မိုးကုတ်ဆရာတော်ဘုရား အပေါ် မင်းကွန်းတိပိဋက ဆရာတော်မှတ်ချက်
၁။ ကောဇာသက္ကရာဇ် ၁၃၃၇ခု တပေါင်းလပြည့်ကျော် (၁) ရက် (၁၉၆၇ခု မတ်လ) ညတွင် ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဖန်ယဉ် ဓမ္မာရုံကြီး၌ နိုင်ငံတော် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် ကျေးဇူးရှင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော် ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ ဟောကြားတော် မူခဲ့သော တရားတော်မှ ဖြစ်သည်။
မန္တလေးမှာ ဘုန်းကြီးများနဲ့ ရင်းနှီးတဲ့ ဒကာ တစ်ယောက်နဲ့ စကားပြော ကြတဲ့အခါကျတော့ .. ဆရာတော်တဲ့၊ တပည့်တော် တရားပွဲ စုံစုံ ရောက်ဖူးတယ်တဲ့။ ပြောစမ်းပါဗျာ ဘယ်တရားပွဲတွေလဲ?။ ဟာ ဆရာကြီးဦးလှသိန်း တရားပွဲကိုလည်း ရောက်တယ်။ ဘာတွေတွေ့သတုံးဗျာ .? ဟာ .. ပရိတ်သတ်ကတော့ ပြလေးပြလောက် ပရိတ်သတ်ကို တွေ့တယ်။ ပြီးတော့ကောဗျာ ?
ပြီးတော့ ၀ိဇ္ဇောဒယဆရာတော်တို့၊ အနီးစခန်း ဆရာတော်တို့ တရားပွဲတွေ တပည့်တော် ရောက်တယ်။ အဲ့ဒီကျတော့ တစ် မဏ္ဍပ်လုံးပဲ။ မဏ္ဍပ်လျှံရုံပဲ ရှိတယ်။ ပြီးတော့ကောဗျာ..? အဲဒီတုန်းကတော့ မိုးကုတ်ဆရာတော်က မန္တလေးမှာ စခါစ ရှိသေးတယ်။ မိုးကုတ်ဆရာတော်ရဲ့  တရားပွဲကို အောင်တော်မူမှာ တပည့်တော်သွားပြီး တရားနာတယ် ဘုရားတဲ့။ (၁၅) ယောက်၊ အယောက် (၂၀) လောက်ပဲရှိတယ်။ ပြီးတော့ကော ကိုခင်မောင်လို့ ဆိုတော့။ တပည့်တော် အဲဒီလောက်ပဲ ရောက်ဖူးတယ်တဲ့။ ပြီးပြီလား…? ပြီးပါပြီဘုရားတဲ့။ အေးကောင်းပြီ။ ဆရာကြီး ဦးလှသိန်းက တရားဟော လိုက်တယ်ဆိုရင် ပရိတ်သတ်ရဲ့  အကဲကို တယ်ပြီးသိတာကိုး။ ဒီပရိတ်သတ် ခြောက်သွေ့နေတယ်ဆိုရင် ဒီကနေပြီးတော့ ဓမ္မလေးချိုးကြီးများ ရွတ်ပြီးတော့ ပေးလိုက်တဲ့အခါ ကျတော့၊ ဟို .. ရုပ်ရှင်သွားမယ့် လူတွေရော၊ အငြိမ့်ပွဲ၊ ဇာတ်ပွဲ သွားမယ့် လူတွေရော၊ သူတို့ နားထောင်ချင်တာ။ ဒီမှာ ရှိတယ် ထင်ပြီးတော့။ အဲဒီ့ (၄)ပြပေါက်လောက် ရှိလာတာပဲဗျ။
