ်ရာ ဆယ့်တစ်မီးသိမ်း၍ ငြိမ်းလိမ့်မည် ဆိုတာ သေသေချာချာ ယုံကြည်တဲ့ ကမ္မဿကတဉာဏ်နဲ့ အလှူ ၀ိပဿနာဉာဏ်နဲ့ လှူတဲ့ အလှူ ဖြစ်လေသောကြောင့် မငြိမ်း မရှိပါဘူးဆိုတာ ဆုံးဖြတ်ချက်ချပါ။ သစ္ဆိကရဏတ္ထာယ - မကြာမတင် ဆောလျင် ကူးမြောက် မျက်မှောက်ပြုပါ ရခြင်း အကျိုးငှာ။ ဉာဏစက္ခုနာ - ဉာဏ်ပညာစက္ခုဖြင့်။ ဂဝေသန္တော - ရှာမှီးကြ ကုန်သည် ရှိသော်။ ဘိက္ခဝေ - သံသရာဘေး တွေးဆရှုမျှော်လေ့ ရှိကြကုန်သော သူတော်ကောင်း အပေါင်းတို့။ ပုံညံ - ကောင်းမှု ကုသိုလ် ဟူသမျှသည်။ သုခံ - နိဗ္ဗာန်ချမ်းသာ မြတ်ကြီးကို။ ဇနေတိ - ဖြစ်စေတတ်၏။
နိဗ္ဗာန်ချမ်းသာကို ပေးနိုင်တယ်
ဣတိ - ဤသို့။ ၀ုတ္တံ - သုံးလူ့ဆရာ စောသတ္တာသည် ကောင်းစွာဟောကြားတဲ့ စကားရပ်ကို။ မနသိကတွာ - ကောင်းစွာ နှလုံး နှစ်ခြိုက် ကြိုက်နှစ်သက်ကြပါ ကုန်သည်ဖြစ်၍၊ သြော် ..နိဗ္ဗာန်ချမ်းသာကို တကယ်ပေးစေ နိုင်တယ်လို့ ဘုရားက ဟောသောကြောင့် တကယ်ရမယ်ဆိုရင် တကယ်ယုံကြည် လိုက်စမ်းပါ။ တကယ်ယုံကြည်လိုက်စမ်းပါ … (မှန်လှပါဘုရား)။ ဣမာနိ ပိဏ္ဍပါက ခါဒနိယ ဘောဇနိယာဒီနိ - ဤဆွမ်း ခဲဘွယ်ဗောဇင် ချိုချင် အရသာ တို့ကိုလည်းကောင်း။ ဗုဒ္ဓံရူပံ - ဘုရားသခင်ကိုယ်တော်မြတ်ကြီးနဲ့ အလားတူဖြစ်တဲ့ ဘုရားရုပ်ပွားတော်ကြီးကို။ နာနာပုဂ္ဂလာနံ - တည်သော ပုဂ္ဂိုလ်တို့သည် အထူးသော ပုဂ္ဂိုလ်တို့၏။ အတ္တာယ - ရှိခိုးပူဇော် ဖူးမြော် ကန်တော့ရန် အလို့ငှာ။ တိဋ္ဌေယျာမ - တပည့်တော်တို့ တည်ဆောက် ကိုးကွယ်ပါ၏ အရှင်ဘုရား ရုပ်ပွားကြီး လှူဒါန်းပါ၏ အရှင်ဘုရား။
လယ်မြေကောင်း၌ မျိုးစေ့စိုက်ခြင်း
အထာပရံ - ထို့ပြင်မှတစ်ပါး။ ဣမာနိ ပိဏ္ဍပါတ ခါဒနိယ ဘောဇနိယာ ဒီနိ - ဤဆွမ်းခဲဖွယ်ဘောဇင် ချိုချင် အရသာတို့ကို။ သံဃဿ အာရာမိက - သံဃိက ဖြစ်တဲ့ သံဃာ ယောဂီပုဂ္ဂိုလ်တို့ကို တရားဓမ္မ အားထုတ်တဲ့ ပုဂ္ဂိုလ်အား၊ သီလရှင်အား။ ဒေမ - အရိယာနွယ်တွေ ရည်မှန်း၍ တပည့်တော်တို့က အရိယာတည်း ဟူသော လယ်မြေကောင်း၌ စေတနာတည်း ဟူသော မျိုးစေ့စိုက်ခြင်း အားဖြင့် လှူဒါန်းပါ၏ အရှင်ဘုရား။
နိဗ္ဗာန်ကူမြောက် မျက်မှောက် ပြုရပါလို၏