တရားပွဲ ပြီးသွားတဲ့ အခါကျတော့ ရုပ်ရှင် သွားမယ့် လူတွေကလည်း နောက်ရုပ်ရှင် သွားမြဲသွားတယ်။ ဇာတ်ပွဲ၊ အငြိမ့်ပွဲကိုလည်း သွားမြဲသွားတယ်။ တရားနာရ ကောင်းစေလို့ သိလာတဲ့လူ။ မဏ္ဍပ်တစ်လုံးစာကတော့ ၀ိဇ္ဇာဒယ ဆရာတော်တို့၊ အနီးစခမ်းဆရာတော်တို့၊ ဘုန်းကြီးတို့ တရားပွဲတွေမှာ နာတာပေါ့။ အဲဒီတရားပွဲမှာလည်း ဘုန်းကြီးတွေက အလှူဆို အလှူပွဲနဲ့ တန်အောင်၊ ဥပုသ်ဆို ဥပုသ်တရားနဲ့ တန်အောင် သင့်လျော်အောင် တရားတွေ ရွေးပေးပြီးတော့ အမျိုးမျိုး ဟောရတယ်။ တရားနာတဲ့ ပရိတ်သတ်က ဟာ..တို့တော့ တရားအားထုတ်မှ ဖြစ်မယ်။ ဒီတော့ တရား သက်သက် အားထုတ်ချင်တယ် ဆိုတော့ ထိုထို ကမ္မဋ္ဌာန်းဌာနတွေ၊ ရိပ်သာတွေမှာ သွားပြီး တရားအားထုတ်ကြလို့ မဏ္ဍပ်ကြီး တစ်လုံး ထဲက ဆန်ခါတင် လူတစ်ရာလောက်ပေါ့ဗျာ အဲဒီလို ရိပ်သာသွားကြတယ်။
တစ်ခါ ရိပ်သာ ကျပြန်တော့လည်းပဲ ကျင့်စဉ်အတိုင်း ကျင့်လို့ ပြီးပြီ ဆိုတော့ ဈေးရောင်းတဲ့ ပုဂ္ဂိုလ်ကလည်း ဈေးပြန် ပြီးရောင်း၊ ပုတီးလေးနဲ့ပေါ့။ သို့သော် တစ်ချို့ကတော့ ဈေးကို မရောင်းချင်တော့ဘူး။ တစ်ခါတည်း ဆက်ပြီးတော့ တရားနဲ့ပဲ နှလုံးသွင်းချင်တဲ့ ပုဂ္ဂိုလ်က ဘယ်သွားပြန်သတုံးဆိုတော့ ဆရာတော်ဦးဝိမလ ဆီသွားတာပေါ့။ သို့သော် ကိုခင်မောင်ကို ဘုန်းကြီး ပြောချင်တယ်ဆိုတော့ ..ဘယ်လိုတုံးဘုရားတဲ့။ အေး.. စာပေ ပရိယတ္တိနဲ့ နေကြတဲ့ မိုးကုတ်ဆရာတော် ဦးဝိမလ တို့ နှလုံးသွင်းပုံဟာ အဲဒီ ပရိတ်သတ်ကို ဟောတဲ့ တရား အထက်နားမှာ တစ်ထွာလောက်၌ ရှိတယ်လို့ မှတ်ပြီး ထားစေ ချင်တယ်။ ဆရာတော် ဘာပြောတာလဲ ဘုရား? ဟ.. စာပေနဲ့ နေတဲ့ပုဂ္ဂိုလ်များက တရားနှလုံးသွင်းတယ်ဆို တာဟာ အခု ပြော သလိုပဲ ကမ္မဋ္ဌာန်း စီးဖြန်းတော့.. စက္ခုံအနိစ္စံ၊ ဒုက္ခအနတ္တံ၊ နေတံမမ၊ နေသောဟသ္မိ၊ နမေသော အတ္တာ၊ သောတံကာယံ၊ ဇိဝှံကာယော မနေအနိစ္စော ဒုက္ခော၊ အနတ္တာ နေတံမမ နေသောဟသ္မိ၊ နမေသော အတ္တာ (မိုးကုတ် ဆရာတော် ဦးဝိမလက) ပါဠိကို သိသကိုးဗျ..။ ဒီလိုသိတော့ သူက ပါဠိရွတ်လို့လည်းပဲ၊ သဘာ၀၀ိယုတ္တိ ဆိုတာ အရသာတစ်မျိုး ရှိတယ်။ ဓမ္မပီတိလည်း ဖြစ်တယ်။ ဒီဓမ္မရသ၊ အတ္တရသ ပါဠိက ပိုပြီး အရသာပေါ်တယ်။ အဲဒါကြောင့် စာချတဲ့ ဆရာတော်တွေ နှလုံးသွင်းတာက ဆရာတော် ဦးဝိမလက လူတွေကို နှလုံးသွင်းခိုင်းတာရဲ့  အထက်နား တစ်ထွာ လောက်မှာရှိတယ်၊ မိုးကုတ်ဆရာတော်က။
၂။ ကောဇာသက္ကရာဇ် ၁၃၃၉ ခု နယုန်လပြည့်ကျော် (၁၃)ရက် (၁၃.၆.၁၉၇၇) တနင်္လာနေ့ ည(၇)နာရီတွင် ကြို့ပင်ကောက် မြို့ မဟာလောကသိရီဘုရားကြီး သံတန်ဆောင်းကြီး အတွင်း၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ချုပ် ကျေးဇူးရှင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော် ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ ဟောကြားတော် မူခဲ့သော တရားမှ ဖြစ်ပါတယ်။
တရားနာ ပရိတ်သတ်က အကြိုက် ငါးမျိုး ရှိကြတယ်။ ဘယ်သူတွေလဲ ဆိုတော့
(၁)။ သဒ္ဒပသန္န ဆိုတာ အသံကောင်းတာ ကိုမှ ကြည်ညိုတာ။ အသံနေ အသံထား ကြည်ညိုတဲ့ ပရိသတ်ပေါ့။ နိဗ္ဗာန် မဂ်ဖိုလ်တော့ မရနိုင်ပါဘူး။
(၂)။ ရူပပသန္န ဆိုတာ ရုပ်ရေအဆင်းကို ကြည်ညိုတာ။ ဓမ္မကထိက ကိုယ်တော်ရဲ့  ရုပ်ဆင်းအင်္ဂါ ဥပဓိရှိတာကို ကြည်ညို တဲ့ ပရိတ်သတ်။ သူလည်း မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါဘူး။
(၃)။ ဂုဏာပသန္နဆိုတာ ဂုဏ်ရှိတဲ့ ဓမ္မကထိကကိုမှ ကြည်ညိုတာ။ ဘုန်းကြီးကိုပဲ ဆိုကြပါစို့။ ဒီဘုန်းကြီးက တိပိဋကဓရတဲ့။ အင်မတန် ဂုဏ်ရှိတယ်ဆိုပြီး ကြည်ညိုတဲ့ ပရိတ်သတ်။ ဒီပရိတ်သတ်လည်း မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါဘူး။
(၄)။ လူခပသန္နဆိုတာ ခြိုးခြိုးခြံခြံ အကျင့်ရှိသူကိုမှ ရွေးပြီး ကြည်ညိုတာ။ ဒီပရိတ်သတ်မျိုးလည်း မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါဘူး။
(၅)။ ဓမ္မပသန္နဆိုတာ တရားဓမ္မသက်သက်ကို ကြည်ညိုတာ။ အဲ့ဒါမျိုးကျတော့ အသံကိုလည်း ပဓာနမထား။ ရုပ်အဆင်းကို လည်း မကြည့်၊ ဂုဏ်ကိုလည်း မငဲ့၊ ခေါင်းခေါင်းပါးပါး အကျင့်ကိုလည်း ဂရုမစိုက် ဓမ္မသက်သက် ကိုသာ ကြည့်တဲ့ ပရိတ်သတ်မျိုး။ အဲဒီ ပရိတ်သတ်မျိုးသာလျှင် ဒီဘ၀မှာ တရားထူး ရနိုင်တယ်တဲ့။ အဲဒီ ဓမ္မပသန္န ပရိတ်သတ် ဆိုတာက တော့ ဦးရေ နည်းပါလှပါတယ်။ အခုခေတ် ဥပမာ ပြရမယ်ဆိုရင် မိုးကုတ် တရားနာတဲ့ ပရိတ်သတ်တို့ကိုပဲ ပြရမှာပဲ။ အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ အဲဒီဆရာတော်ကြီး ဟောပြတဲ့ ဓမ္မတို့ ကတော့ အလွန် အင်မတန်မှ ပီသလှ ပါပေတယ်။ တစ်ထိုင်တည်းနဲ့ နိဗ္ဗာန်အရောက် ဦးတည် ပို့ပေးနိုင်တဲ့ တရားတော်များ ဖြစ်ပါတယ်။ အဲဒီ တရားတော် များကို ကြည်ညိုတဲ့ ပရိတ်သတ် မျိုးမှပဲ ဓမ္မပသန္န ပရိတ်သတ်မျိုးလို့ ချီးကျူး ရမှာပဲ။ ပြီးတော့ မိုးကုတ် ဆရာတော် ဘုရားကြီး ဦးဝိမလ ဟောတဲ့ တရားတော်များကလည်း ဘုန်းကြီးတို့ရဲ့  ခေါင်းပေါ်ကနေ နှစ်တောင်လောက် ကျော်ပြီးသွားတဲ့ တရားများ။