ဘန္တေ - အရှင်ဘုရား။ မယံ - အကျွန်ုပ်တို့သည်။ ဣပိနာဒါနပုညေန - ဤကဲ့သို့ တည်ထားကိုးကွယ်ရသော ဥဒ္ဒိဿ စေတီ ဥဒ္ဒိဿ ကိုယ်တော်ကြီးကို တည်ထား ကိုးကွယ် လှူရတဲ့ အကျိုးဆက်ကြောင့်လည်းကောင်း အကြောင်းကြောင်းကြောင့် လည်းကောင်း။ ပိဏ္ဍိပါတခါ ဒနိယဘောဇနိယ - အစရှိသည်တို့ကို လှူရ တန်းရ ပေးရ ကမ်းရတဲ့ ကုသိုလ်ကံ စေတနာ တို့ ကြောင့် လည်းကောင်း။ မယံ - တပည့်တော် တပည့်တော်မတို့သည်။ အဇာတိံ - ပဋိသန္ဓေ မနေရာ စင်စစ်ဖြစ်သော။ အဇရံ - မအိုရာ စင်စစ်ဖြစ်သော။ အမတံ - မသေရာ စင်စစ်ဖြစ်သော။ သီဝံ - ဇာတိ,ဇရာ, ဗျာဓိ, မရဏ စသည် ထောင်သောင်း ဘေးအပေါင်းတို့၏ ကောင်းကောင်းကြီးငြိမ်းရာ ဖြစ်သော နိဗ္ဗာန်မြတ်ကြီးကို။ ဣစ္ဆိတ၀ရေန - အလိုရှိအပ် တောင့်တအပ် သော ဆုမြတ်အပေါင်းဖြင့် (၀ါ) ဆုမြတ်အပေါင်းနှင့်။ သစ္ဆိကရေယျာမ - မငြိုမငြင် စောလျင် ကူးမြောက် မျက်မှောက် ပြုရ ပါလို၏ အရှင်ဘုရား။
နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏
ဒီတရားကို ဝေရတဲ့အတွက် လှူဒါန်းပေးကမ်း ရတဲ့အတွက် တပည့်တော်တို့၏ ရာဂ၊ ဒေါသ၊ မောဟ ငြိမ်းအောင် ကျင့်နေတဲ့ မဂ်ဉာဏ်သည် စင်စစ် နိဗ္ဗာန်ကို မျက်မှောက်ပြုရ ပါလို၏ အရှင်ဘုရား။ ဘန္တေ - အရှင်ဘုရား။ ဣမဿ - ဤကောင်းမှု ကံ၏။ ဘာဂံ - အဖို့ကို။ ဂုဏ၀ိသ၀ဋ္ဌ တရာနံ - ဂုဏ်ကျေးဇူးအားဖြင့် အထူးကြီးမား လှပေကုန်သော။ မာတာပီတုနဉ္စ - မိခင် ဖခင်တို့အား လည်းကောင်း။ အာစရိယနဉ္စ - ဆရာသမားတို့အား လည်းကောင်း။ ဣမာသဉ္စ ပရိသာနံ - ယခုအစည်းအဝေး သို့ ရောက်လာကြ ကုန်သော ပရိတ်သတ်တို့အား လည်းကောင်း။ အ၀သေသာနံ - ကြွင်းကျန်ကြ ကုန်သော။ ဧကတိံသဘဝေ - သုံးဆယ့်တစ်ဘုံ၌။ စရန္တာနံ - ကျင်လည်ပြေးသွား၍ နေကြ ကုန်သော။ သဗ္ဗသတ္တာနဉ္စ - အလုံးစုံသော သတ္တ၀ါ အပေါင်းတို့အား လည်းကောင်း။ ဘာဇေယျာမ - ရေစက်သွန်းချ အမျှ ပေးဝေပါကုန်၏။
အညီအမျှ ရကြသည် ဖြစ်ပါစေ
တေသတ္တာ - ထိုသတ္တ၀ါ အပေါင်းတို့သည်။ အမှေဟိ - အကျွန်ုပ်တို့နှင့်။ သမံ - ထပ်တူထပ်မျှ။ ပုညဘာဂံ - ကုသိုလ်အစု ကောင်းမှု အဖို့ကို။ အဘိတွာ - အညီအမျှ ရကြသည် ဖြစ်၍။ သုခိတာ - ကိုယ်စိတ်နှစ်ဖြာ ချမ်းချမ်းသာသာ ရှိကြကုန်သည်။ မုဒိတာ - ပီတိ မောက်လွှမ်း၍ ၀မ်းမြောက်သော စိတ် ရှိကြကုန်သည်။ ဘ၀န္တု - ဖြစ်ကြပါစေကုန်သတည်း။ ကဲ.. အမျှဝေ။
အမျှ … အမျှ … အမျှ … ယူတော်မူကြပါ ခင်ဗျား ..။
သာဓု … သာဓု … သာဓု …။