ဘာကြောင့်လဲ ဆိုတော့ ဘုန်းကြီးတို့ အခု ပိဋကတ်သုံးပုံကို ဆောင်နိုင်နေတယ်။ သိနေတယ် ဆိုတာက ဘယ်စာမျက်နှာမှာ ဘယ်အကြောင်းအရာတွေ ပါတယ်ဆိုတာ မှတ်ထားတာ သညာနဲ့မှတ်တာပေါ့။ မိုးကုတ်ဆရာတော်ကြီးကတော့ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုဖြစ်နေတယ် ဆိုတာကို ပညာဉာဏ်နဲ့ ထိုးဖောက်ပြီး သိတာ ပညာသိ သိတာ။
၃။ ၁၉၈၂ ခုနှစ်ခန့်က မြစ်ဝကျွန်းပေါ် ဟင်္သာတမြို့၌ ကျွန်တော် တာဝန်ကျစဉ် ဆန်စက်ပိုင်ရှင်တစ်ဦးသည် မင်းကွန်းတိပိဋက ဆရာတော် ဘုရားကြီး ကြွရောက်လာသောအခါ ဆရာတော်အား မေးခွန်းတစ်ပုဒ် မေးမြန်း လျှောက်ထား ခဲ့သည်။
အမေး။ ။ အရှင်ဘုရား မိုးကုတ်ဆရာတော်ကြီး မြန်မာလို ဟောကြားထားသော တရားတော်များသည် မြတ်စွာဘုရား ဟောကြားထားသော တရားတော်စစ်စစ် ဟုတ်ပါရဲ့ လားဘုရား။
အဖြေ။ ။(မင်းကွန်းဆရာတော် ဘုရားကြီး ဖြေကြားတော် မူသည်မှာ) ဒကာကြီး မိုးကုတ် ဆရာတော် ဦးဝိမလ ဟောကြား ထားသော တရားတော်များထဲမှ ဒကာကြီး သံသယရှိတဲ့ မမှန်ကန်ဘူးလို့ ထင်တဲ့ တရားတော်ကို ရွတ်ပြပါ။ ဘုန်းကြီးက ဘုရားဟော တရားတော် ပါဠိတော် စစ်စစ်ဖြစ်ကြောင် ကျမ်းဂန် အကိုးအကား ထုတ်ပြပါ့မယ်။
ဟု ဖြေကြားတော်မူခဲ့သည်။
၎။ မိုးကုတ်ဆရာတော်ဘုရား၏ ဆုံးမစကား
မိုးကုတ်မြို့တွင် မိုးကုတ်ဆရာတော်ဘုရား သီတင်းသုံးနေစဉ် မန္တလေးမြို့ ရဟန်းပျိုများ အဖွဲ့မှ သံဃာတော်အချို့ မိုးကုတ်မြို့သို့ ကြွလာပြီး ကန့်ကွက်ဆန္ဒပြကြပါသည်။ ထိုအခါ မိုးကုတ်မြို့သူ မြို့သားများက မခံမရပ်နိုင် ဖြစ်ကြသဖြင့် မိုးကုတ် ၀ိပဿနာအဖွဲ့ ဥက္ကဋ္ဌကြီးဦးမြင့်၊ နာယကကျောင်းအမကြီး ဒေါ်သန်းသန်းတို့က ဆရာတော်ထံ လျှောက်ထားရာ ဆရာတော် ဘုရားက ဒီကိစ္စ မင်းတို့လုပ်တာလား၊ သူတို့ လုပ်တာလား ဟု မေးရာ၊ သူတို့ လုပ်တာပါဘုရား ဟု ဖြေကြားပါသည်။
ထိုအခါ ဆရာတော်ဘုရားက မင်းတို့ဟာ သူများရဲ့ကုသိုလ် ကိုတော့ ကိုယ့်ကုသိုလ်ဖြစ်အောင် မယူတတ်ဘူး။ သူများရဲ့ အကုသိုလ်ကိုတော့ ကိုယ့်အကုသိုလ်ဖြစ်အောင် ယူတတ်တယ်။ မင်းတို့ဟာ မင်းတို့ နေတတ်အောင် နေပါ။ မင်းတို့နဲ့ မဆိုင်ဘူး။ ကိုယ့်အကုသိုလ် မဖြစ်စေနဲ့ဟု ဆုံးမစကား မိန့်ကြားတော်မူခဲ့ပါသည်။
သူတော်ကောင်း ရတနာ ခုနစ်ပါးပြည့်ဝကြပါစေ
၁၂-၁၂-၂၀၀၄